ထိုင်းနိုင်ငံအလယ်ပိုင်းတွင် ကားမတော်တဆ ထိခိုက်ဖြစ်မှုကြောင့် မြန်မာ ၁ ဦး သေဆုံး

ပို့စ်တင်ချိန် - 4/10/2014 01:36:00 PM


ထိုင်းနိုင်ငံအလယ်ပိုင်း နခွမ်းဆ၀မ်ခရိုင် ဖဟွန်ယိုးထင်းလမ်းမပေါ်မှာ မြန်မာ ၇ ဦး လိုက်ပါ စီးနင်းလာတဲ့ မှန်လုံကားတစီး မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ – manager.co.th

နခွမ်ဆ၀မ်ခရိုင် ဖယုဟဆီရီမြို့မရဲစခန်း တာဝန်ကျစခန်းမှူးးက သတင်းထောက်တွေကို ပြောကြားခဲ့တာမှာ ဧပြီ ၈ ရက် မနက် ၅ နာရီခွဲလောက်က ဖယုဟဆီရီဆေးရုံကြီးအနီး လမ်းဆုံမှာ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းပေးချက်အရ လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်ခဲ့ကြောင်း၊ ဆေးရုံနဲ့ မီတာ ၅၀၀ ကွာဝေးတဲ့နေရာမှာ အဖြူရောင် မှန်လုံကား ၁ စီသစ်ပင်နဲ့ ၀င်ဆောင့်ထားတဲ့ ဒဏ်တွေနဲ့ အတူ လူနာတွေ လွင့်စင် ပြန့်ကျဲနေတာ တွေ့ရကြောင်း ၊ ကားရဲ့ အပြင်ဘက်မှာ အသက် ၃၅နဲ့ ၄၀ ကြားအရွယ်ရှိ အမျိုးသမီး သေဆုံးနေပြီး ကားသမား အပါအ၀င် ၇ ဦး ဒဏ်ရာရရှိကြောင်း၊ အားလုံးကို အနီးက ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
ဆက်လက်စစ်ဆေးချက်အရ ကားပေါ်ပါလာသူတွေ ၇ ဦးစလုံးဟာ မြန်မာလူမျိုးတွေ ဖြစ်ပြီး ဘန်ကောက်ကနေ မဲဆောက်ကို သွားပြီး အဲဒီကနေတဆင့် မြန်မာပြည်ထဲ ပြန်ဝင်ဖို့ ဖြစ်ကြောင်း ၊ သူတို့ဟာ ကားကို စင်းလုံးငှားခဲ့တာ ဖြစ်ပြီး ကားသမားက ကားကို အမြန်မောင်းတဲ့အတွက် မီးပွိုင့်လမ်းဆုံအလွန် အရှိန်နဲ့ လမ်းဘေးထိုးကျကာ သစ်ပင်နဲ့ ၀င်ဆောင့်မိခဲ့တယ်လို့ စခန်းမှူး က ပြောပါတယ်။

လောလောဆယ် လ၀ကရဲဘက်က အဲဒီ မြန်မာနိုင်ငံသားတွေကို တရားဝင် အထောက်အထားရှိ၊ မရှိ စစ်ဆေးနေပြီး ကားမောင်းသမားကိုလည်း ယာဉ်စည်းကမ်း ချိုးဖောက်မှုနဲ့ စစ်ဆေးအရေးယူဖို့ ရှိကြောင်း၊ ဒါပေမယ့် ယာဉ်မောင်းသူမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် ထွက်ဆိုချက်မပေးနိုင်သေးဘူးလို့ စခန်းမှူးးက သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB Burmese