နေပြည်တော်အက်ဖ်စီက ကွင်းပိုင်အဖြစ် သိမ်းယူထားသော ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းကွင်းကို ပြည်သူများထံ ပြန်ပေးရန် နိုင်ငံတော်သမ္မတ ညွှန်ကြားထား

ပို့စ်တင်ချိန် - 4/27/2014 08:22:00 AM


နေပြည်တော်ဘောလုံးအသင်းမှ သိမ်းယူထားသော ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းအားကစားကွင်း။
နေပြည်တော်အက်ဖ်စီက ကွင်းပိုင်အဖြစ် သိမ်းယူထားသည့် ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းအားကစားကွင်းအား ပျဉ်းမနား ပြည်သူများထံပြန်ပေးရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း သိရသည်။

ပေါင်းလောင်းအားကစားကွင်းကို ပျဉ်းမနားမြို့ လူထုထံပြန်ပေးရန်နှင့် နေပြည်တော်အက်ဖ်စီအသင်း၏ အားကစားကွင်းအား အစားထိုးပေးအပ်ရန် ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

“အစည်းအဝေးကိုတော့ ပျဉ်းမနား မြို့ခံအနေနဲ့ ကျွန်တော်တက်ခွင့် ရခဲ့ပါတယ်။သူတို့ သိမ်းသွားတာ ၂၀၁၂ ခုနှစ် ကတည်းကပါ။ သူတို့ကို အခမဲ့ငှားရမ်းထားတာ သုံးနှစ် ရှိသွားပြီလို့ သိရတယ်။ နေပြည်တော်ကောင်စီက ဦးမြင့်ဆွေကလည်း အစည်းအဝေး မှာ နိုင်ငံတော်သမ္မတကလည်း ကွင်းပိုင်ရှင်တွေ ပြန်လိုချင်ပါက ပြန်ပေးရန် ညွှန်ကြားထားတယ်လို့ပြောကြားတယ်။ နေပြည်တော်အက်ဖ်စီအနေနဲ့ နေပြည်တော်မှာရှိတဲ့ ဘောလုံးကွင်းနှစ်ကွင်းကို ယူနိုင်တယ်လို့ သိခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ ဘောလုံးကွင်းကို ပြန်ရဖို့ပါပဲ။ ဘာလို့လည်းဆိုတော့ ဒါမှ ကျွန်တော်တို့ မြို့ခံကလေးတွေအနေနဲ့ ဘောလုံးကစားဖို့ အဆင်ပြေမှာပါ”ဟု ပျဉ်းမနားမြို့ခံအနေဖြင့် တက်ရောက်ခဲ့သူ ဦးကျော်မင်းဟန်က ဆိုသည်။

ပေါင်းလောင်းအားကစားကွင်းကို ၁၉၆၉၊ ၁၉၇၀ ခုနှစ်ခန့်တွင် ၁၄ ဧကခန့် ကျယ်ဝန်းသည့် မြေပေါ်တွင် မြို့မိမြို့ဖများ နှင့် ဗိုလ်ကြီးစံဝင်းတို့ ဦးဆောင်ပြီး ၁၉၇၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၇၂ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါင်းလောင်းအားကစားကို အမှီပြုပြီး နိုင်ငံ့လက်ရွေးစင် ဘောလုံးသမားများ၊ လက်ဝှေ့သမားများ ပေါ်ထွက်ခဲ့ကြောင်း၊ အာရှချန်ပီဖြစ်ခဲ့သည့် လက်ဝှေ့ကစားသမား ဦးနီလုံးမှာလည်း ပေါင်းလောင်းအားကစားကွင်းမှ ပေါ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven