Sea Games က ပေးတဲ့ အတွေးစများ

ပို့စ်တင်ချိန် - 12/20/2013 05:53:00 PM


မြန်မာပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ မြန်မာ အမျိုးသားဘောလုံးအသင်း ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ ရွှေ ရယူရေး အိပ်မက်ဟာ အင်ဒိုနီးရှားကို ရှုံးပြီး အုပ်စုအဆင့် ကတင် မြန်မာအသင်း ထွက်ခွာသွားခြင်းနဲ့အတူ ပြိုကွဲသွားပြီးတဲ့နောက်၊ အားမလိုအားမရ၊ မချင့်မရဲ ဖြစ် ကြရတဲ့ ပရိသတ်ကြီးက သူတို့ရဲ့ ဒေါသတွေကို အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေနဲ့အတူ ပေါက်ကွဲပြ လိုက်ပါတော့တယ်။


 ဆီးဂိမ်းက မြန်မာအမျိုးသမီး ဘောလုံးအသင်းမြင်ကွင်တခု၊ ဓာတ်ပုံ- မြန်မာဘောလုံး အဖွဲ့ချုပ် စာမျက်နှာ

ပြိုင်ပွဲအပြီးမှာတော့ မြန်မာဘောလုံးအသင်းရှုံးနိမ့်ရခြင်းနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်ခဲ့ရာ မှာ၊
မြန်မာအသင်း နည်းပြချုပ် ပက်ဆောင်ဟွာ က Head to Head စံနစ် (ထိပ်တိုက်တွေ့ဆုံရာမှာ အနိုင်ရတဲ့ အသင်းကို ဦးစားပေးတဲ့စနစ်) ကို မသိလို့ပါလို့ ပြောသလို၊ နည်းပြချုပ် ပက်ဆောင်ဟွာနဲ့ တိုက်စစ်မှုး
ကျော်ကိုကို တို့အကြား ပြသနာ ရှိလို့ ကျော်ကိုကို က ထိုင်ကန်တော့မှ ဒုတိယပိုင်းမှာ ၀င်ကစားခွင့်ရတယ် လို့ လည်း ကြားရပါတယ်။

နောက်ဆုံးတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က နည်းပြချုပ် ပက်ဆောင်ဟွာ ကို ထုတ်ပစ်လိုက်ပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားကို မြန်မာအသင်း ရှုံးနိမ့်ခဲ့ရတဲ့ သတင်းတွေ၊ မြန်မာဘောလုံး ပရိတ်သတ်ရဲ့ ပေါက်ကွဲခဲ့တဲ့ သတင်းတွေကို ဆက်တိုက်ဆိုသလို ကြားရပြီးတဲ့နောက် Eleven media ကလည်း U 23 အသင်းမန်နေဂျာ ဦးစိုးမိုးကျော်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ video သတင်းကိုလည်း တွေ့ရပါ တယ်။

ဦးစိုးမိုးကျော် ရှင်းထားတဲ့အထဲမှာ Head to Head စနစ်ကို နည်းပြချုပ် ပက်ဆောင်ဟွာ အနေနဲ့ မသိစရာ မရှိကြောင်း၊ သူတို့အနေနဲ့ အစည်းအဝေးတိုင်းမှာ ရှင်းပြကြောင်းနဲ့ ပက်ဆောင်ဟွာရဲ့ အားနည်းချက်တွေ
ဖြစ်တဲ့ တယူသန်တာ၊ သူသိ၊ သူတတ်၊ သူ့ကို အကြံပေးရင် နားမထောင်တာတွေကိုဘဲ အဓိကထား ပြော သွားပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာက နည်းပြချုပ် ပက်ဆောင်ဟွာကို Sea Games မစမီက မှ ခန့်ထားတာ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ဘရူနိုင်းဘုရင့်ဖလား အပြီးကတည်းက ခန့်ထားတာလို့ ဦးစိုးမိုးကျော်
ပြောတဲ့အထဲမှာ ပါပါတယ်။

