ပိုမို ဆန်းကြယ်လာနေတဲ့ မလေးရှား လေယာဉ်ပျောက်ဆုံးမှု



ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်နဲ့ပတ်သက်ပြီး အချိန်ကြာလာလေ ပိုပြီး ဆန်းကြယ်မှုတွေ မြင့်မား လာနေပါတယ်။

ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ်မှာ ဥရောပ နိုင်ငံသား ၂ ဦးရဲ့ ခိုးယူခံခဲ့ရတဲ့ ပတ့်စ်ပို့တွေကို အသုံးပြု ထား တဲ့ ခရီးသည် ၂ ဦး ပါတယ်ဆိုတဲ့ ကနဦးသတင်းတွေနဲ့ အတူ သူတို့ဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ လည်း မလေးရှား ကွာလာလမ် ပူလေဆိပ်က စီစီ တီဗွီတွေ ကြည့်ပြီး စိစစ်နေတယ်လို့ မလေးအစိုးရ တာဝန်ရှိသူ တွေက ပြောပါတယ်။

မလေးရှား ပို့ဆောင်ရေးဝန်ကြီး ဟီရှာမဒ်ဒင် ဟူစိန်က လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေထဲက ၄ ဦး ကို ဘယ်သူတွေ ဖြစ်တယ်ဆိုတာ သိရှိဖို့ စိစစ်မှုတွေ လုပ်နေပြီး ပျောက်ဆုံး လေယာဉ်ကိစ္စ နိုင်ငံတကာ အကြမ်းဖက်တိုက် ဖျက်ရေး အဖွဲ့တွေ အပါအဝင် အမေရိကန် FBI နဲ့ အခြား နိုင်ငံတကာ ထောက်လှမ်းရေး အဖွဲ့တွေ၊ ကျွမ်းကျင် ပညာရှင် အဖွဲ့တွေနဲ့ ပူး ပေါင်း လက်တွဲပြီး အစွမ်းကုန် ကြိုးစားနေတယ် လို့ မတ်လ ၉ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သြစတြီးယားနဲ့ အီတလီ အစိုးရ တာဝန်ရှိသူတွေကတော့ ပျောက်ဆုံး လေယာဉ်မှာ ပါသွားတဲ့ ခရီးသည်ထဲ ပါသူတွေထဲမှာ သူတို့ နိုင်ငံသား ၂ ဦးဟာ သူတို့ရဲ့ ပတ့်စ်ပို့တွေဟာ ထိုင်းနိုင်ငံမှာ ခိုးယူခံခဲ့ရတာဖြစ်ပြီး အဲဒီ လေယာဉ်ပေါ် ပါသွားမှု မရှိပဲ ကျန်းမာစွာ ရှိနေတယ်လို့ အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။

ဘီဘီစီ သတင်းတခုမှာတော့ ကွာလာလမ်ပူကနေ ပီကင်းအသွား ပျောက်ဆုံးနေဆဲ လေယာဉ်ပေါ်က အဲဒီ ခိုးယူပတ့်စ်ပို့ ကိုင် ဆောင်ထားသူ ၂ ဦးဟာ ပီကင်းကနေ ဥရောပကိုလည်း လေယာဉ်လက်မှတ်တွေကို တချိန်တည်း ဝယ်ယူထားတဲ့ အထောက် အထားတွေ့တယ်လို့ ရေးသားထားပါတယ်။

ပျောက်ဆုံး လေယာဉ်ဟာ နောက်ကြောင်းပြန်လှည့်ကောင်းလှည့်သွားနိုင်တဲ့ လမ်းကြောင်းကို တွေ့ထား တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် မလေးရှားလေကြောင်းလိုင်းအနေနဲ့ကတော့ အခုထိ လေယာဉ်ကို ပျက်ကျတယ်လို့ အတည်ပြု ထုတ်ပြန်မှု မလုပ်သေးသလို အကြမ်းဖက်မှုကြောင့်ဆိုတာလည်း ပြောလို့ မရသေးဘူးလို့ ဆိုထားပါတယ်။

အခက်အခဲဖြစ်ခဲ့တယ်၊ တခုခုဖြစ်တယ်ဆိုရင်လည်း  လေယာဉ်မှူးတွေရဲ့ဆက်သွယ်မှုလည်း မရှိခဲ့သလို
အလိုအလျှောက် အရေးပေါ် အကူအညီတောင်းတဲ့ စက်တွေကလည်း ဘာမှ သတင်းမပို့ခဲ့ပါဘူးတဲ့။

ဒါကလည်း ၂ ရက်ကြာလာတဲ့တိုင် နိုင်ငံစုံ ကူညီကယ်ဆယ်ရေး လေယာဉ်တွေနဲ့ သင်္ဘောတွေဟာ ပျောက် ဆုံးသွားတဲ့ နေရာလို့ ယူဆရတဲ့ ပတ်ဝန်းကျင်မှာ လေယာဉ် ကို ရှာဖွေနေဆဲပါ။

ပထမ ပင်လယ်ပြင်မှာ ဆီအကွက်ကြီးတွေ့တယ်၊ နောက် လေယာဉ်ပျက်လို့ ယူဆရတဲ့ ပစ္စည်းတခုတွေ့ တယ်၊ စတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် ပျောက်ဆုံး လေယာဉ်ရဲ့ ပျက်စီး အပိုင်းအစဆိုပြီး အတည်ပြု လို့ရတဲ့ သဲလွန်စ ဘာ တခုမှ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အရမ်းထူးဆန်းနေတယ်လို့ သတင်း
တွေက ရေးနေကြတာပါ။

တရုတ်ပြည်ကလာတဲ့ သတင်းမှာ ထူးဆန်းမှုတခုကတော့ လေယာဉ်ပေါ် ပါသွားတဲ့ တရုတ်ခရီးသည် တဦး ရဲ့ လက်ကိုင် ဖုန်းကို သူ့ မိသားစုဝင်တဦးက ဖုန်းဆက်သွယ်ခဲ့ရာမှာ တယ်လီဖုန်းက Ring Tone မြည်
ပေမယ့် တဖက်က လက်ခံဖြေ ကြားမှု မရှိဘူးဆိုတဲ့ ဗီဒီယို ဖိုင်တခုလည်း ထပ်မံပေါ်ထွက်လာပြန်ပါတယ်။

ဒီတော့ ပျောက်ဆုံး မလေးရှားလေယာဉ်ဟာ ဘာဖြစ်နေတာလဲ ဆိုတဲ့ မေးခွန်းတွေလည်း ဆင့်ကဲ ထွက်
ပေါ် လာ ပါတယ်။ လေယာဉ်ပေါ်က လူရဲ့ တယ်လီဖုန်းက Ring Tone မြည်ပြီဆိုတော့ ဆက်သွယ်လို့ရခဲ့ တာ ဟာ ဆက်သွယ်မှု ဧရိယာထဲမှာ ရှိတယ်လို့ ပြောရမှာမို့ ဒါဆို လေယာဉ်ဟာ ဘယ်နေရာရောက်နေလဲ ဆိုပြီး ပိုပြီး ဆန်းကြယ်မှုတွေဖြစ်ပွား လာနေပါတယ်။



အိမ့်သံစဉ် ~

ဆက်စပ်သတင်း 

ဧရာဝတီ

မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာ၌ မီးလောင်မှုဖြစ်ပွား မိမိနေအိမ် မိမိဘာသာမီးရှို့သူအား ကျေးရွာရှိ မျက်မြင်သက်သေများက တွေ့ရှိသတင်းပေးခဲ့သဖြင့် စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိ


ရန်ကုန် မတ် ၉

မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မိမိအိမ်ကို မိမိဘာသာမီးရှို့ခဲ့သူအား ကျေးရွာနေ မျက်မြင်သက်သေများ၏ သတင်းပေးချက်အရ သိရှိရသဖြင့် စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက် သေဆုံးမှု မရှိကြောင်း သိရှိရသည်။

ယနေ့နံနက်(၁၀)နာရီကျော်ခန့်တွင် ဒုချီးရားတန်း အလယ်ရွာ၌ မီးလောင်မှုဖြစ်ပွားရာ ဘာသာရေး အဆောက်အအုံအငယ်တစ်လုံး၊ ဓနိမိုး၊ ထရံကာ လူနေအိမ်(၁၂)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး နံနက်(၁၁)နာရီ (၄၅)မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်ရခြင်းမှာ ယင်းကျေးရွာနေ ဆော်ဒီမူလာ(အသက် ၄၂ နှစ်) (ဘ)ဦးမိုက်တာက မိမိအိမ်ကို မိမိဘာသာဓာတ်ဆီဖျန်းပက်ပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ယင်းကျေးရွာနေ ဒေါ်ဟာလာမာဟာဒူ (အသက် ၆၀)နှင့် မဟာမီဒါ (အသက် ၃၀)တို့က မျက်မြင်သက်သေများအဖြစ် ထွက်ဆို ခဲ့ကြကြောင်း သိရှိရသည်။
မီးစတင်လောင်ကျွမ်းနေကြောင်း သတင်းရရှိလျှင် ရရှိချင်း နယ်မြေခံရဲတပ်ရင်းမှ ရဲမှူး မင်းဦး ဦးစီးအဖွဲ့၊ မောင်တောခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သောင်းထွန်း ဦးစီးအဖွဲ့ပူးပေါင်း၍ အခင်းဖြစ်ပွားရာသို့ သွားရောက်ပြီး မီးငြှိမ်းသတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ မွန်းလွဲ(၂)နာရီခန့်တွင် ရဲတပ်ရင်းများကွပ်ကဲရေးမှူး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း၊ ဒုချီးရားတန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ မျက်မြင်သက်သေ နှစ်ဦး၏ထွက်ဆိုချက် များအရလည်းကောင်း၊ မီးစတင်လောင်ကျွမ်းသည့် ဆော်ဒီမူလာ၏နေအိမ်ရှိ စပါးကျီမှာ ကြိုတင်ရွှေ့ပြောင်း ထားသည့် အနေအထားများတွေ့ရှိရခြင်း၊ မီးလောင်ကျွမ်းသည့်အချိန်တွင် ၎င်းတို့မိသားစုမှာ မီးငြှိမ်းသတ်မှုမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိရသဖြင့်လည်းကောင်း ရှို့မီးဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်မှာ “ဒုချီးရားတန်း အလယ်ကျေးရွာမှာ နေထိုင်နေတာ လက်ရှိလူဦးရေ ၄၅၀ လောက်ရှိပါတယ်။ တချို့ယောက်ျားတွေကတော့ နေ့ဘက်ရှောင်နေပြီး ညဘက်မှာ ကိုယ့်နေအိမ်ကိုယ်ပြန်လာကြတာလည်းရှိပါတယ်။ အခုဖြစ်တာက ဆော်ဒီမူလာဆိုသူက ဓာတ်ဆီထည့်ထားတဲ့ရေသန့်ဘူးကို အိမ်ပတ်ဝန်းကျင်မှာဝှေ့ယမ်းပက်ဖျန်းပြီး မီးစတင်ရှို့ခဲ့တယ်လို့ အဲဒီရွာက မျက်မြင်သက်သေနှစ်ဦးက ပြောပြတဲ့အထောက်အထားခိုင်ခိုင်လုံလုံရရှိပါတယ်။ သူတို့ကို စစ်ဆေးတဲ့အချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူနဲ့ကျေးရွာစာရေး ဦးသန်းထွန်းဦးတို့ သက်သေအဖြစ်ရှိပြီး စကားပြန် အဖြစ် အိုလီ ဆိုသူက မေးမြန်းဖြေကြားပေးတာဖြစ်ပါတယ်။ ဆော်ဒီမူလာဆိုတဲ့သူက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဖြစ်စဉ်မှာပါဝင်တယ်လို့ သံသယရှိသူဖြစ်ပြီး တရားခံပြေးအဖြစ် သတ်မှတ်ခံထားတဲ့သူလည်း ဖြစ်ပါတယ်။ အခု မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ ငွေကျပ် ခြောက်သိန်းလေးသောင်းလောက် ရှိမယ်လို့ ခန့်မှန်းထား ပါတယ်”ဟု ပြောပြခဲ့သည်။

