နှစ်ပေါင်းတစ်ရာ့ ငါးဆယ်ကျော်သက်တမ်းရှိသစ်လုံးထွင်းလှော်လှေတစ်စင်း ထိန်းသိမ်းထားရှိ

ပို့စ်တင်ချိန် - 5/14/2014 12:33:00 PM



ပခုက္ကူ မေ ၁၃

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြစ်ခြေမြို့နှင့် လေးမိုင်ခန့်အကွာ အင်းဝိုင်းရွာ ဘုန်းတော်ကြီး ကျောင်းတွင် ရှေးမြန်မာ့ရိုးရာ သစ်လုံးထွင်း လှော်လှေတစ်စင်းကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။ အဆိုပါသစ်လုံးထွင်း လှော်လှေသည် ကျွန်းသားသစ်လုံးအရှည် သုံးဆယ့်ငါးပေရှည်ပြီး အနံ သုံးပေနှင့်ရှစ်လက်မ နှစ်ယောက်ယှဉ်လျက်ထိုင် ပြိုင်လှေတစ်စင်းဖြစ်သည်။

လှော်လှေပြိုင်ပြီဆိုလျှင် နှစ်ဆယ့်လေးယောက်ထိုင် ပြိုင်ခဲ့သည်။ ထိုလှော်လှေကို ဝံသာနုခေတ်မှ စတင်၍ ထွင်းယူပြုလုပ်ခဲ့သည် ဟုအင်းဝိုင်းရွာမှ ဦးထွန်းရွှေထံမှ သိရသည်။ လှော်လှေသည် ခေတ်အဆက် ဆက် လှေပြိုင်ပွဲများတွင် ဆုအသီးသီးရရှိခဲ့ပြီး လှော်လှေနာမည်ကိုလည်း နတ်သိုင်းဟု အမည်တွင်ခဲ့သည်။

နတ်သိုင်းအမည်ရ လှော်လှေသည် ချောက်မြို့ မေဒေးပွဲတွင် ပထမဆုရရှိခဲ့သည်။ ဒုတိယဆုကို ညောင်ဦး မြို့ ရွှေစည်းခုံဘုရား လှေပြိုင်ပွဲတွင် ရရှိခဲ့သည်။ ၁၉၆၄ ခုနှစ်တွင်လည်း ချောက်ရေနံမြေ လှေပြိုင်ပွဲတွင် ဒုတိယဆု တစ်ကြိမ်ပြန်လည်ရရှိခဲ့သည်။ ယနေ့အချိန်တွင် နတ်သိုင်းလှော်လှေကို အင်းဝိုင်းရွာ ဘုန်းတော် ကြီးကျောင်း ဆရာတော် ဦးဝေပုလ္လက ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

ယခင်က ထိန်းသိမ်းစောင့်ရှောက် ခဲ့သော ဆရာတော်များမှာ ဦးကေသရ သက်တော် (၇၀) နှစ်နှင့် ဦးဝါယမ သက်တော် (၇၇)နှစ်ဖြစ်ပြီး ယခုလက်ရှိ ထိန်းသိမ်းဆဲဖြစ်သော ဆရာတော်ဦးဝေပုလ္လမှာ သက်တော် (၅၆) နှစ် ရှိပြီဖြစ်ကြောင်း ခေတ် အဆက်ဆက် လှော်လှေစောင့် ရှောက်ပေးခဲ့သော ဘုန်းတော်ကြီးများ၏ သက်တမ်းနှင့် အမည်နာမ များကို အင်းဝိုင်းကျေးရွာနေ ဦးပြေသိန်းထံမှ သိရသည်။

MOI Webportal Myanmar