အသက်(၇၀)ကျော် အဘဖြစ်သူက အသက်(၁၅)နှစ်အရွယ် မြေးမလေးကို သားမယားအဖြစ် အဓမ္မပြုကျင့်

ပို့စ်တင်ချိန် - 5/01/2014 06:47:00 PM


သတင်း၊ ကိုတိုးကြီး
ဟုမ္မလင်း၊ မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဟူးနောင်ကျေးရွာတွင် ဧပြီလ ၃၀ ရက်နေ့က အသက်(၇၀)ကျော် အဘိုးဖြစ်သူက အသက်(၁၅)နှစ်အရွယ် မြေးမလေးကို သားမယားအဖြစ် အဓမ္မပြုကျင့် ခဲ့သည့် ဖြစ်စဉ်တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဌာနစိတ်မှ သိရသည်။

“ လွန်ခဲ့တဲ့ ခြောက်လကတည်းက အဘဖြစ်သူက သူ့မြေးမလေးကို သားမယားအဖြစ်အကြိမ်ကြိမ် အခါခါ ပြုကျင့်ခဲ့တာဖြစ်ပါတယ်..။ အခုဆိုရင် ကောင်းမလေးက ကိုယ်ဝန် လေးလရရှိနေပါပြီ…” ဟု ဟုမ္မလင်းမြို့မ ရဲစခန်းရှိ အမှုစစ်ရဲအရာရှိတစ်ဦးမှ ပြောပြသည်။
အဆိုပါ ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ ၂၀၁၃ ခုနှစ် ဇွန်လခန့်က အသက်(၇၁)နှစ်အရွယ် ဦး …ဆိုသူ သည် သူ၏မြေးတော်စပ်သူ အသက်(၁၅)နှစ်အရွယ် မ….ဆိုသူအား ဟူးနောင်ကျေးရွာနှင့်(၂)မိုင်ခန့်အကွာ ရှိ တောတွင်းတစ်နေရာသို့ တောင်ကောင်ဖမ်းရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်းနေရာ တွင် အဘဖြစ်သူက သူ၏မြေမလေးကို သားမယားအဖြစ် စတင်ပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် နေအိမ်၌တွင်လည်း အဘဖြစ်သူက သူ၏ဇနီးဖြစ်သူမရှိခိုက်အချိန်များတွင် အဆိုပါ မြေးမလေး အား အကြိမ်ကြိမ်အခါခါ သားမယားအဖြစ်ပြုကျင့်နေထိုင်ခဲ့ရာ ယခုနှစ် သင်္ကြန်ကာလအတွင်း ဧပြီ ၁၅ ရက်နေ့ကလည်း ပြုကျင့်ခဲ့သေးသည်။ ထို့ကြောင့် မြေးမလေးဖြစ်သူမှာ ကိုယ်ဝန်လေးခန့်ရရှိခဲ့ပြီး ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ အမှုအား ဟုမ္မလင်းမြို့မရဲစခန်းက(ပ)၅၉/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရအမှုဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဆက်စပ်



ကိုတိုး ချင်းတွင်း