အလောင်းတော်ကဿပ ကားလမ်း ဧပြီ ၂၆ ရက်နေ့ ပိတ်မည်

ပို့စ်တင်ချိန် - 4/25/2014 12:44:00 PM


မုံရွာ၊ ဧပြီ ၂၄

မြန်မာတစ်နိုင်ငံလုံးရှိ ဘုရားဖူးများ အလွယ်တကူ သွားလာနိုင်ရန် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက လမ်းဖွင့်ပေးခဲ့သော အလောင်းတော်ကဿပ ခရီးလမ်းကို မိုးရွာသွန်းမည့် အချိန်ရောက်ရှိတော့မည် ဖြစ်သောကြောင့် ဧပြီလ ၂၆ ရက်နေ့မှ စတင်၍ ဘုရားဖူးကားများ သွားလာမှုကို ပိတ်ထားမည် ဖြစ်ကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့ဝင်များနှင့် ဘုရားဖူး ယာဉ်လိုင်းများက တာဝန်ရှိသူများက ပြောကြားသည်။

ဘုရားဖူး ယာဉ်လိုင်းများတွင် ခရီးသည်တင် ဘတ်စ်ကားကြီးများ ပြေးဆွဲမှုကို ရပ်နားလိုက်ပြီ ဖြစ်ပြီး၊ ကားသေးများကို မူစီးလုံးပြတ် ဘုရားဖူးသွားလိုသူ ရှိပါက လက်ရှိ ကာလအထိ စီစဉ်ပေးနေရဆဲ ဖြစ်ကြောင်း မိုးမကျမီ အချိန်ထိ ကားသေးများ သွားလာနိုင်ဦးမည်ဟု မင်းသိန်းနှင့် ရောင်းရင်းများ အလောင်းတော်ကဿပ ဘုရားဖူးပို့ဆောင်ရေး ဂိတ်ပိုင်ရှင် ဦးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်က ဆင်းတဲ့ ကားတွေကတော့ မရှိသလောက် ဖြစ်သွားပါပြီ။ ဒီနှစ် ဘုရားဖူးရာသီမှာ ယခင်နှစ်တွေကထက် ဘုရားဖူး ပိုဆင်းလာပါတယ်။ တစ်ရက်ကို ဘုရားဖူးခရီးသည် အယောက် ၅၀၀ လောက်ထိ ပို့ဆောင်ပေးခဲ့ရပါတယ်။ အရင်နှစ်တွေက ဆယ်တန်းဖြေချိန် ကာလမှာ ဘုရားဖူး နည်းခဲ့ပေမယ့် ယခုနှစ်မှာတော့ အဲဒီအချိန်တွေမှာပါ ဘုရားဖူး ပေါခဲ့ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ဘုရားဖူးခရီးသည် များပြားခဲ့သည့်အတွက် မုံရွာမြို့ပေါ် နာရီစင်အနီး ဘုန်းကြီးကျောင်းများတွင် တည်းခိုသည့် ခရီးသည် များပြားခဲ့ရာ တည်းခိုမှု အခက်အခဲဖြစ်ခြင်း၊ မုံရွာမြို့ပေါ်ရှိ တည်းခိုခန်းများ အခန်းပြည့်ခဲ့ပြီး ယခုနှစ်တွင် တည်းခိုမှုအပိုင်းတွင် အခက်အခဲများ အနည်းငယ် ရှိခဲ့ကြောင်း ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောကြားသည်။

တောင်တက် တောင်ဆင်းလမ်းများနှင့် မြေလမ်းဖြစ်သော အလောင်းတော်ကဿပ သွားသည့် လမ်းသည် မိုးရွာသည်နှင့် သွားလာမှု ခက်ခဲပြီး မိုးတွင်းကာလတွင် လမ်းပိတ်ထားခဲ့ကာ နှစ်စဉ် ပွင့်လင်းရာသီ ဒီဇင်ဘာလအတွင်းမှသာ လမ်းပြန်ဖွင့်ပြီး ဘုရားဖူးခရီးစဉ်များ ပြန်လည် စတင်မည် ဖြစ်သည်။

The Voice Weekly