ဒါရိုက်တာဝိုင်းဆိုတဲ့ နာမည်ကို ကျမသွားအောင် အမြဲထိန်းတယ်လို့ဆိုတဲ့ ၀ိုင်းရဲ့ စေတန်ရဲ့ကချေသည်အကြောင်း

ပို့စ်တင်ချိန် - 4/25/2014 02:26:00 PM


စေတန်ရဲ့ကချေသည် ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပတ်သတ်ပြီး ဒါရိုက်တာဝိုင်းရဲ့ ဖန်တီးမှု၊ ပုံဖော်မှုတွေက ဘယ်လိုများဖြစ်မယ်ဆိုတာ ပရိသတ်တွေသိအောင် မေးမြန်းကြည့်ချင်မိခဲ့ပါတယ်။ ဒါရိုက်တာဝိုင်းဟာ ဇာတ်ကားတိုင်းမှာ ပရိသတ်နဲ့ အပေးအယူ တည့်လှတဲ့အတွက် ဒီဇာတ်ကားကြီးရိုက်ကူးချိန်မှာ ဘယ်လိုအတွေးခေါ်တွေနဲ့ ဖြန့်ကျက်ပြီးရိုက်ကူးခဲ့ရကြောင်းကို သူပြောပြခဲ့တာကတော့ ‘ဒီဇာတ်ကားကြီးကတော့ နောက်ဆုံးပြရမဲ့ ဆယ့်ငါးမိနစ်စာကို အစ်ကို ဇာတ်ညွှန်းရေးလို့မရဘူး။ ၀တ္ထုထဲမှာလဲမပါဘူး။ အစ်ကိုရေးတယ်။ မကြိုက်ဘူး။ မခံစားရဘူး။ ရင်ထဲမထိဘူး။ တစ်လနှစ်လလောက်ကြာတယ်။ အဲမှာ ချစ်သူများနေ့မှာ အစ်ကို ဆိုင်လေးတစ်ဆိုင်မှာ သွားထိုင်ဖြစ်တယ်။ ပွဲလေးတစ်ခုကို သွားထိုင်ကြည့်ဖြစ်ရင်းကနေ စိတ်ကူးလေး တစ်စွန်းတစ်စရတယ်။ အစ်ကိုဘ၀ရဲ့ ရိုက်ခဲ့သမျှကားတိုင်းမှာ အကြာဆုံး စဉ်းစားခဲ့ရတာက ဇာတ်သိမ်းပိုင်းလို့ပြောလို့ရတယ်။ ရိုက်ကွင်းပေါ်မှာ သွားစဉ်းစားလို့ မရဘူး။  အစ်ကိုစဉ်းစားတာက ကင်မရာအယူအဆတွေရယ်၊ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေရယ်ပဲ ကိုယ်စဉ်းစားဖြစ်တယ်။ အစ်ကို့ရဲ့ ဇာတ်ညွှန်းကို ရိုက်ကွင်းပေါ်မှာ သွားစဉ်းစားရင် ကျိန်းသေတယ်။ တခြားနေရာတွေမှာ လျော့သွားလိမ့်မယ်။

တချို့မြန်မာကားတွေမှာ ပေးချင်တဲ့မက်ဆေ့တွေကို စကားတွေနဲ့ပြောတာများတယ်။ အစ်ကိုကျတော့ အဲလိုမျိုးကို မကြိုက်တဲ့တွက် သင့်တော်သလောက်ပဲ ထည့်တယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေက ပရိသတ်ရင်ထဲ ရောက်ရမယ်။ ဒါကို အစ်ကိုက စမ်းသပ်ကြည့်ချင်တယ်။ အစ်ကို့ကားတွေ တော်တော်များများမှာ ခုဒီကားထဲမှာဆို တချို့အခန်းတွေက စကားမပြောပဲ သရုပ်ဆောင်သွားတာ တွေ့ရလိမ့်မယ်။ သိသာတယ်။ မျက်နှာအမူအရာ ကသိသာတယ်။ အဓိက အစ်ကိုတို့စဉ်းစားရမှာက ပြဇာတ်တိုက်နေတာလား။ ရုပ်ရှင်ရိုက်နေတာလားဆိုတာကိုပေါ့။ အစ်ကိုက ရိုက်နေတဲ့ချိန်မှာ မကြိုးစားဘူး။ ဇာတ်ညွှန်းအပေါ်မှာပဲ အမြဲကြိုးစားတယ်။ ဒီဇာတ်ကားအပေါ်မှာလဲ ကျေနပ်ပါတယ်။ ပရိသတ်ရင်ထဲ ရောက်လေ ပိုကျေနပ်လေပဲ။ အဲဒီကွာလတီကိုလဲ မကျအောင် ငါ့အနေနဲ့ထိန်းထားရမယ်ဆိုတဲ့ အတွေးမျိုးလဲ အမြဲရှိတယ်။ ငါ့ရဲ့ကြိုးစားမှုတစ်ခုကို ငါလျော့လိုက်ရင်၊ ဒါမှမဟုတ် ငါသာပိုက်ဆံနောက်ကို လိုက်ခဲ့ရင် အခုရနေတဲ့အချိန်နဲ့ပြောင်းပြန်ဖြစ်သွားမယ်လို့အမြဲတွေးထားတယ်။ ဒါရိုက်တာဝိုင်းက ဒီအဆင့်မှာ အမြဲတမ်းရှိနေဖို့အတွက် စာတွေအများကြီးဖတ်ပြီး အချိန်တိုင်း လေ့လာဆည်းပူးဖို့လိုအပ်ပါတယ်။ နောင်နှစ်တွေမှာလဲ ကိုယ်စိတ်ညစ်ခံပြီး အကယ်ဒမီပေးပွဲ တက်မှာမဟုတ်ပါဘူး။ အကယ်ဒမီကိုလဲ မမှန်းပါဘူး။ ပရိသတ်တွေကို ပြောချင်တာက အစ်ကို့ကို အကြံပေးပါ။ ဝေဖန်ပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုကိုတော့ လက်မခံပါဘူး။ ဒီကားကို ကြည့်မဲ့ပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်အ၀ရလိမ့်မယ်လို့ အာမခံပါတယ်။ ဒီကားနာမည်က ခုမှပေးတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၂နှစ်လောက်ကတည်းက ဇာတ်ကားနာမည်တွေကို စိတ်ကူးယဉ်ပြီး စာအုပ်ထဲမှာ ချရေးထားဖူးတယ်။ ဒီကားနာမည်က အဲဒီတည်းက တစ်ခုပေါ့။’  လို့ သူက ပြောပြပေးခဲ့ပါတယ်။

Trend Myanmar