ကယ်ရီမောင်းနှင်သူအား ဓါးနှင့်ထိုးပြီး ဆိုင်ကယ်ကိုလုယက်ယူဆောင်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 4/25/2014 03:49:00 PM


ရန်ကုန်၊ ဧပြီ ၂၅

၂၅.၄.၂၀၁၄ရက်နေ့ ၀၀၃၀အချိန်တွင် အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်
ရပ်ကွက်နေ ဒေါ်ဝင်းကြည်မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးကျော်လှ၊ (၅၅)နှစ်မှ ဖုန်းဖြင့်ဆက်သွယ်၍ “ငါ သတိလစ်တော့မယ်၊ ပိတောက်လမ်းထဲလိုက်ခဲ့”ဟု ပြောဆိုသဖြင့် အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)
ရပ်ကွက်ရှိ ပိတောက်လမ်းသို့လိုက်သွားခဲ့ရာ ခင်ပွန်းဖြစ်သူတွင် ၀ဲခါးဆစ်
ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲနံစောင်းထိုးသွင်းဒဏ်ရာ(၁)ချက်နှင့်ယာနံစောင်း
တွင် ဓါးတစ်ချောင်းစိုက်ဝင်နစ်မြုပ်နေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားမေးမြန်းရာ ခင်ပွန်းဖြစ်သူ ဦးကျော်လှသည် ၀၀၂၀ အချိန်ခန့်တွင် ပိတောက်လမ်းထိပ်၌ ကန်ဘို-125 အနက်ရောင်ဆိုင်ကယ်ဖြင့် ကယ်ရီ
လိုက်ရန်အတွက်စောင့်နေခဲ့ကြောင်း၊ ထိုသို့စောင့်နေစဉ် အမျိုးသားလူငယ်
(၁)ဦးရောက်ရှိလာပြီး လှိုင်သာယာသို့ပို့ပေးရန်ပြောဆိုငှားရမ်းသဖြင့် လိုက်ပို့ရန်အတွက် ဆိုင်ကယ်အားစက်နှိုးနေစဉ် ၎င်းလူငယ်မှ ခင်ပွန်းအား ဓါးဖြင့်ဆက်တိုက်ထိုး၍ လမ်းဘေးသို့တွန်းချခဲ့ပြီး ဆိုင်ကယ်ကို လုယူ
မောင်းနှင်သွားခြင်းဖြစ်သည်ကိုသိရှိရကြောင်းနှင့် ယင်းကဲ့သို့ ခင်ပွန်းဖြစ်သူအား ဒဏ်ရာများရရှိအောင်ပြုလုပ်ကာ ဆိုင်ကယ်အား
လုယူသွားသူကို အရေးယူပေးရန် တိုင်တန်းလာပါသည်။

တိုင်တန်းချက်အရ အင်းစိန်မြို့မရဲစခန်း(ပ)၃၉၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၉၄ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police