ချင်းတွင်းမြစ်ကူးတံတားရှိ လုံခြုံရေးရဲဂိတ်တဲအား လူနာတင်ယာဉ်မှ ၀င်တိုက်၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 4/25/2014 08:44:00 AM


သတင်း၊ ကိုတိုးကြီး
မုံရွာ၊ ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ အနောက်မြောက်ဘက် ၈ မိုင်အကွာရှိ ချင်းတွင်းမြစ်ကူးတံတားပေါ်တွင် ယခုလ ၂၃ ရက်နေ့ည ၁၀ နာရီအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ တံတားလုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသော ရဲတပ်ဖွဲ့ဝင်နှစ်ဦး ယာဉ်တိုက်ရာမှ ဒဏ်ရာများရရှိခဲ့ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ မုံရွာဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ခင်ဇော်မြင့်က ပြောကြားသည်။
“ ယာဉ်တိုက်မှုဖြစ်ပွားရာ အရပ်သို့ ယာဉ်ထိန်းရဲအရာရှိ ရဲအုပ်မျိုးကြည်နဲ့အဖွဲ့က သွားရောက်စစ်ဆေးတဲ့အ ခါ လူနာတင်ယာဉ်တစ်စီးက တံတားလုံခြုံရေးဂိတ်တဲကို ၀င်တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်..” ဟု ရဲမှူး ခင်ဇော်မြင့်က ဆက်လက်၍ ပြောပြသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် လူနာတင်ယာဉ်မှာ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ကံစု ကျေးရွာမှ လူနာတင်ယာဉ်ဖြစ်ပြီး ယာဉ်အမျိုးအစားမှာ MITSUIBISHI ပါဂျဲဒိုးဖြစ်သည်။ ၎င်းယာဉ်ပေါ်တွင် လူနာ ဦးဝင်းညွှန့်ဆိုသူနှင့် ဆရာတော် ဥူးပညာစာရတို့လိုက်ပါလာကာ မုံရွာဆေးရုံသို့သွားရောက်စဉ် ချင်းတွင်းမြစ်ကူးတံတားပေါ်၌ ဂီယာဂျန့်ဖြစ်ပြီး တံတားလုံခြုံရေး ရဲဂိတ်အား ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ် သည်။
“ အဲ့ဒီ လူနာတင်ယာဉ်ကို မောင်းနင်လာတဲ့သူက ကိုစိုးမိုးအောင် အသက်(၂၄)နှစ်၊ သစ်ချောထည်စက် ရုံလုပ်သားဖြစ်ပါတယ်..” ဟု အလုံနယ်မြေရဲကင်းစခန်းမှူး ရဲအုပ် ဇော်မင်းထွေး ကပြောပြသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ချင်းတွင်းမြစ်ကူးတံတား လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော ကိုယ်ပိုင် အမှတ် လ/၁၅၀၉၄၅ ရဲတပ်ကြပ် အေးနု ဆိုသူနှင့် ကိုယ်ပိုင်အမှတ် လ/၁၇၇၄၉၂ ရဲဒုတပ်ကြပ် သန်းဝင်း ဆိုသူတို့မှာ နဖူးပွန်းပဲ့ဖုယောင်၊ ယာဘက်လက်ကောက်ပွန်းပဲ့၊ ယာဘက်နံနေရာပွန်းပဲ့၊ ယာဘက်တင်ပါး ပွန်း၊ ရင်ဘတ်အောင့်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် အဆိုပါ လုံခြုံရေး ရဲဂိတ်တဲရှေ့၌ရပ်ထားသော ဆိုင်ကလုန်းဆိုင်ကယ်မှာ ကြေ မွပျက်စီးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လူနာတင်ယာဉ် မောင်းနှင်လာသူအား ယခုလ ၂၄ ရက်နေ့ မနက် ၁ နာရီအချိန်တွင် မုံရွာမြို့မရဲစခန်းက ယာဉ်(ပ) ၅၈/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာ ချင်းတွင်းတံတား၏ အနောက်ဘက်ထိပ်နေရာတွင် ယခုလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲက ဒိုင်နာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ခရီးသည် (၄)ဦးသေဆုံးခဲ့ပြီး (၁၁)ဦးဒဏ်ရာရရှိခဲ့ သည့် ယာဉ်တိမ်းမှောက်မှုတစ်ရ့ပ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း