လယ်ကွင်းအတွင်း အမျိုးသားတစ်ဦး သေဆုံးမှု လူသတ်မှုဖြင့် အမှုဖွင့် စုံစမ်းဖော်ထုတ်နေ

ပို့စ်တင်ချိန် - 5/01/2014 08:34:00 AM


Written by ဇော်ဇော်ထွေး

လယ်ကန်သင်းရိုးတွင် အမျိုးသားတစ်ဦး ခေါင်းပြတ်ရှဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေမှုကို ဒဂုံဆိပ်ကမ်း ရဲစခန်းက ဧပြီ ၂၈ ရက်တွင် လူသတ်မှုဖြင့် အမှုဖွင့်ပြီး ရှာဖွေဖော်ထုတ်နေသည်ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လူသေအလောင်းတွေ့ရှိမှုကို ညောင်ပင်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးခင်မောင်ဦးက ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က အကြောင်းကြားသဖြင့် မြို့နယ် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာကို သွား ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ညောင်ပင်ကျေးရွာ၊ အရှေ့ဘက် လယ်ကွင်း လယ်ကန်သင်းရိုးတွင် ညောင်ပင်ရွာရှိ ဦးရဲနိုင်ထံတွင် လယ်သူရင်းငှားလုပ်ကိုင်နေသည့် ဦးအေးညိမ်း (၅၂)နှစ်ကို ဦးခေါင်း ထိပ် ပြတ်ရှဒဏ်ရာ နှစ်ချက်ရရှိပြီး မှောက် လျက်သေဆုံးနေသည်ကို ရဲက တွေ့ရှိထား ခြင်းဖြစ်သည်။

ထို့ကြောင့် အလောင်းကို မြောက်ဥက္ကလာပဆေးရုံသို့ စစ်ဆေးရန် ပို့အပ်ရာ ဆေးရုံက ပီအာရ် ၃၂ ဖြင့် လက်ခံထားသည်။

ယင်းသေဆုံးမှုတွင် အသတ်ခံရသည် ဟုယူဆရသဖြင့် လူသတ်သူကို ဖော်ထုတ်ပေးရန် ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးခင်မောင်ဦးက အမှုဖွင့်တိုင်တန်းသဖြင့် ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ သရက်ပင်ချောင်နယ်မြေ ရဲစခန်း က (ပ)၂၄/၂၀၁၄ ဖြင့် အမှု ဖွင့် စစ်ဆေးနေသည်။

ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ရမိပါက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲတင် အရေးယူသွားမည်ဟု သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

Mizzima Burmese