ခန့်ထားတဲ့အခါမှာလည်း စာချုပ်စာတန်းနဲ့ နှစ်ဖက်သဘောတူမှ ခန့်တာဖြစ်တယ်လို့ ယူဆပါတယ်။ တကယ်လို့ ပက်ဆောင်ဟွာရဲ့ အားနည်းချက်တွေ၊ တယူသန်မှုတွေက စာချုပ်ပါအချက်တွေ၊ မြန်မာ
ဘောလုံး အသင်း အတွက် အောင်ပွဲတွေ ရယူမပေးနိုင်ဘူးလို့ ယူဆရင် စာချုပ် သက်တန်းပြည့်တဲ့ အထိ စောင့်စရာမလိုဘဲ စောစောစီးစီး လမ်းခွဲသင့် ခွဲရမှာ ဖြစ်ပါတယ်။

ပက်ဆောင်ဟွာဟာ လူတဦးတယောက်ရဲ့ စကားကိုဘဲ နားထောင် တယ်ဆိုရင် ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေအပေါ် မေးခွန်းထုတ်စရာရှိလာပါတယ်။

အင်္ဂလိပ်ပရီးမီးယားလိဂ် (English Primer League) ဘောလုံးပွဲတွေမှာလည်း အသင်းရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် အကောင်အထည်မဖော်ပေးနိုင်ဘူးလို့ ယူဆတဲ့ နည်းပြတွေ၊ မန်နေဂျာတွေ ကို စောစောစီးစီး လမ်းခွဲကြတာပါဘဲ။

ဒီဇင်ဘာလထဲမှာဘဲ စပါး (Totttenham Hotspur) အသင်းက လေဗာပူးအသင်း (Liverpool) အသင်းကို ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးတဲ့နောက် အသင်းမန်နေဂျာဖြစ်သူ Andre Villas-Boas ကို ထုတ်ပစ်ခဲ့ပါတယ်။

Andre Villas-Boas ဟာ ၂၀၁၂ ခုနှစ်မှာ ချယ်ဆီး (Chelsea) အသင်းမှာတာဝန်ယူခဲ့စဉ်ကလည်း ၉ လနဲ့ဘဲ အထုတ်ခံခဲ့ရဖူးပါတယ်။ ကျော်ကိုကို က အသင်းဆွေးနွေးပွဲမှာ သူမရှင်းတာ မေးတဲ့ အတွက်
မေးရကောင်းလား ဆိုပြီး ပက်ဆောင်ဟွာက ဒေါသပေါက်ကွဲတာ၊ ကျော်ကိုကို ကို ဖျောင်းဖြတဲ့နေရာ မှာ လည်း ကြီးတဲ့သူ၊ တာဝန်ရှိတဲ့သူ၊ ဆရာသမားဆို ဘာမှ အကျိုးသင့်၊ အကြောင်းသင့် ပြန်ပြောခွင့် မရှိဘဲ သူတို့ပြောသမျှနာခံဖို့ သွန်သင်ဆုံးမတာလည်း တိုးတက်ရာ တိုးတက်ကြောင်း တွေအတွက် လမ်းလွဲနေ တယ်လို့ မြင်ပါတယ်။

ဦးစိုးမိုးကျော်ရဲ့ ရှင်းလင်းချက်တွေမှာ မြန်မာဘောလုံးပရိသတ်ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးသလိုမျိုးဖြစ်တဲ့ အတွက် ၀မ်းနည်းကြေကွဲနေတာထက်၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်အနေနဲ့ အစွမ်းကုန် ကြိုးစား ပံ့ပိုးပေးပေမယ့် အခုလို ရှုံးနိမ့်မှုမျိုးကြုံရတဲ့အတွက် ဦးဇော်ဇော်အတွက် ယူကျုံးမရဖြစ်ပြီး မျက်ရည်လေး စမ်းစမ်း၊ စမ်းစမ်းနဲ့ ၀မ်းနည်း နေပုံရပါတယ်။

ကျနော်တို့မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုတွေနဲ့ ကြေကွဲနေချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ယခု အချိန်ထိ ရွှေ့တံဆိပ်အများဆုံးနဲ့ နိုင်ငံအလိုက် ထိပ်ဆုံးမှာ ရပ်တည်နေသလို၊ ထိုင်းအမျိုးသား အမျိုးသမီး ဘောလုံးအသင်းတွေဟာလည်း ရွှေရယူ နိုင်မယ့် အနေအထားတွေ တွေ့နေရပါတယ်။