MOI Webportal Myanmar

မလေးပျောက်ဆုံးလေယာဉ်ပေါ်မှ တရုတ်ခရီးသည်တစ်ဦး၏လက်ကိုင် ဖုန်းအား ဆက်သွယ်၍ ရခဲ့၊ သို့သော် တစုံတရာပြန်လည်ဖြေကြားခြင်းမရှိ



ပျောက်ဆုံးနေသော မလေးလေကြောင်းလိုင်းမှ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသွားသည့် တရုတ်ခရီးသည်တစ်ဦး၏ လက်ကိုင်ဖုန်းအား ဆက်သွယ်ခေါ်ဆို၍ ရခဲ့ကြောင်း၊ သို့ရာတွင် မည်သူမျှ ဖုန်းကို ပြန်လည်ဖြေ ဆိုခဲ့ခြင်းမရှိကြောင်း ယူကေအခြေဆိုက် The Mirror သတင်းဌာန က ရေးသားဖော်ပြထားပါသည်။ The Mirror သတင်းဌာနက ခရီးသည်ထံ ဖုန်းဆက်သွယ်နေသည့် ဗီဒီယိုဖိုင်ကိုပါ တင်ပြထားသည်။

တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ တရုတ်မိသားစုများက လေယာဉ်ပေါ် တွင် စီးနင်းလိုက်ပါသွားသော ၄င်းတို့၏ ဆွေမျိုးများထံ တယ်လီဖုန်းဆက် သွယ်၍ ရကြောင်း၊ သို့ရာတွင် ပြန်လည်ဖြေဆိုခြင်းမျိုးကိုမူ လက်ခံရရှိခြင်း မရှိကြကြောင်း သိရသည်။ ထို့ကြောင့် MH 370 လေယာဉ်ကြီး၏ ကြမ္မာကို မည်သို့ဆုံးဖြတ်ရမည်ဆိုသည့် အမေးပုစ္ဆာအတွက် သံသယပွားစရာများ များသထက်များလာနေသည်။

Flight Global မဂ္ဂဇင်း၏ အယ်ဒီတာတဦးဖြစ်သူ လေယာဉ်မှူး ဒေးဗစ်လဲ ယာမောင့်က "တခုခုဖြစ်တဲ့အချိန်မှာ၊ လေယာဉ်မှူးက ဘာဖြစ်နေလဲ ဆိုတာကို ဘယ်သူ့ကိုမှ မပြောဘူးဆိုရင် ဒါဟာ တော်တော် ထူးခြားနေပြီ။ လေယာဉ်မှူးက အရေးပေါ်အချက်ပြဖို့ ပျက်ကွက်ခဲ့ တယ်ဆိုရင် ဒါဟာ သဘာဝမကျဘူး၊ အချက်ပြဖို့လည်း အချိန်တွေ အများကြီး ရှိနေခဲ့တာပဲ၊ တခုရှိတာက လေယာဉ်ပေါ်မှာ ဗုံးထောင်ထားတာမျိုး ဆိုရင်တော့ အချက်ပြဖို့ ခဲယာဉ်းမှာပေါ့၊ ဒါပေမယ့် ဗုံးထောင်ထားတဲ့ အရိပ်လက္ခဏာလည်း မတွေ့ရဘူး" ဟု မှတ်ချက်ပေးခဲ့သည်။

Ref: tinyurl.com/l68jmyf

http://www.mirror.co.uk/news/world-news/missing-malaysia-airlines-eerie-moment-3222919
Myawady News

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် သီးခြားဆွေးနွေး



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် သမ္မတလယ်တောရိပ်သာမှာ ဒီကနေ့ ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့တွေ့ဆုံတာဟာ နိုင်ငံကောင်းရာကောင်းကျိုး ပူးပေါင်းဆောင်ရွက်နိုင်တာတွေကို ဆွေးနွးဖို့ တွေ့ဆုံတာဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ပြောပါတယ်။

"ဒီကနေ့ညနေ ၅ နာရီတွေ့ပါတယ်၊ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်က နဂိုကတည်းက မတူတာတွေခွဲလုပ်မယ်၊ တူတာတွေတွဲလုပ်မယ်ဆိုတဲ့ အဆင့်ကိုသွားတယ်၊ ဒုတိယအဆင့်ကျတော့ တူတဲ့ဟာတွေကို ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းဆွေးနွေးပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတဲ့အဆင့်ကို သွားတယ်ဆိုပြီးတော့ ခေါင်းဆောင်တွေက စံနမူနာပြပြီးတော့လုပ်တယ်၊ အလားတူပဲ သမ္မတကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခဏ တွေ့ဆုံလျှက်ရှိပါတယ်၊ ပြောရရင်တော့ မောင်နှမလို ဆွေးနွေးတိုင်ပင်တာရှိပါတယ်၊ ခုအခါလည်း နှစ်ယောက်တည်း သီးခြားတွေ့တာပါ၊ နိုင်ငံ့ကောင်းရာကောင်းကျိုး ပူးပေါင်းဆောင်ရွက်မယ့်ဟာတွေ ဆွေးနွေးတာပါ"

အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ လေးပွင့်ဆိုင်တွေ့ဆုံဖို့ တောင်းဆိုခဲ့တာကို သမ္မတ ဦးသိန်းစိန်က ငြင်းပယ်ခဲ့ပါတယ်။

အဲဒီအချိန်နောက်ပိုင်းမှာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ယောက်တည်း သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာကိုတော့ မသိရှိရသေးပါဘူး။

RFA Burmese

လှံဖျားနားသည့် ပုစဉ်းနှင့် ဖင်ကျိန်းနေသော ကျီးကန်း



တပ်ခ်....
မာမီအန်းကုံး တောက်ခေါက်လိုက်ခြင်း ဖြစ်သည်။
လျှာလိမ်နေသဖြင့် တောက် ... ဟု မမြည်ဘဲ တပ်ခ်ဟု မြည်ခြင်း ဖြစ်သည်။

စိတ်နာနေသည်။
စိတ်ရှိလက်ရှိ ဝုန်းပလိုက်ချင်သည်။ ဒီလောက် တစ်သက်လုံး ဖလန်းဖလန်းထပြီး သူငယ်တွေ ထောင်လာတာ မနည်းမနော။ အခုတောင် သူငယ်သုံးကောင်က အဆင်သင့်။ အခုတော့ သူများ လက်ဦးသွားပြီ။ မြန်မာ့ပထမဆုံး ဆိုသည့် ဂုဏ်ပုဒ်ကို မရနိုင်တော့။
မျိုးမင်းထက်နှင့် တင်ကိုကိုတို့က မြန်မာ့ပထမဆုံး ဖြစ်သွားပြီ။

ကြားကြလိမ့်မည်။ လိင်တူချစ်သူ နှစ်ဦး မင်္ဂလာဆောင်သည့် သတင်းကို။

တကယ်ဆို ကိုယ်က အရင်လုပ်ရင် ကိုယ်က နာမည်ကြီးမည်။ ဂျာနယ်တွေ၊ သတင်းစာတွေမှာ မျက်နှာဖုံးတွေ အဖြစ် ပါလာမည်။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရပြီ။ အမှန်တကယ် ဆိုလျှင် ကိုယ်နှင့် မင်္ဂလာဆောင်မည့် သူငယ်တွေ အပုံကြီး ရှိသည်။ ကိုယ်က အများကြီး အမ်းထားတာပဲ။

တကယ်တော့ မိမိသရမ်းမှုကြောင့် ဖြစ်သည်။ ဘယ်တော့မှ ငြိမ်ငြိမ်မနေချင်။ စပ်စလူး ထချင်သည်။ ဖလန်းချင်သည်။ ငယ်သေးသည်။ လူအများကြီးနှင့် တွေ့ဖူးချင်သည်။ အကိတ်ကြီးတွေနဲ့လည်း ဆုံဖူးချင်သည်။ ဒါကြောင့် တစ်ယောက်တည်းကို အတည်တကျ မယူထားခြင်း ဖြစ်သည်။

ဒီလို မယူတာတောင် သူငယ်တွေက အတင်းလိုက်ကပ် နေသဖြင့် ခါချနေရသည်။ ကိုယ်က ပိုးစိုးပက်စက် အမ်းတာကိုး။

သူတို့တစ်တွေ အခုလို မင်္ဂလာဆောင်လိုက်တော့ အများကြီးနဲ့ကဲလို့ ဘယ်ရပါတော့မလဲ။ သူတို့လုပ်မှ ကိုယ်တွေရဲ့ သူ့လင်ကိုယ်ယူ၊ ကိုယ့်လင်သူပေးနဲ့ လင်အငှားချ စနစ်ကြီးတောင် ပျက်လာဖို့ ရှိသည်။

ကိုယ့်မလဲ ပြောလိုက်ရင် အမ်းတယ်ဆိုတဲ့ စကားက သိပ်ပါတာ။ ဒါကြောင့်လည်း ကိုယ့်ကို အန်းကုံးလို့ ခေါ်တာလေ။ ဟိဟိ။
သြော်.. ဘာပဲဖြစ်ဖြစ် ကိုယ်တို့လို ဘဝတူ လိင်တူ ချစ်သူချင်း ယူတာ ဆိုတော့လည်း အားပေးရမှာပေါ့။

ကိုယ်တွေက အချင်းချင်း ဝုန်းတယ် ဆိုပေမယ့် အခြား လူ့အဖွဲ့အစည်းတွေ ထက်တော့ စည်းရုံးသည်။ မစည်းရုံးလို့လည်း ဘယ်ရမလဲ။ လူတွေက သိတဲ့အတိုင်း ကိုယ်တွေဆိုရင် ရွံ့သလိုလို၊ မုန်းသလိုလိုနဲ့ နားလည်မှုကို မပေးကြ။

နှိမ်လည်း နှိမ်သေး။ ဒီလို အကြင်နာ တရားမရှိတဲ့ လူတွေကြားများ ကိုယ်တွေ အချင်းချင်း ရန်တွေ ဖြစ်ပေမယ့် အရေးအကြောင်း ဆိုရင်တော့ စည်းရုံးတာပဲ။
၆ ကွဲရင် ၇ ဆွဲသွားမှာပေါ့။

