အော်ရီဒူးဆင်းမ်ကတ် မသုံးစွဲရေး အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ လှုံ့ဆော်မည်ဟုဆို

ပို့စ်တင်ချိန် - 5/01/2014 06:20:00 PM



မန္တလေး၊ ဧပြီ ၃၀

ပြည်တွင်း၌ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံခွင့် တရားဝင် ရရှိထားသည့် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီက ထုတ်လုပ်သော ဖုန်းဆင်းမ်ကတ်များကို မြန်မာနိုင်ငံသားများ မသုံးစွဲစေရေးအတွက် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှုံ့ဆော်သွားမည် ဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မန္တလေး) တာဝန်ခံ ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသက မိန့်ကြားသည်။

“အခုလောလောဆယ်တော့ လားရှိုး၊ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူတို့မှာ လက်ကမ်း စာစောင်တွေ ဖြန့်ဝေနေပါတယ်။ အမျိုးသားရေး ကိစ္စရပ် တစ်ခုကိုပဲ ကြည့်ပြီးလုပ်တာပါ။ ဘယ်စီးပွားရေးသမား၊ ဘယ်နိုင်ငံရေး သမားတွေရဲ့ သွေးထိုး လှုံ့ဆော်မှု မပါပါဘူး” ဟု ဆရာတော် ဦးဣန္ဒာစက္ကာ ဘိဝံသက မိန့်ဆိုသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မန္တလေး) အနေနှင့် ဧပြီလ ၂၉ ရက်နေ့တွင် Ooredoo ကုမ္ပဏီက ထုတ်လုပ်သော ဖုန်းဆင်းမ်ကတ်ဖြင့် အဖွဲ့သို့ ဆက်သွယ်လာသော မည်သည့် ဖုန်းကိုမျှ ပြန်လည် ဖြေကြားခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသား အားလုံး အဆိုပါ ကုမ္ပဏီတွင် တာဝန် ထမ်းဆောင်ခြင်း မပြုလုပ်ရန် ပညာပေးသွားမည် ဖြစ်ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

“ကျွန်မအနေနဲ့တော့ ဒီကိစ္စရပ်ကို သေချာစုံစမ်း ဘာသာပြန်ပြီး သက်ဆိုင်ရာ ကုမ္ပဏီ တာဝန်ရှိသူတွေကို တင်ပြသွားပါမယ်။ ဘာလုပ်မယ် ဘယ်လိုလုပ်မယ်လို့တော့ ကျွန်မအနေနဲ့ ပြောဆိုခွင့် မရှိပါဘူး” ဟု လက်ရှိ Ooredoo မြန်မာနိုင်ငံ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အော်ရီဒူးသည် အရှေ့အလယ်ပိုင်း ဒေသရှိ ကာတာအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး ယခုလက်ရှိတွင် ကာတာ၊ ကူဝိတ်၊ အိုမန်၊ အယ်လ်ဂျီးယီးယား၊ တူနီးရှား၊ အီရတ်၊ ပါလက်စတိုင်း၊ မော်လ်ဒိုက်နှင့် အင်ဒိုနီးရှား စသည့်နိုင်ငံ များတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်။

The Voice Weekly