ပဋိဇီဝဆေးယဉ်ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ဖြစ်နေပြီ

ပို့စ်တင်ချိန် - 5/01/2014 09:05:00 AM


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ထုတ်ဖေါ်ပြောလိုက်တာပါ။
နိုင်ငံပေါင်း ၁၁၄ နိုင်ငံကနေရတဲ့ ကိန်းဂဏန်းတွေကို ဆန်းစစ်မှုလုပ်တော့ ကမ္ဘာ့ဒေသတိုင်းမှာ ပဋိဇီဝဆေးတွေကို ပိုးတွေက ယဉ်ပါးနေကြပြီလို့ ပြောနိုင်တာ ဖြစ်ပါတယ်။
ပဋိဇီဝဆေးလွန်ကာလမှာ သာမန်ကာရှန်ကာ ပိုးဝင်တာလေးနဲ့ သေဆုံးရနိုင်တယ်လို့ ဖေါ်ပြလိုက်ပါသေးတယ်။ ဒီလိုပိုးဝင်တာကို အရင် ၁ဝ-၂ဝ နှစ်လောက်ကဆိုရင် အလွယ်လေးနဲ့ကုသပေးနိုင်ပါတယ်။
အစီရင်ခံစာထဲမှာ အဓိက နူမိုးနီးယား၊ ဝမ်းပျက်တာနဲ့ သွေးထဲပိုးဝင်တာတွေကိုဖြစ်စေနိုင်တဲ့ ဗက်တီးရီးယား (၇) မျိုးကို အာရုံစိုက်ထားပါတယ်။
လက်ရှိသုံးနေတဲ့ ပင်မပဋိဇီဝဆေး ၂ မျိုးကို တချို့တိုင်းပြည်တွေမှာ သုံးမရတော့ပါ။
တခုကတော့ Carbapenem ကာဘာဇီပင် ဖြစ်ပါတယ်။ ဒီဆေးကို အသက်ကိုရန်ရှာနိုင်လောက်တဲ့ နူမိုးနီးယားနဲ့ သွေးထဲပိုးဝင်တာတွေအတွက် နောက်ဆုံးလက်နက်အဖြစ်သုံးနိုင်ခဲ့ပါတယ်။ မွေးစကလေးငယ်လေးတွေကို ဝင်နိုင်တဲ့ K. pneumonia ပိုးကိုလဲနိုင်ခဲ့ပါတယ်။
ဆီးလမ်းပိုးဝင်တာဖြစ်စေတဲ့ E.coli အီး-ကိုလိုင်ပိုးက ၁၉၈ဝ တုံးကဆေးယဉ်တလုံးဝမရှိခဲ့ရာကနေ အခုဆိုရင် တဝက်ကျော်လောက်က ဆေးယဉ်လာကြပြီဖြစ်တယ်။
လိင်ကတဆင့်ကူးစက်တဲ့ Gonorrhoea ဂနိုးရီးယား ကိုကုသရတာလဲ ဆေးယဉ်ပါးတဲ့ဒုက္ခရှိနေပါပြီ။
ဒီပြဿနာကြီးကိုရင်ဆိုင်ဘို့ရာ ဆေးသစ်တွေ ရှာရပါမယ်။ ဘယ်တော့ရလာမလဲ မပြောနိုင်ပါ။ ဒါကြောင့် သန့်ရှင်းမှုကို ပိုဂရုပြုကြရပါမယ်။ သောက်သုံးရေသန့်ကို လက်လှမ်းမီနိုင်အောင်စီမံရပါမယ်။ ကျန်းမာရေး ဌာနတွေမှာ ကူးစက်ရောဂါနှိမ်နင်းရေး ပိုထိရောက်အောင် စွမ်းဆောင်ရပါမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၄

http://www.bbc.com/news/health-27204988