အဲဒီနေ့ကတော့ သွားချင်ပေမယ့် မသွားလိုက်ရပေ။ အွန်လိုင်းပေါ်ကလည်း အားပေးသည်။ ချီးလည်း ချီးကျူးလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူတို့ အခုလို နှစ်ပတ်လည်ပွဲ လုပ်လိုက်တာလည်း ကောင်းသည်။ သည်မင်္ဂလာပွဲပြီးမှ ကိုယ်တောင် ရပ်ကွက်ထဲ မျက်နှာ ပွင့်နေသလိုလို။ ဟိုလူက ပြုံးပြ ဒီလူက ပြုံးပြနဲ့။ ဟိဟိ။ ကိုယ်တွေရဲ့ အခွင့်အရေးကို အရယူ လိုက်သလိုပါပဲ။ နောက်လည်း ဒါမျိုး များများ ဖြစ်လာမယ်လို့ တွေးပြီ။ ကိုယ့်လောကကြီး အတွက် ခြေလှမ်းသစ်ပဲ။
အဲဒီ နှစ်ယောက်နဲ့ မြှောက်ပေးတဲ့ လူတွေကို ကျေးဇူးတင်ရမည်။

စဉ်းစားမိတော့လည်း ဒီလိုလုပ်ဖို့ သိပ်လွယ်တာ မဟုတ်။ သိတဲ့အတိုင်း ပုဒ်မ ၃၇၇ ဆိုတာ ရှိသေးတယ် မဟုတ်လား။ ထောင်ဆယ်နှစ်ကနေ တစ်သက်တစ်ကျွန်း ဆိုပဲ။

မင်္ဂလာပွဲပြီးတော့ ဝေဖန်သံတွေ ကျွတ်ကျွတ်စီအောင် ထွက်လာသည်။
ဥပဒေကို မထီမဲ့မြင် လုပ်တာလား၊ မြန်မာ့ယဉ်ကျေးမှုကို မလိုက်နာတာလား၊ ဘာသာတရားကို စော်ကားတာလား စသည်ဖြင့်။

သည်လိုမျိုး လက်မခံနိုင်တဲ့ လူတွေကတော့ ကိုယ်တွေကို မုန်းတီး ကြောက်ရွံ့နေသည့် ဟိုမိုဖိုးဘီးယားတွေ ဖြစ်ဖို့ရှိသည်။ ဒါတွေကလည်း သူတို့ကို အပြစ်ပြောလို့မရ။

ခေတ်အဆက်ဆက် နောက်ကျခဲ့တဲ့ တိုင်းပြည်မှာ နေကြတာမို့ ကိုယ်တွေကို ဘယ်နားလည် ပေးပါဦးမလဲ။ ဟိုးအမေရိကနဲ့ ဥရောပ တိုင်းပြည်တွေ မှာတော့ လိင်တူချစ်သူ အခွင့်အရေးတွေ ရနေပြီလေ။ ကိုယ်တွေ ဂေးတစ်ခုတည်း မဟုတ်ဘူးနော်။

ကျားကျားချင်းရော၊ မမချင်းရော အခွင့်အရေးတွေ ရနေတာကို ပြောတာ။ တိုးတက်မှုချင်း ကွာတော့ ဒီလိုပဲ ဖြစ်မှာပေါ့။

အခုတောင် သည်စုံတွဲကို တရားစွဲမှာလား၊ ဖမ်းမှာလား ဘာလား မေးနေကြသေး။ ပြောရမယ် ဆိုရင်တော့ ကျားကျားချင်း လိင်ဆက်ဆံတာ ၃၇၇ နဲ့ ငြိသလို။ ကျားနဲ့ မလည်း သဘာဝ မဟုတ်တဲ့ (ပါးစပ်၊ စအို) တို့နဲ့ လိင်ဆက်ဆံရင် ၃၇၇ နဲ့ ငြိတာပဲလေ။ ဒါကြောင့် ၃၇၇ နဲ့ မဖမ်းဘူးလားလို့ မေးသောသူလည်း ကိုယ်တိုင် ၃၇၇ နဲ့ လွတ်ရဲ့လားလို့ ဆန်းစစ်ဖို့ လိုသည်။ အကြံပေးခြင်း ဖြစ်ပါသည်။

နောက်ပြီး အမှုဖွင့်တာ၊ တရားစွဲတာက တိုင်တဲ့လူ ရှိဦးမှ။ သက်သေကလည်း လိုသေးသည်။ ကိုယ့်ဘာသာကိုယ် ကျေနပ်လို့ ကိုယ့်ချစ်သူနဲ့ ကိုယ်ဆက်ဆံရေး တည်ဆောက်တာ ဘယ်သူ့ကိုမှ တိုင်နေမည်မဟုတ်။

တကယ်တော့လည်း ဒါတွေကို လိုက်ပြောနေလို့လည်း အပိုပဲဖြစ်သည်။ မာမီသံပြောတဲ့ စကားအတိုင်း လိုက်ပြောရရင် “လှံဖျားမှာ နားနေတဲ့ ပုစဉ်းကို ကျီးကန်းက ကြည့်ပြီး ဖင်ကျိန်းနေခြင်း” ဖြစ်သည်။

အချို့ ယောက်ျားလေးများ ကတော့ ဖြေတွေးကြသည်။ ကျားကျားယူတော့ ပြိုင်ဘက်နှစ်ယောက် လျော့ဟု ပြောကြသည်။
အချို့ မိန်းကလေးတွေ ကတော့ သူတို့ ချစ်သူတွေကို ကျေနပ်ကြမည် မဟုတ်။ သားလေး တစ်ယောက်၏ ကောင်မလေး ဆိုလျှင် သားလေးကို “ဟို ၆ မတွေတောင် နှစ်ပတ်လည် လုပ်တာ နင်က ငါ့ကို အခုထိ တရားဝင် မယူနိုင်သေးဘူးလား” တဲ့။ အချို့ မိန်းကလေးများ ကလည်း သူတို့ ချစ်သူ ၆ မနှင့် ယူသွားမည်ကို စိုးရိမ်နေကြပြန်သည်။

၆ မတွေက သူများ ချစ်ခြင်းကို မခွဲ။ ၆ မတွေရဲ့ ချစ်ခြင်းကိုပဲ သူများတွေ ခွဲခြင်း ဖြစ်သည်။

အချို့ကလည်း မာမီတို့ကို ဝဋ်ကြွေးပါလို့ပဲ ဖြစ်သလိုလို၊ စိတ်ရောဂါပဲ ဖြစ်သလိုလို ပြောကြသည်။
ဟိုလွှတ်တော် ဥက္ကဋ္ဌကြီး စကား ငှားသုံးရလျှင်တော့ “တော်ရုံ ဝဋ်ကြွေးနဲ့ ၆ မ ဖြစ်ဘူးဟေ့..” လို့သာ ကြွေးကြော်လိုက်ချင်သည်။ ကိုယ့်ဘာသာကို ၆ မ ဖြစ်တာ မနာလိုကြတာ။

စိတ်ရောဂါလား ဆိုတော့ ၁၉၉၁ ခုနှစ်ကတော့ ၆ မတွေကို စိတ်ရောဂါ ဖြစ်နေသူ အဖြစ် သတ်မှတ်သည်။ ၁၉၉၁ မေလ ၁၇ ရက်မှာတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ကိုယ်တိုင်က လိင်တူချစ်ခြင်းသည် စိတ်ရောဂါ မဟုတ်ဟု ပြောင်းလဲ သတ်မှတ်ခဲ့ပြီ ဖြစ်သည်။

၆ မများလည်း လူပဲဖြစ်သည်။ အချင်းချင်း ချစ်ခင် ယုယခြင်းကို လူတိုင်း လိုချင်သည်။ သူငယ်ချင်းလို့ ညီအစ်ကိုလိုလည်း ချစ်သည်။ ဒါတွေကို နားလည်ပေးဖို့ လိုသည် ...။

စာလည်းရှည်ပြီ။ ကိုယ့်ဘဝနဲ့ ကိုယ် ၆ မ ဖြစ်လာပြီးပြီ။ သူ့ဘာသာသူ မွေးကတည်း ဖြစ်လာသည့် ဗီဇကို ပြင်လို့လည်း မရ။ ဒါကြောင့် နားလည်ပေးဖို့သာ ပြောချင်တော့သည်။ ကဲ့ရဲ့နိုင်သည်။ ဝေဖန်နိုင်သည်။ ရှုတ်ချနိုင်သည်။

လိင်ကွဲချစ်တဲ့
စိုပြေ (သံချောင်းပါတီ)]

The Voice Weekly

မင်္ဂလာဒုံမြို့နယ်စီမံကိန်းရုံးဝင်းရှိ မြက်ခြောက်များမီးရှို့ရာမှ လူသေဆုံး


ရန်ကုန်၊ မတ် ၉

၉.၃.၂၀၁၄ ရက်နေ့ ၁၄၃၀အချိန် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအနီး မြို့နယ်စီမံကိန်းရုံးဝင်းအတွင်းရှိ မြက်ခြောက်ပင်များအား ရှင်းလင်းရန် ခရိုင်စီမံကိန်းရုံး ၀န်ထမ်းဦးဝေယံမှ သင်္ဃန်းကျွန်းကြီး ကျေးရွာနေ ကျော်ဦး(၃၁)နှစ်၊(ဘ)ဦးအေးလွင်နှင့် ဆန်းမင်းထွန်း(၃၅)နှစ် တို့(၂)ဦးအား ငွေကျပ်(၁၅၀၀၀၀)ဖြင့် ပုတ်ပြတ်ငှားရမ်းခိုင်းစေခဲ့ရာ ၎င်းတို့(၂)ဦးမှ မြက်ခြောက်များကိုမီးရှို့ရှင်းလင်းစဉ် မီးများလာသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့်အဖွဲ့မှရောက်ရှိ ငြှိမ်းသတ်ခဲ့၍ ၁၆၁၀အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်နေရာအား ကြည့်ရှုစစ်ဆေးရာ ဆန်းမင်းထွန်းမှာ မီးလောင် ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်း၏ခြေထောက်အောက်တွင် မြွေပွေး(၁)ကောင် သေဆုံးနေသည်ကိုလည်း တွေ့ရှိရပါသည်။

ယင်းကဲ့သို့ မြက်ခြောက်များကို ပေါ့ဆစွာ မီးရှိုခဲ့ကြသော ကျော်ဦးနှင့် ဆန်းမင်းထွန်း(သေဆုံး)တို့အား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police

အိမ်ရှင်မ လမ်းညွှန်



အိမ်ဦးခန်းဘုရားစင်ဝေယျာဝစ္စမှစ၍၊ အိမ့်နောက်ဖေးမီးဖိုချောင်မ ကျန်၊ ရေချိုး ခန်း(သန့် စင်ခန်း)အဆုံး အိမ်ရှင်မတစ်ဦး၏ တာဝန်များမှာ မရေမတွက်နိုင်အောင်များပြားလှပါတယ်။ဒါကြောင့်လည်း ရှေးလူကြီးများက“အိမ်မှုကိစ္စဝေယျာဝစ္စ”ရယ်လို့ အမည်တပ်ခဲ့ကြပါတယ်။ နေ့ တဓူဝကြုံတွေ့ နေရတဲ့သမရိုးကျအိမ်ထောင့်တာဝန်များကိုပုံမှန်နည်းဖြင့်ဖြေရှင်းနိုင်သော်လဲ၊တခါတရံမထင်မှတ်တဲ့အခက်အခဲ လေးတွေအတွက် ဖြတ်ထိုးဥာဏ်သုံးတတ်ဖို့ လိုပါတယ်။