ကျနော်တို့နိုင်ငံကတော့ ထိုင်းတွေကို ဘောလုံးအပါအ၀င် အားကစား၊ နိုင်ငံရေး၊ စီးပွားရေးအရ ဘယ်လိုမှ မယှဉ်နိုင်သေးတာ လက်တွေ့ဘဲဖြစ်ပါတယ်။

အထူးသဖြင့် အားကစားအနေနဲ့ပြောရရင် ထိုင်းတွေက မျက်စေ့ရှေ့မှာတင် စနစ်တကျ ပြုစုပျိုးထောင်နိုင် ကြလို့ အားကစားအဆင့်အတန်း မြင့်လာတာ တွေ့ရမှာပါ။

ကျောင်းတွေမှာ (အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း) ကလေးတွေကို ကျောင်းစာတခုထဲ သင်ကြားပေး တာ မဟုတ်ဘဲ၊ အများနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ (project)၊ အားကစားတွေပါ လေ့ကျင့် သင်ကြား
ပေးကြပါတယ်။

ဒါကြောင့် ငယ်ရွယ်၊ ထူးချွန်ပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားတွေကို မွေးထုတ် ပေးနိုင်ပါတယ်။ ကြက်တောင်၊ ဘောလုံး၊ လက်ဝှေ့၊ အလေးမ၊ ရေကူး၊ ပြေးခုန်ပစ်၊ ဘောလီဘော စတဲ့ အားကစားတွေ မှာ မြန်မာမပြောနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကပါ ထိုင်းတွေကို မယှဉ်နိုင်ကြပါဘူး။

ထိုင်းအမျိုးသမီး ဘောလီဘော အသင်း ဆိုရင် ကမ္ဘာ့အဆင့်မီတယ်လို့တောင် ပြောနိုင်ပါတယ်။ ထိုင်းနိုင်ငံ က ကြက်တောင်ကစားသမား Ratchanok Intanon ခေါ် May ဟာ အသက် (၁၈) နှစ်ဘဲရှိသေးပြီး ၂၀၁၃ ခုနှစ် အမျိုးသမီး တဦးချင်း ကြက်တောင်ချန်ပီယံလည်းဖြစ်၊ ကမ္ဘာ့အသက်အငယ်ဆုံး ချန်ပီယံလည်းဖြစ်ပါ တယ်။

ထိုင်းလက်ဝှေ့သမားတွေဟာလည်း ဒေသတွင်းမှာသာမက အိုလံပစ်လို ကမ္ဘာ့အဆင့်ပွဲတွေ မှာပါ
ရွှေတံဆိပ်တွေ ဆွတ်ခူးပေးနိုင်တာ တွေ့ရမှာပါ။ ဒါတွေဟာ စနစ်တကျ ပြုစုပျိုး ထောင်ပေးတဲ့ ရလဒ်တွေ လို့ မြင်ပါတယ်။

မြန်မာအမျိုးသားဘောလုံးအသင်း ရွှေအိပ်မက်နဲ့ လွဲခဲ့အပြီး ဘောလုံးနဲ့ ပတ်သက်လို့ အားလုံးရဲ့ မျှော်လင့် ချက် ဟာ မြန်မာအမျိုးသမီးဘောလုံးအသင်းပေါ် ပြောင်းရွှေ့ရောက်ရှိ သွားတယ်လို့ မြင်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က မန္တလေးမြို့မှာကန်တဲ့ ထိုင်းအမျိုးသမီးနဲ့ပွဲမှာ နည်းစနစ်ပိုင်းနဲ့ တဦးချင်းကျွမ်း ကျင် မှုမှာ ထိုင်းတွေက သာပေမယ့်၊ မြန်မာ အမျိုးသမီးအသင်းကတော့ မလျော့သော ဇွဲ၊ လုံ့လနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ယှဉ်ပြိုင်သွားတာ မြင်တွေ့ကြရပါတယ်။

