ဘရူနိုင်းတွင် ရှာရီရာ ဥပဒေ စတင်ကျင့်သုံးမည်ဟု အတည်ပြုကြေညာ

ပို့စ်တင်ချိန် - 5/01/2014 09:43:00 AM



ဘရူနိုင်းတွင် ရှာရီရာ ဥပဒေ စတင်ကျင့်သုံးမည်ဟု အတည်ပြုကြေညာ ရေနံကြောင့် ကြွယ်ဝချမ်းသာနေသည့် အရှေ့တောင်အာရှ နိုင်ငံမှ ဆူလ်တန်စော်ဘွားက အဆိုပါ စည်းမျဉ်းပြောင်းလဲမှုကို အတည်ပြု ကြေညာခဲ့သည်

ဘရူနိုင်း နိုင်ငံတွင် တရားစီရင်ရေး ကဏ္ဍ၌ အစ္စလာမ်မစ် ရှာရီရာ ဥပဒေကို စတင်ကျင့်သုံးတော့မည်ဟု သိရှိရသည်။ ရေနံကြောင့် ကြွယ်ဝချမ်းသာနေသည့် အရှေ့တောင်အာရှ နိုင်ငံမှ ဆူလ်တန်စော်ဘွားက အဆိုပါ စည်းမျဉ်းပြောင်းလဲမှုကို အတည်ပြု ကြေညာခဲ့သည်။ ကြာသပတေးနေ့တွင် ယင်းသတ်မှတ်ချက် စတင်အကျုံးဝင်မည်ဖြစ်ပြီး ယင်းအခြေအနေသည် အစိုးရအဖွဲ့အပေါ် ပြည်တွင်း၌ ရှားရှားပါးပါး ဝေဖန်မှုများ ကြုံတွေ့စေခဲ့သည်။ ထို့အပြင် နိုင်ငံတကာ အသိုက်အဝန်းကလည်း ဥပဒေကဏ္ဍတွင် ဘာသာရေးစည်းမျဉ်းများ ကျင့်သုံးမှုကို ကန့်ကွက်သည့် အခြေအနေများ ရှိနေသည်။

“အလ္လာအရှင်မြတ်ရဲ့ ကျေးဇူးတော်အပေါ် ယုံကြည်မှုနဲ့အတူ မနက်ဖြန်၊ မေလ(၁)ရက်နေ့မှာ ရှာရီရာဥပဒေ ပြောင်းလဲမှု အဆင့်(၁)ကို အစပြုမယ်လို့ ကျွန်ုပ်ကြေညာအပ်တယ်။ ကျန်တဲ့ အဆင့်တွေကလည်း ဆက်တိုက် လိုက်ပါလာမှာ ဖြစ်ပါတယ်”ဟု ဘရူနိုင်းစော်ဘွား ဟာဆန်နယ်လ် ဘိုလ်ကီရာက ဘမ်ဒါဆရီ ဘီဂါဝမ် မြို့တော်တွင် အမိန့်စတင် ထုတ်ပြန်ခဲ့သည်။ စော်ဘွား၏ ဗုဒ္ဓဟူးနေ့ အတည်ပြုချက်သည် ယခုနှစ် အစောပိုင်းကတည်းက အစပြုခဲ့သည့် အငြင်းပွားစရာ အခြေအနေများကို မျက်ကွယ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

ဘရူနိုင်း နိုင်ငံသား အများစုက ပြင်းထန်စွာ ကြိမ်ဒဏ်ပေးခြင်း၊ ခြေလက်ဖြတ်တောက်ခြင်း၊ ကျောက်တုံးဖြင့် ပစ်ပေါက်၍ သတ်ဖြတ်ခြင်းစသည့် ပြစ်ဒဏ်များ ပါဝင်သည့် ရှာရီရာဥပဒေကို ကျင့်သုံးရန် မလိုလားကြောင်း Social Mediaများတွင် ဆွေးနွေး ပြောဆိုခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံရသည့် အသက်(၆၇)နှစ်အရွယ် စော်ဘွားက ဘရူနိုင်းအနေဖြင့် အစ္စလာမ် ဥပဒေ၏ အရိပ်အောက်တွင် မဖြစ်မနေ ခိုဝင်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။

“သီအိုရီတွေက အလ္လာအရှင်မြတ်ရဲ့ ဥပဒေသတွေဟာ မမျှတဘူး၊ ရက်စက်တယ် ဆိုတာမျိုးတွေ ညွှန်းဆိုကြတယ်။ ဒါပေမဲ့ အလ္လာအရှင်မြတ် ကိုယ်တိုင်က ဒီဥပဒေတွေဟာ အမှန်တကယ် မျှတတယ်ဆိုတာ အာမခံထားပြီးသား ဖြစ်တယ်”ဟုလည်း စော်ဘွားက ဆိုသည်။ ဘရူနိုင်း နိုင်ငံသည် စွမ်းအင်ရင်းမြစ် ကြွယ်ဝမှုကြောင့် အာရှတိုက်တွင် ပညာရေး၊ ဆေးပညာ ဖွံ့ဖြိုးမှုများဖြင့် နေထိုင်မှု အဆင့်အတန်း အမြင့်ဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံသားများ အနေဖြင့်လည်း ထောက်ပံ့ကြေး အမြောက်အမြား ရရှိနေခြင်းကြောင့် အစိုးရကို ဝေဖန်ဆန့်ကျင်မှု အလွန်နည်းပါးကြောင်း သိရှိရသည်။

Planet Myanmar Network.