၁) အိမ်ကသမီးလေးက ကိုရီးယားမင်းသလေးလို ဆံပင်တောက်ပြောင်ချောမွေ့ ချင် လိုက်တာ မေမေရယ်လို့ ပူဆာလာခဲ့ရင်၊ ရှာလကာ ရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်း ထဲ့ပြီး ခေါင်းလျှော်ခိုင်းလိုက်ပါ။

၂) ခင်ပွန်းမှာ ဂျိုင်းမွေးရိတ်ကရင်မ် ကုန်နေခဲ့လျှင်၊ အရေးပေါ်အဖြစ် ဆံပင်ပေါင်းဆေး (conditioner) ပေးသုံးလိုက်ပါ။ ဂျိုင်းမွှေးရိတ်ရ လွယ်ကူသလို အသားအရေ လည်း ချောမွေ့ သွားစေပါတယ်။

၃) မိတ်ကပ်ဖျက်ဆေးဗူး အထားမှားလို့ အလွယ်တကူရှာမတွေ့ ခဲ့ ရင်၊ ခေါင်း လိမ်းတဲ့သံလွင်ဆီ နှင့်ဖျက်ပါ။ (မျက်လုံးထဲမ၀င်ပါစေနဲ့ )

၎) မီးပူတိုက်ရင်း (သို့ မဟုတ်) ချက်ပြုတ်ရင်း မတော်တဆ အပူလောင်ပြီး အရည်ကြည် ဖုပေါက်ခဲ့ရင်၊ ငံပြာရည် (သို့ ) pepsodent သွား တိုက်ဆေး (သို့ ) အာလူးထက်ခြမ်းခြမ်းကပ် (သို့ ) ဆရာစိုင်းလိမ်းဆေး (သို့ ) ဆေးဖယောင်းချပ်ကပ်ပါ။

၅) ဖိနပ်သဲကြိုးရာ ခြေထောက်မှာစွဲကျန်နေလို့ စိတ်မညစ်ပါနဲ့  ရှာလကာရည် ပွတ်လိမ်းပေးပါ။

၆) တစ်စုံတစ်ယောက်အတွက် လက်ဆောင်ပစ္စည်းဝယ်ထားပြီး၊ ဈေးနှုန်းတန် ဘိုးမ သိစေ ချင်ပါသော်လဲ၊ အချို့ ပစ္စည်းများတွင် ဈေးနှုန်းတံ ဆိပ်ကို လုံးဝခွာမ ရဖြစ်နေ တတ် ပါတယ်။ ဆံပင်အခြောက်ခံစက်ကို မီးအားမြှင့်၍ အပူပြင်းပြင်း မှုတ်ထုတ် လိုက်ပါ။

၇) ရေခဲတုံးသန့် သန့့်လိုချင်ရင်၊ ရေနွေးပူပူကို အအေးခံပြီးမှ ရေခဲ ခဲပါ။

၈) သံပုရာသီးအလုံးထဲက သံပုရာရည်များ ကုန်စင်အောင်ညှစ်ချင်ပါရင်၊ ဦးစွာ သံပုရာသီးကို တနာရီခန့် ကြိုတင်၍ ရေနွေးစိမ်ထားပါ။

၉) ဟင်းလျာများနှင့် အသုပ်များအတွက် ဂေါ်ဖီထုပ်က စိမ်းစော်နံပျောက်စေအောင်၊ မချက်ပြုတ်ခင် ဂေါ်ဖီထုပ်ပေါ် ပေါင်မုန့် တချပ် လောက် တင်ထားလိုက်ပါ။

၁၀) ပီကေ၀ါးရင်း ကြက်သွန်နီလှီးရင် မျက်ရည်လုံးဝမကျစေတော့ပါဘူး။

၁၁) အာလူးပြုတ်မြန်မြန်နူးစေချင်ရင်၊ ရှေးဦးစွာ အာလူးစိမ်းရဲ့ တစ်ဘက်စွန်းစီကို အခွံအ နည်းငယ်နွှာပြီးမှ ပြုတ်ပါ။

၁၂) ကန်စွန်းဥပြုတ်များ အခွံနွှာရ လွယ်ကူအောင်၊ ပြုတ်ပြီးသားကန်စွန်းဥပူပူ ကို ရေအေးထဲစိမ်ထားလိုက်ပါ။

၁၃) ကြက်ဥ/ဘဲဥပြုတ်များ အခွံခွာရလွယ်ကူအောင် ဆားထဲ့ပြုတ်ပြီး၊ ကျက်ရင် ကြက်ဥ/ဘဲဥအချင်းအချင်း ခပ်သာသာ အခွံမာများအက် သွားတဲ့ထိရိုက်ပေးပြီး ရေအေးထဲစိမ်ပါ။

၁၄) အချိန်အတော်ကြာ အသုံးပြုလာခဲ့တဲ့ Coffee Maker (ခေါ်) ကော်ဖီဖျော်အိုး များ ကော်ဖီဂျိုးတူးနံ့ စွဲလာတတ်ပါတယ်။ အဲဒီအခါ ကော်ဖီဖျော်အိုးထဲ ရှာလကာရည်တ ခွက်ထဲ့ကာ ရေအပြည့်ဖြည့်ပြီး၊ နာရီဝက်လောက်အပူပေးနှပ်ထား ပါ။ ပြီးရင် ရေ သန့် ထဲ့တည်၍ နောက်ထပ် နာရီဝက်လောက်တည်ပါ။ ဤနည်းတိုင်း ဒုတိယ အကြိမ် ရေသန့် ထပ်တည်ပါ။ ကော်ဖီဂျိုးတူးနဲ့ ပျောက်ပြီး၊ အနံ့ အရသာ ရှိသော ကော်ဖီဖျော်လို့ ရပါပြီ။

၁၅) ပန်းကန်ဆေးဘေစင်ပိတ်ဆို့ နေလို့ စိတ်မညစ်ပါနှင့်။ မုန့် ဖုတ်ဆော်ဒါ ၁-ဆ ကို ရှာလကာရည် ၂-ဆ ရောဖျောပြီး ရေပိုက်တ လျှောက်လောင်းထဲ့ပါ။ မိနစ် ၂၀ အကြာမှာ ရေနွေးဆူဆူများလောင်းချပေးခြင်းဖြင့် ပိတ်ဆို့ နေမှုများ လျောဆင်းသွားပါလိမ့်မယ်။

၁၆) သစ်သားစားပွဲခုံပေါ်မှာ အအေးခွက် (သို့ မဟုတ်) ရေနွေးခွက် တင်တာကြာသွား ရင် အဖြူရောင် အကွက်များစွန်းကျန်လာပါတယ်။ ဟင်းချက်ဆီနဲနဲကို ဆားရော၍ ပွတ်တိုက်ပြီး၊ နောက်တနာရီခန့် အကြာ ချည်တည်အ၀တ်ပါးဖြင့် ပွတ်ပေးလိုက်ပါ (သို့ မဟုတ်) ရေနံချေး ဖြင့်ပွတ်တိုက်ပြီးနောက် ၂၄ နာရီခန့် အကြာ ချည် ထည်အ ၀တ်ပါးဖြင့် ပွတ်ပေးလိုက်ပါ။

၁၇) ချက်ပြုတ်ခဲ့တဲ့ ဟင်းလျာတွေ ဖိတ်စဉ်ကျလို့  မိုက်ကရိုဝေ့ဖ်မီးဖိုမှာ အစွန်းအ ထင်းများညစ်ပတ်နေခဲ့ပါလျှင်၊ မိုက်ကရိုဝေ့ဖ်မီးဖိုထဲမှာ ရွှဲရွှဲစိုနေသော ရေမြှုပ်ထဲ့၍ ၂-မိနစ်လောက်ပြုတ်ပါ။ ထို့ နောက်မီးခလုတ်ပိတ်ပြီး ၅ မိနစ်လောက်နေ မှ ရေမြှုပ် ကိုထုတ်ယူပါ။ ပြီးရင်အဲဒီ ရေမြှုပ်ဖြင့် ဟင်းလျာအစွန်းအထင်းများကို လွယ်ကူ စွာသုတ် သင်နိုင်ပါပြီ။ (သို့ မဟုတ်) သံပုရာတစ်လုံးကို ပါးပါးလှီးပြီး၊ မိုက်ကရိုဝေဖ့်ပြား ပေါ်တင် ကာ၊ ရေ လ္ဘက်ရည်ဇွန်း ၁-ဇွန်းလောင်းပြီး မီးဖိုကိုဖွင့်ပါ။ သံပုရာသီစိပ်များပူလားပြီး၊ အထဲမှာအငွေ့ ပျံလာတဲ့အခါ တစ်ရှုးဖြင့် အစွန်းအထင်းများကို ပွတ်လိုက်ပါ။ လုံးဝ သန့် စင်သွားပါမည်။

၁၈) ရေခဲသေတ္တာဖွင့်လိုက်တဲ့အခါ အနံ့ ဆိုးများထွက်နေပါသလား။ မုန့် ဖုတ်ဆော် ဒါဗူးကို အဖုံးဖွင့်ထဲ့ထားပေးပါ။ ဆော်ဒါကအနံ့  ဆိုးများကို စုပ်ယူပေးပါလိမ့်မယ်။ အဲဒီမုန့် ဖုတ်ဆော်ဒါဗူးကို ၃-လတစ်ကြိမ် အသစ်လဲပေးပါ။ အကယ်၍အနံ့ ဆိုးများ မပျောက်သေးဘူး ဆိုရင်တော့ မုန့်ဖုတ်ဆော်အနည်းငယ်ကိုရေဖျော်ပြီး ရေ ခဲသေတ္တာ အနှံ့ ဆေးကြောပေးပါ။

၁၉) ကန်စွန်းရွက် နှင့် ချဉ်ပေါင်ရွက်တို့ ကို လက်မ၊ လက်ညှိုးတို့ ဖြင့်ဆိတ် ထွှင်ခြင်းကြောင့် ၄င်းအရွက်များရှိ သဘာဝ အစေးများက လက်သည်းကို မည်းစေပြီး အရုပ်ဆိုးအကျည်းတန်စေပါတယ်။ ရှာလကာရည် (သို့ မဟုတ်) သံပုရာသီး/ရှောက် သီးစိပ်တို့ ဖြင့် ပွတ် တိုက်ပြီး ရေစင်စင်ဆေးပေးခြင်းဖြင့် လက်သည်းများ ပကတိအ တိုင်းဖြူစင်လာသလို၊ လက်သည်းလဲ မာလာစေပါတယ်။ ပြည်ကြီငါး (ကင်းပွန်)ကိုင်၍ အမည်းစွန်းထင်ခြင်း၊ ပုစွန်စိပ်ကိုင်၍ အညှီနံ့ စွဲခြင်း၊ ကြက်ဥ-ဘဲဥ ပုပ်ကြောင့် အနံ့ စွဲ ကျန်ခြင်း၊ ကြက်သွန်ဖြူနွှာ၍ အနံ့  စွဲခြင်းများအတွက် ဤနည်းအတိုင်း သန့် စင်နိုင်ပါ တယ်။