ဒိုင်တွေရဲ့ အားနည်းချက်ရှိတယ်ဆိုပေမယ့် မြန်မာအမျိုးသမီး အသင်းဟာ သာမန် မိနစ် ၉၀ အတွင်း ဦးဆောင်ဂိုးသွင်းထားတဲ့ ထိုင်းအသင်းကို ချေပ ဂိုးပြန်သွင်းနိုင်တာ။ အချိန်ပို ၁၅ မိနစ်အတွင်းမှာလည်း ထိုင်းတွေက ဦးဆောင်ဂိုး သွင်းထားပေမယ့် မဆုတ်မနစ်နဲ့ ဆက်လက်ရင်ဆိုင်ရင်း ချေပဂိုးရအောင် စွမ်းဆောင် သွားနိုင်ပါတယ်။

ပယ်နယ်တီကန်သွင်း ဆုံးဖြတ်ရာမှာတော့ (၉ : ၈) ဂိုး (စုစုပေါင်းဆို ၁၁ : ၁၀ ဂိုး) နဲ့ ရှုံးနိမ့်သွား ပါတယ်။

ပယ်နယ်တီဆိုတာကတော့ ကမ္ဘာ့နာမည်ကြီး အကျော်အမော် ကစားသမားတွေတောင် လွဲချော်တတ်တာမို့ ဒါဟာ ရာနှုန်းပြည့်နားလည်ပေးလို့ရတဲ့ အရာဖြစ်ပါတယ်။

မြန်မာအမျိုးသားအသင်း နောက်ဆုံးထွက်ခွာသွားရဖို့ ဖြစ်လာတဲ့ အင်ဒိုနီးရှားနဲ့ ကန်တဲ့ပွဲမှာ မြန်မာအသင်း က ကစားသမားတွေလည်း အနိုင်ရဖို့၊ တိုင်းပြည်ရဲ့ ဘောလုံးရွှေအိပ်မက် ကို အကောင်အထည်ဖော်ပေးဖို့ ကြိုးစားကန်ကြမှာဖြစ်ပေမယ့်၊ မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းကို ရင်ဆိုင်၊ ယှဉ်ပြိုင်သွားတဲ့ စိတ် ဓာတ်နဲ့ ကြိုးစားမှုကိုတော့ မမီဘူးလို့ သုံးသပ်မိပါတယ်။

မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ထိုင်းအသင်းကို ဘောလုံးစည်းမျဉ်းစည်းကမ်းတွေ အရ အနိုင်ပေး လိုက်ရပေမယ့် သူတို့ရဲ့ အနိုင်မခံ၊ အရှုံးမပေးတဲ့စိတ်ဓာတ်၊ သန့်သန့်ရှင်း ရှင်းနဲ့ အိမ်ရှင်ပီသစွာ ယှဉ်ပြိုင် သွားတဲ့ မြင့်မားတဲ့ စိတ်အခြေခံတွေကတော့ သူတို့ကို မရှုံးနိမ့်စေခဲ့ပါဘူး။

မြန်မာပရိသတ်တွေရဲ့ သူတို့အပေါ်စာနာနားလည်မှုနဲ့ လက်ခံ အသိအမှတ်ပြုမှုကို အကောင်းဆုံး ရယူ သွားနိုင်ခဲ့ပါတယ်။

စနစ်တကျ ပြုစုပျိုးထောင်ပေးမယ့် နည်းစနစ်၊ တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ ဦးဆောင်မှု အုပ်ချုပ်မှုတွေ၊ အရှုံး ကို ရင်ဆိုင်တွေ့တဲ့အခါ တဦးကို တဦးအပြစ်ပုံချနေမယ့်အစား စနစ်တကျ သုံးသပ်မှုတွေ၊ လက်ခံမှုတွေနဲ့ အတူ အားကစားသမားတွေရဲ့ ကြံ့ခိုင်တဲ့စိတ် ဓာတ်၊ အသန့်ရှင်းဆုံး ယှဉ်ပြိုင်မှုတွေကသာ မြန်မာ့အားကစား အဆင့်အတန်း ကို မြှင့်တင်နိုင် မယ်လို့ ထင်မြင်မိပါတယ်။

ဟန်ပိုင် ~
ဧရာဝတီ သတင်း