အင်ဒိုနီးရှားတွင် လေယာဉ်ပြန်ပေးဆွဲခံရကြောင်း သတိပေးမှု ထွက်ပေါ်

ပို့စ်တင်ချိန် - 4/25/2014 08:53:00 PM


ဧပြီ ၂၅။

သြစတြေးလျမှ အင်ဒိုနီးရှားသို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်တွင် ပြန်ပေးဆွဲရန် ခြောက်လှန့်မှု ပြုလုပ်ခဲ့သည့် ခရီးသည်တစ်ဦးအား
ဘာလီလေဆိပ်တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများမှ ပြောဆိုခဲ့သည်။

အဆိုပါ ခရီးသည်အား ရန်လိုတိုက်ခိုက်ရန် ပြုမူမှုများကြောင့် ဘိုးအင်း ၇၃၇ မှ အမှုထမ်းများက လက်ထိပ်ခတ် ဖမ်းဆီးထားခဲ့ကြောင်း
Virgin Australia လေကြောင်းလိုင်းမှ ပြောဆိုခဲ့သည်။

ဘရစ်စဘိန်းမှ ပျံသန်းခဲ့သည့် လေယာဉ်သည် ပြန်ပေးဆွဲခံရကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး လေယာဉ်ဆိုက်ရောက်သည့် အချိန်တွင်
အင်ဒိုနိးရှားတပ်ဖွဲ့များမှ ဝင်ရောက်ထိန်းသိမ်းခဲ့သည်။

၎င်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ရခြင်းမှာ မှားယွင်းစွာ ဆက်သွယ်မှုကြောင့်ဟု Virgin လေကြောင်းလိုင်းမှ ပြစ်တင်ပြောဆိုခဲ့ပြီး
၎င်းခရီးသည်မှ အရက်မူးနေသူ တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေယာဉ် ပြန်ပေးဆွဲခံရကြောင်း စိုးရိမ်ပူပန်မှုများမှာ ပိုင်းလော့ဖြစ်သူထံမှ လေဆိပ်အာဏာပိုင်များသို့ အချက်ပြစံနစ်ကို ထုတ်လွှင့်ခဲ့ခြင်းကြောင့်
ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“ လေယာဉ် ပြန်ပေးဆွဲမှု မဟုတ်ပါဘူး။ ဒါ ဆက်သွယ်မှု အမှားအယွင်းကြောင့်ပါ။ ” ဟု Virgin Australia လေကြောင်းလိုင်း အရာရှိဖြစ်သူ
ဟဲရူဆူဂျတ်မီကိုမှ ပြောဆိုခဲ့သည်။ “ အဲ့ဒီ ခရီးသည်က အရက်သောက်ထားလို့ မူးနေပြီး ရန်လိုတဲ့ ပုံစံတွေ ပြုမူခဲ့တာပါ။ သူက လေယာဉ်ခေါင်းခန်း
ထဲကို ဝင်ဖို့ကြိုးစားနေပြီး တံခါးကို ထုနေတာပါ။ ဒါပေမဲ့ လေယာဉ်ခေါင်းခန်းထဲကို သူ မဝင်ခဲ့ပါဘူး။ ” ဟု ပြောကြားသွားသည်။

လေယာဉ်အမှုထမ်းများမှ ၎င်းခရီးသည်အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြသည်။ ခရီးသည်ဖြစ်သူအား အာဏာပိုင်များမှ သြစတြေးလျမှ အသက် ၂၈ နှစ်
အရွယ်ရှိ မတ်ခရစ်စတိုဖာအဖြစ် အတည်ပြုနိုင်ခဲ့သည်။

ဘာလီသို့ လေယာဉ်မဆင်းသက်မီ တစ်နာရီအလိုတွင် ပိုင်းလော့ဖြစ်သူမှ  လေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ပေါ်နိုင်သည့် အချက်ပြမှုကို ထုတ်လွှင့်ခဲ့ခြင်း
ဖြစ်ကြောင်း အင်ဒိုနီးရှား လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့မှ ၎င်းမငြိမ်သက်မှုများကို ဖြစ်ပွားစေခဲ့သည့် အမျိုးသားအား လေယာဉ်ဆင်းသက်ပြီးနောက်တွင် ဖမ်းဆီးခဲ့ကြသည်။ ၎င်းကိစ္စရပ်များကြောင့်
လေဆိပ်ကို ခေတ္တခဏ ပိတ်ဆို့ထားခဲ့ရပြီးနောက်မှ လေယာဉ် ခရီးစဉ်များကို ပြန်လည် စတင်ခဲ့ရသည်။

Virgin Australia လေကြောင်းလိုင်းမှာ သြစတြေးလျ၏ ဒုတိယ အကြီးဆုံး လေကြောင်းလိုင်း ဖြစ်သည်။

Ref: BBC
The Myanma Age