၂၀)အလှူအိမ်မှာ ကြက်သွန်နီများအခွံနွှာပေးပြီးနောက်၊ ကြက်သွန်နီနံ့ စွဲမကျန် ရလေအောင် လက်ကို ဆားပျစ်ပျစ်ဖျော်၍ပွတ်ခြင်း၊ သွား တိုက်ဆေးဖြင့်ပွတ်ခြင်း၊ ခရမ်း ချဉ်သီး ထက်ခြမ်းခြမ်း၍ပွတ်ခြင်း၊ လိမ္မော်သီးစိပ်ဖြင့်ပွတ်ခြင်း၊ အာလူးအခွံနွှာ၍ ပွတ်ခြင်း၊ တရုပ်နံနံပင် လက်ထဲ ထဲ့ချေပွတ်ခြင်း စသည်ဖြင့် ကြက်သွန်နီနံ့ များကို ချက်ချင်းဆိုသလို ပြေပျောက်စေပါတယ်။

၂၁) ဆန်အိုးထဲမှာ ပိုးတည်ပြီဆိုရင်၊ အမည်းရောင် ပိုးများအပွားမြန်လာကာ ဆန်ကို လည်းပျက်စီးစေတတ်ပါတယ်။ ပိုးဝင်နေတဲ့ ဆန်များ ကို ဖယ်ထုတ်ပြီး ဆန်အိုးရဲ့  အတွင်း အပြင်ကို ဆပ်ပြာရည်ဖြင့်စင်အောင်ဆေးပါ။ ရေစင်အောင် နေပြင်းပြင်းပြပြီး ကရဝေးရွက်ထဲ့၍ အဖုံးလုံအောင်ဖုံးကာ အဲဒီကရဝေးရွက်များ တည ထဲ့သိပ်ပါ။ အိုးလုံးဝသန့် စင်ပြီး နောက်ထပ်ဆန်ပိုးမတည်နိုင်တော့ပေ။

28-02-2014 နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ်သတင်းစာ (စာမျက်နှာ ၂၁)မှာပါ တဲ့ဆောင်းပါးလေး ပါ။ FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့ အ တွက် စေ တနာ များစွာဖြင့်.မျှဝေလိုက် ရပါ တယ်ရှင်။
(ဆောင်းပါးရှင်….ပေါက်ပေါက်/ကိုးကား (Reader’s Digest)

credit to promise.pauk fb

အိန္ဒိယ လူလွတ်ပညာတတ် အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ဖိအား


“အိမ်ထောင်မရှိဘူး ဟုတ်လား။ အသက်ဘယ်လောက်လဲ။ ဘာဖြစ်လို့ မရှိတာလဲ”
“၂၈ နှစ်ပါ”
“ဟာ တော်တော်ဆိုးတာပဲ။ ဘယ်လို ရပ်တည်နေလဲ။ အိမ်ထောင်ဖက် ရှာမတွေ့ဘူးလား”

အထက်ဖော်ပြပါ စကားစမြည် ပြောဆိုမှုသည် အိမ်ထောင် မကျသေးသော အသက် ၂၀ နှောင်းပိုင်း အရွယ် အိန္ဒိယသူများ မကြာခဏ ပြောရလေ့ရှိသော စကားများ ဖြစ်သည်။ မှန်ပါသည်။ သင်သည်သာ အိန္ဒိယသူ ဖြစ်ပြီး ၂၈ နှစ်အထိ ယောက်ျားမယူဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေလျှင် သနားစရာလိုလို အပြောခံရမည်။ ဘဝမှာပဲ ရှုံးနိမ့်နေသူလိုလို အကြည့်ခံရမည်။ ကျွန်မ အတည်ပြောနေခြင်း ဖြစ်ပါသည်။

အိန္ဒိယမှာ အကြီးဆုံး မြို့တော်လို့ ပြောလို့ရသည့် မွန်ဘိုင်းတွင် ကျွန်မနေပါသည်။ လူလတ်တန်းစား မြို့နေ မိသားစုတစ်စုမှ ကျွန်မသည် အခြားမိန်းမပျိုများ ကဲ့သို့ပင် နေအိမ်မှ ထွက်ခွာကာ ကိုယ့်ဘဝကို ကိုယ်ကျောင်းနိုင်သည့် အမှီခိုမဲ့ဘဝကို ရွေးချယ် နေထိုင်ခဲ့သည်။ အိန္ဒိယ အမျိုးသမီးတွေအတွက် ရွေးချယ်စရာတွေ များလာပြီဟု ဆိုနိုင်သော်လည်း သိပ်ပြီး လွယ်လင့်တကူတော့ မဟုတ်ခဲ့ပါ။ ဘဝတက်လမ်း အဆင့်ဆင့်မှာ မိန်းကလေးဆိုသည့် ခွဲခြားမှုများကို ကျော်ဖြတ်ရသည်ချည်း ဖြစ်သည်။

ဘယ်အဆင့်ကို ရောက်ရောက် မဖြစ်မနေ ကြုံရမည့် ဖိအားကြီးက ရှိနေဆဲပင် ဖြစ်သည်။ “ဘယ်တော့ မင်္ဂလာဆောင်မလဲ” ဆိုသည့် မေးခွန်းဖြစ်ပါသည်။ ကလေးဘဝ ကတည်းက သင်ယူထားခဲ့ရသည့် အစွဲကလည်း ရှိသည်။ သမီးမိန်းကလေးများ ကြီးလာလျှင် လင်ကောင်းသားကောင်း ရအောင် ကြိုးစားရမည်။ မိသားစု ကောင်းကောင်း ရှိရမည်။ ချွေးမကောင်း တစ်ယောက် ဖြစ်ရမည်တဲ့။

ယနေ့အချိန်အထိ မိဘက စီစဉ်ညွှန်ကြားသော အိမ်ထောင်ပြုမှုများက အိန္ဒိယတွင် ရှိနေဆဲ ဖြစ်သည်။ မိဘက ရှာပေးသည်။ ကိုယ်ကတော့ ယူလိုက်ရုံ။ တချို့ စုံတွဲတွေဆိုလျှင် မင်္ဂလာ မဆောင်ခင်အထိ စကားပင် မပြောဖူးကြပေ။ သတ်မှတ်ထားသည့် ရိုးရာအစဉ်အလာအရ ကြိတ်မှိတ်ပြီး လူတစ်ဦး တစ်ယောက်ကို နှစ်သက် လက်ခံလိုက်ရတာလည်း ရှိသည်။

မိသားစုက သင်ကြား ပေးလိုက်သမျှကလည်း ဇနီးကောင်း၊ ချွေးမကောင်း တစ်ဦးဖြစ်ဖို့ စိတ်ထဲစွဲမြဲ နေစေဖို့သာ ဖြစ်သည်။ အချက်အပြုတ်၊ အိမ်အလုပ်၊ အနေအထိုင် စသည်တို့သာ ဖြစ်သည်။ အိန္ဒိယတွင် ရေပန်းစားနေသည့် ဖူးစာဖက်ရှာသည့် အင်တာနက် စာမျက်နှာများကို ဝင်ကြည့်လိုက်လျှင် အမျိုးသားများက ရှာဖွေသော ဇနီးလောင်းပုံစံမှာ မိသားစုကို တွယ်တာသူ၊ အိမ်မြဲသူ၊ အလုပ်မများသူ စသည်တို့သာ ဖြစ်နေသည်။

မိသားစုက ကျွန်မကို အလွန်ထောက်ခံပြီး ဖြည့်ဆည်း ပေးကြပါသည်။ ဒစ်ဂျစ်တယ် မားကတ်တင်းနှင့် ဆက်သွယ်ရေး မန်နေဂျာအဖြစ် အလုပ်လုပ်နေပြီး ကြော်ငြာ လုပ်ငန်းအတွက် ဘွဲ့လွန်များ တက်နေခြင်းကိုလည်း သူတို့ အပြစ်မမြင်ကြပေ။ သို့သော် ပတ်ဝန်းကျင်နှင့် အမျိုးများ၏ ဖိအားကိုတော့ ကျွန်မမိဘများ ရင်ဆိုင်နေကြရသည်။ ‘ဆုယုချီကို ဘယ်တော့မှ လက်ထပ်ပေးမှာလဲ’ ဆိုသည့် မေးခွန်းကို ကျွန်မမိဘများ အမြဲဖြေရလေ့ ရှိသည်။ နေ့တိုင်း မေးခံရတာများတော့ သူတို့လည်း စိတ်ညစ်ရသည်။ သမီးဖြစ်သူကို ကိုယ့်ရွေးချယ်မှုနှင့် ကိုယ်လုပ်ခွင့် ပေးထားခြင်းကိုပင် မှားများ မှားနေပြီလားဟု သူတို့တွေးစပင် ပြုလာကြသည်။ ကျွန်မရပ်တည်မှုကို သူတို့ စိုးရိမ်လာကြသည်။ အိမ်ထောင် မရှိသော အမျိုးသမီးတစ်ဦးကို အိန္ဒိယ လူ့အသိုင်းအဝိုင်းက လက်ခံပါမည်လောဟု။

သူတို့သမီးကို ပညာသင်ပေးခြင်းနှင့် လုပ်ချင်သည့် အလုပ်ကို ဆက်လုပ်နေစေခြင်းတို့က မဟာအမှား ဖြစ်ကြောင်း ကျွန်မမိဘများကို ပြောကြသည်။ ကျွန်မအတွက် သတို့သား ကောင်းကောင်းတစ်ယောက် ရဖို့ မလွယ်တော့ဟုလည်း ဆိုကြသည်။ ကျွန်မကတော့ လုံးဝစိတ်မပူပါ။ မကောင်းသော လူတစ်ယောက်ကို ရဖို့ထက်စာလျှင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရခြင်းက ပိုပြီးကောင်းမွန်သည်။ မည်သို့ပင်ဖြစ်စေ လူ့အဖွဲ့အစည်း အတွင်းမှာ နေထိုင်နေသည့် အချိန်တိုင်းက အထက်မှာ ပြောပြခဲ့သည့် ဖိအားများက ရှိနေဆဲပင် ဖြစ်သည်။ ရိုးရိုးသားသား ဆိုရလျှင် နိုင်ငံခြားသို့ ပြောင်းသွားရင် ကောင်းမလားဟုပင် စဉ်းစားမိပါသည်။

အိန္ဒိယသည် ကမ္ဘာ့လူဦးရေ အများဆုံး ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သည်။ အာဏာရပါတီ ခေါင်းဆောင်က အမျိုးသမီးဖြစ်ကာ နယ်ပယ်အသီးသီးတွင် အောင်မြင် ခေါင်းဆောင်နေသော အမျိုးသမီးများ ဒုနဲ့ဒေး ရှိပါသည်။ သို့သော် တောရွာများ၊ အိမ်ခန်းများ၊ ရပ်ကွက်များထဲတွင် ကျွန်မလို အဆိုပါ ဖိအားကို ကြံ့ကြံ့မခံနိုင်ဘဲ ညိမ့်လိုက်ရသော ခေါင်းများ မည်မျှရှိမည်ကို မမှန်းဆနိုင်ပေ။ ကျားမ မညီမျှမှု ညွှန်ကိန်းအရ အိန္ဒိယသည် တိုင်းတာထားသော နိုင်ငံပေါင်း ၁၄၈ နိုင်ငံတွင် ၁၃၂ ရှိနေပါသည်။ လုပ်သားစု အင်အားတစ်ရပ်လုံး၏ ၂၉ ရာခိုင်နူန်းသည်သာ အမျိုးသမီးများ ဖြစ်ပါသည်။

