နေအိမ်အတွင်း အိပ်ပျော်နေစဉ် ဆင်းနင်းခံရ၍ နှစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 4/25/2014 03:38:00 PM


ကိုတိုးကြီး

ကလေးဝ၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ နန်းစလိန်ကျေးရွာနှင့် မန်ဖာလေးကျေးရွာတို့တွင် ယခုလ ၂၄ ရက် နံနက် ၄ နာရီအချိန်က ဆင်းတစ်ကောင်က အစွယ်ဖြင့်ထိုးကာ နင်းခဲ့သည့်အတွက် လူနှစ်ဦးသေဆုံးခဲ့သည်ဟု ကလေးဝမြို့နယ် သစ်တောဦးစီးမှူးရုံးက ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဆင်နင်း၍ လူနှစ်ဦးသေဆုံးသည့်နေရာသို့ မြို့နယ်သစ်တောဦးစီးမှူး ဦးကောင်းညွှန့်နှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ယခုလ ၂၄ ရက် နံနက် ၄နာရီအချိန်က ကလေးဝ - မော်လိုက် ကားလမ်းအနီးရှိ နန်းစလိန်ကျေးရွာနေ ဦးအဲညီထွေးဆိုသူသည် ၎င်း၏ နေအိမ်၌ အိပ်ပျော်နေစဉ် ဆင်တစ်ကောင်က အိမ်ဝင်းအတွင်းသို့ ၀င်ရောက်လာပြီး ဦးအဲညီထွေးကို အစွယ်ဖြင့် ထိုးကာ နင်းသတ်ခဲ့ခြင်းဖြစ်သည်။

၎င်းဆင်သည် ထို့နေ့ နံနက် ၇ နာရီက မန်ဖာလေး ကျေးရွာအနီးရှိ ဦးဘသောင်၏ လယ်စောင့်တဲအားဝင်ရောက် ဖျက်စီးခဲ့ကာ အသက် ၈၂နှစ် အရွယ်ရှိ ဦးဘသောင် ကိုလည်း အစွယ်ဖြင့်ထိုးကာ နင်းသတ်ခဲ့သည်။

ယင်းဖြစ်စဉ်များကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် ကလေးဝမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့သည် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့်အတူ သွားရောက်ကာ အချိန်မီကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု မစိန်နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ကျော်မျိုးက ပြောသည်။

အဆိုပါဆင်သည် ယခုလ ၂၃ ရက် ည ၈ နာရီအချိန်က ပလူစ၀ကျေးရွာ၊ ပလူစ၀ချောင်းကူးတံတားအနီးသို့ ရောက်ရှိလာခဲ့သည့်အတွက် ပလူစ၀ကျေးရွာသားများက စုပေါင်း၍ ၀ါးမီးတုတ်များဖြင့် အော်ဟစ်လှန့်ထုတ်ခဲ့ရသေးသည်ဟု ၎င်းဒေသခံရွာသားများက ပြောသည်။

ထို့နောက် သက်ဆိုင်ရာမြို့နယ်လူကြီးများ ပူးပေါင်းအဖွဲ့သည် ဒေသခံကျေးရွာသားများကို ဆင်အန္တရာယ် ဆက်လက်၍ မဖြစ်ပေါ်စေရန် အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆင်အား တောအတွင်းသို့ ပြန်လည် မောင်းနှင်ထုတ်ခဲ့သည်ဟု သိရသည်။

Mizzima Burmese