ပြည်တွင်းလေကြောင်းလိုင်း မတော်တဆဖြစ်စဉ် GMA လေကြောင်းလိုင်းမှ သတင်းထုတ်ပြန်မှုမရှိ

ပို့စ်တင်ချိန် - 4/25/2014 08:43:00 AM


13ရန်ကုန်၊ ဧပြီ ၂၃

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧပြီလ ၁၄ ရက်နေ့ နံနက် (၆ နာရီ ၄၀ မိနစ်)ခန့်တွင် လေယာဉ်နှစ်စီး မတော်တဆ၀င် တိုက်မှုဖြစ်ပွားခဲ့ပြီး တိုက်ခံရသည့် MAI လေကြောင်းလိုင်းမှ သတင်းထုတ်ပြန်မှုများ၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့ သော်လည်း ၀င်တိုက်သည့် GMA လေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ရန် အစီအစဉ် မရှိသေးဟု ဧပြီ ၂၃ ရက်နေ့တွင် Golden Myanmar Airline (GMA) မှ ဈေးကွက်ဆိုင်ရာ အမှုဆောင် အရာရှိ ဦးဂျွန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါဖြစ်စဉ်မှာ Golden Myanmar Airline ပိုင် XY-AGT လေယာဉ်အား Bay-1 မှ လေယာဉ် ထွက်ခွာရာ နေရာသို့ ဆွဲလာပြီး လေယာဉ်ဆွဲယာဉ်မှ ဖြုတ်လိုက်စဉ် လေယာဉ်သည် ပေ ၁၆၀၀ ခန့် အကွာအဝေးသို့ ဆက်လက် ရွေ့လျားသွားပြီး Bay 8 တွင် ညအိပ် ရပ်နားထားသော အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းပိုင် A-319, Airbus XY-AGR လေယာဉ်၏ နောက်ပိုင်းသို့ ၎င်း၏ ဦးပိုင်းဖြင့် အရှိန်မထိန်းနိုင်ဘဲ တည့်တည့်ဝင်တိုက် မိခြင်းဖြစ်ပြီး အတိုက်ခံရ သည့် လေယာဉ်စက်ခန်းထဲတွင် လေယာဉ်အင်ဂျင်နီယာ ၂ ဦး ပါရှိပြီး ၎င်းလေယာဉ်သည် ၀င်တိုက်ခံရသည့် အရှိန်ကြောင့် ၅ ဒီဂရီမှ ၁၀ ဒီဂရီခန့် ညာဘက်သို့ တိမ်းစောင်း သွားကြောင်း MAI မှ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။

လေယာဉ်ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် စပ်လျဉ်း၍ MAI မှ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက ““ပျက်စီး ဆုံးရှုံးမှုတန်ဖိုး အနေနဲ့ကတော့ လကုန်ပြီး ၁ ပတ်လောက် အလိုမှ သိရလိမ့်မယ်နဲ့တူတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါတွေက တစ်ဖွဲ့တည်းနဲ့ တွက်လို့ မရဘူးလေ။ အာမခံကုမ္ပဏီ၊ လေယာဉ် ကုမ္ပဏီတွေရော အားလုံးပေါင်းပြီးမှ ဘယ်လောက်ထိ ထိခိုက်တယ်ဆိုတာ သိမှ ပြောလို့ရမယ်””ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် GMA လေကြောင်းလိုင်း၏ ရန်ကုန်-ဗန်ကောက် ခရီးစဉ်ထွက်ခွာချိန် အနည်းငယ် နောက်ကျခဲ့ရကာ လေယာဉ်နှစ်စီးတွင် ခရီးသည်များ ပါဝင်ခြင်း မရှိဘဲ လေယာဉ်များသာ ထိခိုက် ပျက်စီးခဲ့ခြင်း ဖြစ်ပြီး MAI လေကြောင်းလိုင်းဘက်မှ ဧပြီ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Golden Myanmar Airline မှ ဈေးကွက်ဆိုင်ရာ အမှုဆောင်အရာရှိ ဦးဂျွန်က““သတင်းထုတ်ပြန်မှု တော့ရှိတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း မသိသေးလို့ပါ။ သတင်း ထုတ်ပြန်တာ ဘယ်လောက် ကြာမလဲဆိုရင် အသေးစိတ် အချက်အလက် ပြောလို့မရလို့ပါ။ MAI ဘက်က သတင်းစာ ရှင်းလင်းပွဲ လုပ်လိုက်တဲ့အခါမှာ သတင်းတော်တော်များများက လာမေးကြတယ်။ အစ်ကိုတို့ဘက် ကလည်း အတိအကျ ပေးနိုင်သေးတာမရှိဘူး။ လူကြီးတွေပဲ လုပ်နေတာဆိုတော့ ကျွန်တော်တို့ဘက်က ဘာမှ ထုတ်ပြန်လို့ မရပါဘူး””ဟု ပြောသည်။

လေကြောင်းဦးစီးဌာနမှ ၎င်းမတော်တဆဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ ၀င်တိုက် သည့် GMA ကုမ္ပဏီမှ အင်ဂျင်နီယာ ၂ ဦးအား ခေါ်ယူစုံစမ်းလျက်ရှိပြီး အဆိုပါဖြစ်စဉ် အသေးစိတ်ကို စုံစမ်း စစ်ဆေးဆဲ ဖြစ်သည့်အတွက် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

အေမီမီမောင်