တိုင်းပြည်၏ လူဦးရေထက်ဝက်က မိန်းကလေးများ ဖြစ်ကြရာ အလုပ်လုပ်သော မိန်းကလေးကို သတို့သား၊ ယောက္ခမလောင်းများနှင့် ကိုယ့်မိဘ ကိုယ်၌က မကြိုက်သောကြောင့် ဖွံ့ဖြိုးရေးတွင် ပါဝင်ရမည့် အင်အားစုများ ဆုံးရှုံးပါသည်။ ဘဝအဖော်မွန် ကောင်းလိုချင်ကြသည်မှာ သဘာဝ ကျသောကြောင့် အချို့အမျိုးသမီးများ လမ်းခုလတ်မှာပင် အိမ်မှုကိစ္စ အလုပ်ကိုပဲ နိုင်နင်းအောင် လေ့လာကြရခြင်းဖြင့် လမ်းဆုံး သွားကြလေသည်။ မည်သို့ပင်ဖြစ်စေ ကျွန်မကတော့ ပညာကို ဆက်လက်သင်ယူရင်း တစ်ကိုယ်တည်း ရုန်းကန် ကြိုးစားနေပါသည်။

(BBC အိန္ဒိယ အစီအစဉ်မှ တစ်ကိုယ်ရေ ရပ်တည်ကြသော အမျိုးသမီးများအကြောင်း ထုတ်လွှင့်ရာမှ အမျိုးသမီးတစ်ဦး၏ ခံစားချက်များကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါသည်)

The Voice

စားသောက်ဖွယ်ရာ..အင်္ဂလိပ်စကားလုံးများ



Fish Cracker= ငါးမုန့်ကြော်
Cashew Nut = ဟီဟိုဠ်စေ့ကြော်
Prawn Cracker = ပုဇွန်ငါးမုန့်ကြာ်
Chicken Salad = ကြက်သားသုပ်
Prawn Salad (Cooked) = ပုဇွန်သုပ် (အကျက်)
Prawn Salad (Raw) = ပုဇွန်အစိမ်းသုပ်
Squid Salad = ပြည်ကြီးငါးသုပ်
Seaweed Salad = ကျောက်ပွင့်သုပ်
Salted Egg Salad = ဆေးဘဲဥသုပ်
Bean Vermicelli Salad = ပဲကြာဇံသုပ်
Tom Yang Goom Soup = တုန်ယန်းဟင်းချို
Chop Suey Soup = ၁၂မျိုး ဟင်းချို
Hot & Sour Soup(Thai Style) = ယိုးဒယားဟင်းချို
Chicken Fried Rice = ကြက်ထမင်းကြော်
Chicken Fried Rice (Pashu Style)= ပသျှူးစတိုင် ကြက်ထမင်းကြော်
Chicken on Rice = ကြက်ထမင်းပေါင်း
Chicken Fried Rice With Pineapple = နာနတ်သီးကြက်ထမင်းကြော်
Fried Prawn Noodle = ပုဇွန်ထမင်းကြော်
Steamed Whole Seabass Salted Plum = ကကတစ် ကောင်လုံး ဆားငံစေ့ပေါင်း
Steamed Whole Seabass (Hong Kong)= ဟောင်ကောင်စတိုင် ကကတစ်ပေါင်း
Sweet & Sour Prawn = ပုဇွန်ချိုချဉ်
Hot & Sour Prawn = ပုဇွန်ချဉ်စပ်
Fried Prawn With Dry Chilli = ပုဇွန်ကုန်းဘောင်
Fried Prawn With Oyster Sauce = ပုဇွန်ခရုဆီ
Fried Prawn With Basil Leave = ပုဇွန်ပင်စိမ်း
Fried Squid Dry Chilli = ပြည်ကြီးငါးကုန်းဘောင်
Hot & Sour Squid= ပြည်ကြီ်းငါးချဉ်စပ်
Braised Eel With Garlic = ငါးရှဥ့်ကြက်သွန်ဖြူကြော်နှပ်
Hot & Sour Eel= ငါးရှဥ့်ချဉ်စပ်
Deep Fried Eel Hot Chilli = ငါးရှဥ့်ခြောက်စပ်
Sweet & Sour Eel = ငါးရှဥ့်ချိုချဉ်
Deep Fried Chicken = ကြက်တုံးကြော်
Fried Chicken Dry Chilli = ကြက်ကုန်းဘောင်
Hot & Sour Chicken = ကြက်ချဉ်စပ်
Sweet& Sour Chicken = ကြက်ချိုချဉ်
Fried Chicken With Ginger = ကြက်ဂျင်းမွှေး
Deep Fried Chicken Wing = ကြက်တောင်ပံကြွပ်ကြော်
Grilled Duck Peking Style = ပီကင်းဘဲကင်
Grilled Chicken Hong Kong Style = ဟောင်ကောင်ကြက်ကင်
Grilled Prawn = ပုဇွန်ကင်
Grilled Squid = ပြည်ကြီးငါးကင်
Grilled Whole Seabass Thai Style = ယိုးဒယားစတိုင် ကကတစ်ကောင်လုံးကင်
Fried Water Cress = ကန်စွန်းရွက်ကြော်
Fried Kailan With Oyster Sauce = ကိုက်လန်ခရုဆီကြော်
Fried Mushroom,Baby Corn & Kailan = မှိုပြောင်းဖူးကိုက်လန်
Fried Cauliflower = ပန်းပွင့်ဖြူမွှေးကြော်

အင်္ဂလိပ်ဘာသာ လေ့လာစရာ

စိတ်ကြွရူးသွပ်ဆေးပြား(၁၀)သိန်း ဖမ်းဆီးရမိ



နေပြည်တော်၊ မတ် ၉
၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၂၄)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်အနောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းလမ်းတွင် တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်နေ စိုးမိုးနိုင်(ခ)ဇေယျာအူဟောက်(၃၃)နှစ် မောင်းနှင်ပြီး တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်နေ စောလွင်(ခ)စလင်း(၂၆)နှစ် လိုက်ပါလာသည့် ၈က/xxxx Corolla ဗင် အပြာရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ပီနံအိတ်ခွံဖြင့် လည့်ထားသော အပြာရောင်ကပ်ခွာအိတ်များအတွင်းမှ WY စာတန်းပါ အနီရောင်စိတ်ကြွဆေးပြား (၂၀၀၀၀၀)ပြား၊ တန်ဘိုးငွေကျပ်သန်း(၁၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိ ခဲ့သည်။ စစ်ဆေးချက်အရ စိုးမိုးနိုင်(ခ)ဇေယျာအူဟောက်၏ နေအိမ်အား ည ၇ နာရီအချိန် သွားရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်း၌ ပီနံအိတ် ၁ လုံးတွင် WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား(၂၀၀၀၀၀)ပြား စီပါ ၄ အိတ်၊ စုစုပေါင်းဆေးပြား(၈၀၀၀၀၀)ပြား၊ တန်ဘိုးငွေကျပ်သန်း (၄၀၀၀)အား ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့် စိုးမိုးနိုင်(ခ)ဇေယျာအူဟောက်နှင့် စောလွင်(ခ)စလင်းတို့ ၂ ဦး အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း မယ(ပ)၈/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ပဲစိမ်းတင်ယာဉ် ဘရိတ်ပေါက် တိမ်းမှောက်ရာမှ လမ်းဘေး တက္ကစီတစ်စီး ပေါ်တွင် တိမ်းမှောက်ပြီး ဘတ်စကား စောင့်နေသည့် အမျိုးသမီးတစ်ဦး တက္ကစီယာဉ်နှင့် လမ်းဘေးပလက်ဖောင်းကြား ပိမိကာ ပွဲချင်းပြီးသေဆုံး





ပဲစိမ်းတင်ယာဉ် ဘရိတ်ပေါက် တိမ်းမှောက်.
ရန်ကုန်မြို့ အောင်ဇေယျကြိုးတံတားအဆင်း လှိုင်သာယာ ၂ ထိပ်မှတ်တိုင်တွင် ပဲစိမ်းတင် ကုန်တင်ကားတစ်စီး ကားဘရိတ်ပေါက်ပြီး လမ်းဘေးတက္ကစီတစ်စီး ပေါ်တွင် တိမ်းမှောက်သွားသည်ကိုတွေ့ရစဉ်။

(ဓါတ်ပုံ - ဇော်ဇော်ထွေး)

အဆိုပါ ကုန်တင်ကားသည် လမ်းဘေးတက္ကစီပေါ်တိမ်းမှောက်ပြီး ၎င်းမှတ်တိုင်တွင် ဘတ်စကား စောင့်နေသည့် အမျိုးသမီးတစ်ဦး တက္ကစီယာဉ်နှင့် လမ်းဘေးပလက်ဖောင်းကြား ပိမိကာ ပွဲချင်းပြီးသေဆုံး ပြီး လမ်းပေါ်ရှိ လူလေးဦးပါ အပြင်းအထန်ဒါဏ်ရာရှိကာ လှိုင်သာယာဆေးရုံသို့ တင်ထားသည်ဟု သိရပါသည်။

Mizzima မဇ္ဈိမ

ဒေါ်အောင်ဆန်းစုကြည် တည်ထောင်တဲ့ စုဖောင်ဒေးရှင်း ဖွင့်လှစ်



အမေရိကန်နိုင်ငံ ဟိုနိုလူလူအခြေစိုက် East-West Center က ဦးစီးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံအကြို “စု”ဖောင်ဒေးရှင်း စတင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဆရာစံ ပလာဇာရှိ သမ၀ါယစီးပွားရေး ဗဟိုခန်းမမှာ မတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို “စု”ဖောင်ဒေးရှင်းက ဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယိုလည်း တက်ရောက်ကာ စကားပြောခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်တွေဖြစ်တဲ့ ဟီလာရီ ကလင်တန်နဲ့ လော်ရာဘုရှ်တို့ကလည်း ဗွီဒီယို သ၀ဏ်လွှာများ ပေးပို့ခဲ့ပါတယ်။

“စု”ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က တည်ထောင်ခြင်းဖြစ်ပြီး ပြည်သူတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်သွားမှာပါ။

အမေရိကန်နိုင်ငံ ဟိုနိုလူလူအခြေစိုက် East-West Center က ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာ မီဒီယာ ညီလာခံကို မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ UMFCCI ခန်းမတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာက မီဒီယာသမားများ တက်ရောက် ဆွေးနွေးကြမှာပါ။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်းမှာ အပုတ်ချ ရေးသားတာတွေနဲ့ ပတ်သက်လို့ သူ့အမြင်ကို ပြောဆိုသွားပါတယ်။

DVB

ထိုင်းတွင် တရားမ၀င်လုပ်သားများ ဖမ်းဆီးစဉ် ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချသည့် အမျိုးသမီး ခြေထောက်ကျိုး



ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် စတဟစ်မြို့ရှိ ကြောင်ထယန်နယ်မြေ(၁)တွင် နေထိုင်သည့် တရားမ၀င်အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ် အလုပ်သမားအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက်ကျိုးသွားကြောင်း သတင်းရရှိသည်။

မတ်လ ၆ရက်တွင် ကြောင်ထယန်နယ်မြေ (၁)တွင်ရှိသော ဟောလီးဒေးဟိုတယ်၏ နောက် အဆောက်အအုံတစ်နေရာတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အစရှိသည့် နိုင်ငံများမှ အလုပ်သမား ၅၀ ခန့်ကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာ ထိုအလုပ်သမားများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် အသက် (၂၃) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက် ကျိုးသွားခြင်းဖြစ်သည်။
           
