သေမင်းတမန်ရထားလမ်း ဖောက်လုပ်မှုတွင် သေဆုံးခဲ့သူများအတွက် ဂုဏ်ပြု

ပို့စ်တင်ချိန် - 4/25/2014 04:57:00 PM


ဒုတိယကမ္ဘာစစ်အတွင်း သေမင်းတမန်ရထားလမ်း ဖောက်လုပ်မှုမှာ ပါဝင်ခဲ့ပြီး သေဆုံးခဲ့ ကြရတဲ့ သြစတြေးလျစစ်မှုထမ်းတွေအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ထိုင်းနိုင်ငံအနောက်ပိုင်း သေမင်းတမန်ရထားလမ်း ဖောက်လုပ်ခဲ့တဲ့ ကန်ချနပူရီခရိုင်မှာ ဧပြီ ၂၅ ရက် ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ကြပါတယ်။

ဧပြီလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ သြစတြေးလျ၊နဲ့ နယူးဇီလန် စစ်မှုထမ်းများ ဂုဏ်ပြုပွဲနေ့မှာ အခုလို အောက်မေ့ဖွယ် အခမ်းအနားကို ဂုဏ်ပြုကျင်းပတာ ဖြစ်ပြီး သြစတြေးလျ လက်ထောက်သံတမန် ဂျိုနသန် ကင်နာ (Jonathan Kenna)လည်း တက်ရောက်ခဲ့ပါတယ်။

သေမင်းတမန်ရထားလမ်းဖောက်လုပ်မှုမှာ စစ်သုံ့ပန်းတဦးအဖြစ် ပါဝင်ခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် ဟာရယ်မာတင်လည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဒီနေ့ကို ရောက်ရင် ဒီနေရာမှာ ဖြတ်သန်းခဲ့ရတာတွေကို ပြန်သတိရတယ်လို့ ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်က ရထားလမ်းဖောက်လုပ်မှုမှာ ပါဝင်ခဲ့သူ နောက်တဦးဖြစ်တဲ့ အသက် ၉၄ နှစ်အရွယ် မာလ်တင် ဖယ်လ်ကလောက်ကလည်း ဒီအခမ်းအနား ကျင်းပနေချိန်မှာ မျက်လုံးနှစ်ဖက်ကို ပိတ်လိုက်တာနဲ့ အတိတ်က ပုံရိပ်တွေကို ပြန်မြင်ယောင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို ဆက်သွယ်တဲ့ရထားလမ်းကို ၀င်ရိုးတန်းအဖွဲ့ဝင် ဖြစ်တဲ့ ဂျပန်တို့က ဖောက်လုပ်ခဲ့ကြတာမှာ နှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ ဒီဒေသမှာ ကျောက်တောင်ခံနေတာကြောင့် အခက်အခဲဆုံး ဖောက်လုပ်ခဲ့ရပါတယ်။

ဂျပန်တွေဟာ မဟာမိတ်စစ်သုံ့ပန်းတွေနဲ့ အာရှနိုင်ငံတွေက ချွေးတပ်သား အများအပြားကို ခေါ်ယူပြီး အခက်ခဲဆုံးအပိုင်း ဖောက်လုပ်မှုမှာ အဓမ္မ စေခိုင်းခဲ့ပါတယ်။

မဟာမိတ် စစ်သုံ့ပန်းတွေနဲ့ ချွေးတပ်သား အများအပြားဟာ ပင်ပန်းမှုဒဏ်၊ ငတ်ပြတ်မှုဒဏ်၊ ၀မ်းလျှောဝမ်းကိုက်ရောဂါတွေနဲ့ သေဆုံးခဲ့ကြရပြီး ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ အနည်းစုပဲ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။

DVB Burmese