ကမ္ဘာဖလားပြိုင်ပွဲတွင် စပိန်အသင်း ပိုမိုတောင့်တင်းလာမည်ဟု အင်နီယေစတာ ဆို

ပို့စ်တင်ချိန် - 6/02/2014 06:36:00 AM


ဇွန်လတွင် ဘရာဇီးလ်၌ ကျင်းပမည့် ကမ္ဘာဖလား ပြိုင်ပွဲတွင် စပိန်အသင်း အနေဖြင့် ယခုထက် ပိုမိုတောင့်တင်းလာလိမ့်မည်ဟု ယုံကြည်ကြောင်း အင်ဒရီစ် အင်နီယေစတာက ပြောကြားခဲ့သည်။

သောကြာနေ့က ဘိုလီဗီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာ ကွင်းလယ် ကစားသမားက စပိန်အသင်းသည် ဇွန်လ ၁၃ ရက်တွင် နယ်သာလန်နှင့် ယှဉ်ပြိုင်ရမည့် ကမ္ဘာဖလားပြိုင်ပွဲ အဖွင့် ပွဲစဉ်၌ ယခုထက် ပိုမိုတောင့်တင်းလာမည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။

“အသင်း လူစာရင်းကို နည်းပြက ဘယ်လိုပဲ ဆုံးဖြတ်ပါစေ အသင်းအနေနဲ့ အခုထက် ပိုပြီး တောင့်တင်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို ဒီနေ့ပွဲမှာလည်း အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်” ဟု အင်နီယေစတာက ပြောကြားခဲ့သည်။

ထို့အပြင် ပထမပိုင်း အပြီးတွင် အင်နီယေစတာနှင့် လူစားလဲ ကစားခဲ့သည့် ဟွမ်မာတာကလည်း ဒယ်ဘော့စကေး၏ ကွင်းလယ် ကစားသမား ရွေးချယ်နိုင်ခွင့်နှင့်အတူ အသင်းမှာလည်း ပိုမိုတောင့်တင်းလာကြောင်း သုံးသပ်ခဲ့သည်။

“စပိန်အသင်းမှာ ကစားသမား မျိုးစုံရှိပါတယ်။ အသင်းမှာ ကွင်းလယ်တောင်ပံမှာ ကစားနိုင်တဲ့ ဂျီးဆက်စ် နာဗက်စ်နဲ့ ဂျရတ် ဒူလိုဖူ ကွင်းလယ်မှာ ကစားနိုင်တဲ့ ဒေးဗစ်ဆေးလ်ဗား၊ အင်နီယေစတာနဲ့ ကျွန်တော်တို့ ရှိပါတယ်။ ဒီလို ရွေးချယ်စရာတွေ အများကြီးရှိတာဟာ အသင်းအတွက် သိပ်ကောင်းတဲ့ အချက်ပါ” ဟု မာတာက ပြောကြားခဲ့သည်။
Ref: goal

soccer myanmar