အဆိုပါဖမ်းဆီးခံရသော နိုင်ငံခြားအလုပ်သမား ၅၀ ခန့် တွင် ၁၀ ဦးသာ တရားမ၀င်အလုပ်သမားများ ပါဝင်ကြောင်း သတင်းရရှိသည်။ ခုန်ချ၍ ခြေကျိုးသွားသည့် မြန်မာအမျိုးသမီးမှာလည်း တရားဝင်လုပ်ကိုင်နေသော အလုပ်သမားတစ်ဦးဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
         
‘‘တရားမ၀င်အလုပ်သမားတွေကို ထိုင်းရဲတွေက လျှပ်တစ်ပြက်ဝင်ဖမ်းတာ။ တရားဝင်အလုပ်သမားတွေကများတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာ။ အဲဒီမှာ ကောင်မလေးက လန့်ပြီးခုန်ချတာ ခြေကျိုးသွားတာပါ။ ခုတော့ စ၀မ်လိုထန်က ကယ်ဆယ်ရေးစခန်းက နီးစပ်ရာဆေးရုံကို ပို့ထားတယ်လို့သိရပါတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။
         
ထိုဖမ်းဆီးမှုတွင် တရားမ၀င်လုပ်ကိုင်သော အလုပ်သမား ၁၀ ဦးသာ ဖမ်းဆီးခံရပြီး ကျန် တရားဝင်လုပ်ကိုင်သည့် အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ က  ချက်ချင်းပြန်လွှတ်ပေးခဲ့ကြောင်း  ဦးကျော်သောင်းက ပြောသည်။

Author:  ငြိမ်းချမ်း
7day Daily


တည်နွား




(ဆောင်းပါးရှင် - ကိုဦး (သင်္ချာ))

“ဟ ကောင်ရ ... မင်းနွားတွေ ချောလှချည်လား” တလင်းနယ်နေသော နွားတစ်ရှဉ်းကိုကြည့်၍ ကျွန်တော်ကပြောတော့ တစ်ဝမ်းကွဲညီက “ချာဆို စာဥ (မွေးခြောက်) အကြီးကောင်ကို ၁၅ သိန်းပေးတယ်။ အငယ်ကောင်ကို ၁၀ သိန်း ပေးနေတယ်။ ကျွန်တော် မရောင်းသေးဘူး” ဟု ပြော၏။ အမှန်ပင် အဖိုးသားနား ထိုက်နိုင်ပါသည်။ လျှာ၊ ခွာ၊ ဗွေ၊ ဘို့၊ သွား၊ နွား အကြောင်း ဘာမှမသိသည့် ကျွန်တော်တောင် ဤမျှ အဆစ်အပေါက်လှသော နွားကို ကြိုက်မိသည်ဆိုလျှင် အခြားနွားသမားများအဖို့ အဘယ်မျှရှိပါမည်နည်း။

ဒီနယ်တစ်ကြော၌ ကျွန်တော့်ညီသည် နွားဝင် (နွားပွဲစား) တစ်ယောက်မဟုတ်ငြား နွားအကြောင်း ထဲထဲဝင်ဝင်သိသည်။ အကိုင်အတွယ် ညင်သာသလို သူ၏နွားများသည် ခန့်လှ ထည်လှသည်ဟုလည်း နာမည်ကြီးသည်။ နွားတွေကို မိသားစုဝင်လို မှက်၊ ခြင်၊ ယင် မသန်းရလေအောင် တယုတယရှိတတ်တော့လည်း သူ၏ဘ၀ပေးအရ နွားကောင်းတွေသာ ကိုင်ရတတ်သည်။ စာဥ (မွေးခြောက်) အကြီးကောင်သည် ငါးသိန်း စွန်းစွန်းနှင့် ၀ယ်ထားပြီး သူ့လက်ထဲရောက်နေသည်ပင် နှစ်ခါလည်ကျော်နေပေပြီ။

“မင်းတို့လယ်တွေ နည်းနေသေးတယ်။ အဲဒီအကြီးကောင်ကို ရောင်းထုတ်။ တော်သင့်ရုံတစ်ကောင်ထပ်ထည့်။ ပိုတာကို စပါးပေး၊ ပဲပေးလုပ်ထားပါလား” ဟု ကျွန်တော်ပြောတော့ ...

“မလုပ်ရက်ပါဘူး အစ်ကိုကြီးရာ။ ကျွန်တော် အရိပ်တကြည့်ကြည့်နဲ့နေခဲ့တဲ့ ကောင်ဗျ။ အရင်ပိုင်ရှင်တွေလက်ထက် ဒီကောင် ခပ်ငယ်ငယ်ပေါ့။ ကြက်မောင်းတယ်၊ သရက်သီးစားတယ်ဆိုပြီး ထူးဆန်းတဲ့ လူဝင်စားနွားလို့ ပြောတာပဲ။ ချောင်းရိုးဘက် ဆင်းဝယ်ရင်း ရလာတာ။ အခု ၁၅ သိန်း ပေးဝယ်တယ်ဆိုတာကလည်း အရင်ပိုင်ရှင်ကကို ပြန်ဝယ်ချင်နေတာ။ အင်မတန် သနားစရာကောင်းတဲ့ ကောင်ကြီးဗျ။လက်ထဲတုတ်သာ ယူမသွားနဲ့၊ ကြိုက်တာလုပ်..အင်မတန် သည်းခံတဲ့ကောင်။ အဲ..အလုပ် လုပ်ပြီဆိုရင်လည်း လူတစ်ယောက်နီးနီး သိတယ်။ မခိုဘူး..မကတ်ဘူး။ ကျွန်တော်တို့ လှည်းထမ်းပိုးမှာ အတိုင်နဲ့ အလှည့်ဆိုတာရှိတယ်။ ကျွန်တော်က ဒီကောင်ကြီးကို အတိုင်ဘက်မှာ ထားတယ်။ အလှည့်ဘက်ကကောင် အချိုးမပြေရင် ထမ်းပိုးဆွဲရင်းကနေ တစ်ဖက်နွားကို တွန်းလှဲပစ်တတ်တဲ့ ကောင်ကြီးဗျ။ အိမ်သားတွေနဲ့သာ အဆင်ချောတာ။ သူတို့သတ္တ၀ါချင်းကျ အညှာမပေးဘူး။ သိပ်ကြွပ်တာ” ဟု သူပြော၏။

သူသည် နွားအကြောင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့။ ညတိုင်ကျ ခြင်ဆေးခွေ ထွန်းပေးရတာနှင့်၊ နွား မီးဖိုပေးရတာနှင့်၊တက်ကြွလွန်းတတ်တာ ကျွန်တော်သိသည်။

“နွားကောင်း မကောင်းသိချင်ရင် မောင်းကြည့်တဲ့။ ရွာကောင်း မကောင်းသိချင်ရင် ကျောင်းကြည့်။ လူကောင်း မကောင်း ပေါင်းကြည့်လို့ အဆိုရှိတယ်။ နွားတင်ပါးဆူးနဲ့ အတင်းထိုးနေမှတော့ ဒီနွားနာလို့ ပြေးတော့မှာပေါ့။ ကောင်းတယ် ထင်ရမှာပေါ့။ တကယ်နွားကောင်းရင် ကြိမ်လုံး (နှင်တံ) မလိုဘူး။ အခု အစ်ကိုကြီးတူမကို မေးကြည့်ပါလား။ စာဥ အကြီးကောင်ကိုရောင်းပြီး ရွှေဝယ်မလားလို့။ အစ်ကိုကြီး တူမ ဘာပြောတယ်မှတ်လဲ။ ရွှေလည်း မ၀ယ်ဘူး။ လယ်လည်း မ၀ယ်ဘူး။ နွားကိုလည်း မရောင်းနဲ့။ ရောင်းတာနဲ့ သမီးဒီအိမ်မှာ မနေဘူး။ အဘွားတို့အိမ်မှာ သွားနေမယ်”လို့ အရေးဆိုထားတာ။ အသက်ကြီးလို့ ဒီနွားသေရင်တောင် မြေမြှုပ်ပစ်မယ်တဲ့” အနားမှာ ရှိနေသော သူ၏သမီးဘက် မေးငေါ့ပြရင်း ကျွန်တော့်ကို ပြော၏။

“ချေး၊ သေးကအစ သူသိတယ်။ ဘယ်တော့မှ တင်းကုပ် ညစ်ပတ်အောင် မနေဘူး။ ကျွန်တော့်နွားတင်းကုပ်ကို အစ်ကိုကြီးမြင်သားပဲ” သူကပြော၏။ မှန်သည်။ သူ၏ နွားတင်းကုပ်သည် လူနေအိမ် အငယ်စားလေးသဖွယ် သေသပ်သန့်ရှင်းနေသည်။
အခြားတင်းကုပ်တွေလို မှောင်ပိန်းမနေ။ လင်းလင်းကျင်းကျင်းနှင့် လေ၀င်လေထွက် ကောင်းသည်။

အသွေးအမွေး တူလှသည်မို့ “စာဥ (မွေးခြောက်) အငယ်ကောင်က အဲဒီအကြီးကောင်ရဲ့သားလား” သူ့ကိုမေးတော့ မဟုတ်။ အခြားနေရာမှ ၀ယ်ထားသော နွားဖြစ်သည်။ အသွေးအမွေး တူသယောင်ရှိပေမယ့် ခြေစလက်စ အကျအန ကွာသည်။ ခြေလေးချောင်းချင်း တူရင်တောင် နွားရဲ့အဆက်အပေါက်ကြောင့် တန်ဖိုးကွာတယ်ဟု သူကဖြေ၏။ စာဥ (မွေးခြောက်) အငယ်ကောင်နှင့် အကြီးကောင်သည် ဂိုက်ဆိုက်ချင်း မကွာလှ။ သတ်မှတ်ချက် တစ်စုံတစ်ရာကြောင့်သာ တန်ဖိုးကွာခြားရခြင်း ဖြစ်ပေမည်။

“ကျွန်တော့်အိမ်ကထွက်တဲ့ နွားတွေဆိုရင် တန်ဖိုးမြင့်တယ်။ အဲဒါဘာကြောင့်လဲ သိလား။ အခု စာဥ အကြီးကောင်လို တည်နွားကောင်းလို့ဗျ။ တည်နွားကောင်းတော့ သူနဲ့အတူရုန်းတဲ့ အလှည့်နွားက တည်နွားကို မီအောင်လိုက်ရတယ်။ မမီရင် တည်နွားရဲ့ တွန်းလှဲပစ်တာကို ခံရတတ်တယ်။ ထမ်းပိုးတစ်ခုမှာ တည်နွားက အဓိကပဲ။ သူက တခြားတစ်ဖက်ကို ထိန်းပေးထားတာ။ ဒီတော့ အလှည့်နွားက တည်နွား ရုန်းသလို ထမ်းပိုးကို အလိုက်သင့်ဆွဲနေရင်း သူပါတည်နွားနီးပါး တန်ဖိုးရှိတဲ့ နွားတစ်ကောင်ဖြစ်သွားရော။ လှည်းရဲ့အထာ၊ ထမ်းပိုးရဲ့ အယူအဆကို တည်နွားလောက်ကို အလှည့်နွားဟာ ရုန်းနေရင်းကို နားလည်သွားတယ်။ တစ်ခြံတည်းမှာတော့ အလှည့်နွားဟာ တည်နွားကို အသေကြောက်ရတယ်။ ဒါပေမဲ့ တခြားနေရာမှာ သူဟာဘုရင်တစ်ဆူဖြစ်သွားပြီ။ တည်နွားကောင်း ဖြစ်သွားပြီ။ ပြောရရင် အကျင့်ကောင်းကို ရသွားပြီ။ တည်နွားကောင်းနဲ့ အတူနေတဲ့ အခြားနွားထီး၊ နွားသိုးတွေ ဈေးကောင်းရတယ်ဆိုတာ အဲဒီသဘော” ညီဖြစ်သူ ရှင်းပြသော နွား၏ အဘိဓမ္မာ၊ နွား ဋီကာ။

