လွှတ်တော်တွင်း လွတ်လပ်စွာ ပြောဆိုခွင့်ကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ပိတ်ပင်ဟု အမတ်အချို့ ဝေဖန်

ပို့စ်တင်ချိန် - 4/25/2014 12:44:00 PM


ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး အတွင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက လွှတ်တော် ကိုယ်စားလှယ်များ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ် ပိတ်ပင်မှုအချို့ ပြုလုပ်လျက် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန် ပြောကြားသည်။

ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ တရားဥပဒေ စိုးမိုးရေး အကောင်အထည် ဖော်ရန် အဆိုတင်သွင်းရာတွင် Power Point Presentation ပြသမှုကို လွှတ်တော် ဥက္ကဋ္ဌက ခွင့်မပြုခဲ့ခြင်းနှင့် ပတ်သတ်၍ ယင်းသို့ ဝေဖန်နေကြခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောဆိုသည်။

တရားဥပဒေစိုးမိုးရေးကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးတွဲ အကောင်အထည်ဖော်ရန် အဆိုတွင် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို ထိခိုက်နိုင်သော စကားလုံးများ ပါဝင်သောကြောင့် ပြင်ဆင်ပေးရန် လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေး မကျင်းပမီ ခေါ်ယူညှိနှိုင်းကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“စကားလုံး ကြမ်းတမ်းတာလေးတွေ ပါနေတဲ့အတွက် ပြင်ဆင်ပေးဖို့ ခေါ်ညှိတယ်။ အဲဒါကို လက်ခံတယ်။ ဒါပေမယ့် အဆိုတင်သွင်းခါနီး စက္ကန့်ပိုင်းလောက်ရောက်မှ Presentation မလုပ်ရဘူးလို့ တားဆီးတယ်” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်အတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လေးစားရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် နည်းဥပဒေများတွင် တားဆီးပိုင်ခွင့် မရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။

“Presentation က ပြည်ထောင်စုလွှတ်တော်မှာတော့ လုပ်ထုံးလုပ်နည်း တစ်ရပ်လို ဖြစ်နေတော့ တားဆီး ပိတ်ပင်တာတွေ မရှိဘူး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တွေမှာ အစိမ်းသက်သက်ပဲ ရှိနေတာလဲ ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ လွှတ်တော်အတွင်း တားဆီးပိတ်ပင်မှုများကို ပြုလုပ်ရန် နည်းဥပဒေများတွင် မပါရှိသောကြောင့် အခြေခံဥပဒေခုံရုံးနှင့် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ အသိပေး အကြောင်းကြားမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

The Voice Weekly