“တစ်ခါ အဲဒီတည်နွားနဲ့ စပ်ထားတဲ့ နွားသားပေါက်တွေဆိုလည်း ဈေးကောင်းတယ်။ ဟောဟိုက နွားပေါက်လေးကြည့်၊ တစ်လသား မရှိတတ်သေးဘူး။ ရပ်ရွာထဲမှာ သုံးသိန်း အချိန်မရွေး ကောက်ရောင်းလို့ ရနေပြီ။ ပြေးနေတာ ကြည့်ပါလား။ ခါးလေးညွတ်လို့၊ ဘို့ကောက်လေးနဲ့” ပြောရင်းက ခပ်လှမ်းလှမ်းသို့ မေးညွှန်ပြ၏။ညီခမျာ သူတန်ဖိုးထားသော နွားအကြောင်း အာပေါက်အောင် ရှင်းပြနေသည်မှာ မမောနိုင်။

“ကုန်ကုန်ပြောမယ်ဗျာ။ တည်နွားကောင်းဆိုတာ ခြံတိုင်းမရှိဘူး။ တင်းကုပ်တိုင်း မရှိဘူး။ မိသားစုတိုင်း မကိုင်နိုင်ဘူး။ အဲဒီတည်နွားကောင်း ရှိနေသမျှ တင်းကုပ်ထဲရှိ ခိုင်းနွားအားလုံး တန်ဖိုးမြင့်ကုန်တယ်”

ကျွန်တော် ရလိုက်ပါပြီ။ ဆရာကောင်းက တပည့် တန်ဖိုးတက်၏။ မိဘကောင်းက သားသမီး တန်ဖိုးတက်၏။ သခင်ကောင်းက ကျွန် တန်ဖိုးတက်၏။ ရဟန်းကောင်းက ဒကာ တန်ဖိုးတက်၏။ တစ်နည်းအားဖြင့် ကျွန်တော်တို့၏ တည်နွားသည် ကိုယ်ကျင့်သိက္ခာလည်း မည်၏။ အရာရာကို ထိန်းကွပ်ထားသော အထိန်းလည်း ဖြစ်၏။မှန်ကန်သော ဘ၀ထူထောင်မှုလည်းဖြစ်၏။

ထို့အတွက် လောကကျင့်စဉ်၊ လောကကျင့်ဝတ်လည်း ဖြစ်ပေမည်။ ဥပဒေဟုလည်း သတ်မှတ်၍ ရပေမည်။ လောကအမြင်အရ “တန်ဖိုးကို စံက ထိန်း၏။လူတွေ၏ ဘ၀ကို ဂုဏ်သိက္ခာက ထိန်း၏။ကောင်းခြင်း၊ ဆိုးခြင်း အပြစ်တွေကို ဘာသာတရားက ထိန်း၏” ဟူသော နီတိတစ်ရပ်သည် ငြင်းဖွယ်မရှိတော့ပြီ။

လောကရေးနှင့် သုံးသပ်ပါကလည်း ခြံတိုင်း၌ တည်နွား မရှိတတ်။ တည်နွားရှိသော ခြံရှိ အခြားနွားများ တန်ဖိုးတက်၏။

အလားတူ နိုင်ငံတိုင်း၌ အမျိုးသားခေါင်းဆောင် မရှိ။ အမျိုးသားခေါင်းဆောင်ရှိသောနိုင်ငံ၌ ခေါင်းဆောင်ငယ်များစွာ ထွက်တတ်၏။ သို့သော် ခေါင်းဆောင်ကောင်းတွေရှိလျက် မည်သည့်နေရာမျှ ဦးမဆောင်ပါက တိုင်းပြည်နာသည်။

ထို့ပြင် ခေါင်းဆောင်ကောင်းတွေရှိလျက် တစ်ဖက်ပိတ် အတွေးအမြင်နှင့် မျက်စိစုံမှိတ်ထောက်ခံနေကြသော နောက်လိုက်များကြောင့်လည်းကောင်း၊ ဝေဖန် ခြင်းကို လုံးလုံးလျားလျား လက်မခံခြင်းသည် လည်းကောင်း၊ အယူအဆမတူသူတို့၏ ဝေဖန်မှုကို လက်မခံဘဲ အကဲဆတ်နိုင်ငံရေးတွင် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်တတ်သူတို့ ရှိနေခြင်းသည် လည်းကောင်း တိုင်းပြည်ပို၍ (ပို၍) နစ်နာနေမည်သာ ဖြစ်ပေတော့သည်။

(မတ္တရာမြို့ နယ်အတွင်း ဒေသခံတောင်သူများ မတ် ၁ ရက်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ် (ဓာတ်ပုံ) အောင်သူ)
Eleven Media Group

ရုရှတပ်တွေ ယူကရိန်း စစ်သင်္ဘောဟောင်းနစ်မြုပ်ပြီး ပင်လယ်ထွက်ပေါက်ပိတ်


ရုရှတပ်တွေက ယူကရိန်းရဲ့ တခုတည်းသော ပင်လယ်နက်ထွက်ပေါက် မှာ မတ်လ ၈ ရက်နေ့က အိုမင်းဟောင်းနွမ်းနေတဲ့ ရေယာဉ် ၂ စီးကို နစ်မြုပ်ရင်း ပိတ်ချလိုက်ပါတယ်။ အနားမှာတော့ ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ ရုရှတိုက်သင်္ဘော မာ့က်စ်ဗာကို မြင်နိုင်တာပါ။ ဒါကြောင့် ယူကရိန်း ရေတပ်စစ်သင်္ဘော ၂ ဒါဇင်လောက်ထဲက ၆ စီးကျော် ပိတ်မိနေပါပြီ။

ရုရှကတော့ ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ရုရှရဲ့အစိတ်အပိုင်း ဖြစ်လာစေမယ့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မလုပ်မီ အင်အားတည်ဆောက်နေတာပါ ဒါကြောင့် ယူကရိန်းဟာ သူ့ရဲ့ရေတပ်ကို အရှက်တကွဲ ဆုံးရှုံးမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

UKarainယူကရိန်းရေတပ်မှာ ရေငုပ်သင်္ဘောတစီး ထောက်ပို့သင်္ဘော ၁၅ စီးနဲ့ လက်နက်ကိုင်တပ်သား တသောင်းခွဲလောက် အပါအ၀င် စစ်သင်္ဘော ၂၅ စီး ရှိနေတာပါ။ အဲဒီထဲက ၁ သောင်းလောက်ကတော့ ခရိုင်းမီးယားကျွန်းဆွယ်အခြေစိုက်တွေ ဖြစ်ပါတယ်။

အထီးကျန် အခြေစိုက်စခန်းအတွင်း ယူကရိန်းစစ်သည် ဘယ်လောက်ရှိတယ်ဆိုတာ ယူကရိန်း တပ်မှူးတွေက မပြောပါဘူး နစ်မြုပ်သင်္ဘောတွေကို ဖယ်ရှားဖို့ ဖြတ်တောက်ရေး ပစ္စည်းတွေနဲ့ ကရိန်းတွေလို နည်းပညာဆိုင်ရာ ကိရိယာတွေ သူတို့မှာ မရှိဘူးလို့တော့ ပြောပါတယ်။

အစောပိုင်းကတော့ ရုရှရဲ့ ပင်လယ်နက် တပ်မဟာက စစ်သင်္ဘော ၈ စီးက ယူကရိန်းရဲ့ ပင်လယ်နက် ထွက်ပေါက်ကို ပိတ်ထားပြီး ခုတော့ ဗိုက်ဖောက် နစ်မြုပ်ခံ သင်္ဘောတွေက ထွက်ပေါက်ပိတ်သွားလို့ ရုရှစစ်သင်္ဘော တစီးသာ အစောင့်ကျန်နေတယ်လို့ ယူကရိန်းရေတပ် အရာရှိတွေက ပြောပါတယ်။

ခရိုင်းမီးယား အခြေစိုက်စခန်းက ယူကရိန်း ဒုတပ်မှူး ဗာဒင်မ် ဖိလစ်ပန်ကိုကတော့ စစ်တိုက်မှာ မဟုတ်ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ မျှော်လင့်တယ် ခရိုင်းမီးယားကို ရုရှသိမ်းမယ်ဆိုရင် ကျွန်တော်တို့က တခြားနေရာတွေမှာ ယူကရိန်းအတွက် ဆက်အမှုထမ်းမယ်လို့ ပြောပါတယ်။

လောလောဆယ်တော့ ရုရှရဲ့ပင်လယ်နက်တပ်မဟာ အခြေစိုက်ရာ ဆီဗက်စတိုပိုမြို့က ယူကရိန်းရေတပ် ဌာနချုပ်တွေဟာ ရုရှစစ်သားတွေနဲ့ ရုရှကိုလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေ ရဲ့ သိမ်းပိုက်မှု မခံရရုံတမယ် အခြေအနေအောက်မှာ ရောက်နေပါတယ်။

အရင်လက ဘက်ပြောင်းသွားတဲ့ ယူကရိန်း ရေတပ်ဦးစီးချုပ်က စစ်သင်္ဘောတွေကို ထိန်းချုပ်ပြီး ခရိုင်းမီးယား တပ်မဟာလို့ သူကခေါ်ဝေါ်တဲ့ တပ်မျိုး ဖန်တီးမှာကို အခု စိုးရိမ်နေရတယ်လို့ ယူကရိန်းတပ်မှူးတွေက ပြောပါတယ်။
DVB Burmese

ရွှေနိုင်ငံသစ်သတင်းစာ ရပ်နားတော့မည်


နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတစောင်ဖြစ်တဲ့ ရွှေနိုင်ငံသစ်သတင်းစာကို သတင်းစာ ထုတ်ဝေခဲ့တာ တနှစ်ပြည့်တဲ့ မတ်လ ၁၂ ရက် ဗုဒ္ဓဟူးနေ့မှာ ရပ်နားတော့မှာ ဖြစ်တယ်လို့ ဒီနေ့ပဲ ရွှေနိုင်ငံသစ်သတင်းစာက ကြေညာလိုက်ပါတယ်။

၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်မှာ စတင်ထုတ်ဝေခဲ့တဲ့ ရွှေနိုင်ငံသစ်သတင်းစာကို ရပ်နားတော့မယ့် အကြောင်း ကြေညာချက်ထဲပါရှိပြီး ဘာကြောင့် ရပ်နားရတာလဲ ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

၂၀၁၃ ခုနှစ် တနှစ်အတွင်း ပုဂ္ဂလိကသတင်းစာ ၃၂ စောင် ထုတ်ဝေခွင့်ပြုထားပြီး ၁၂ စောင်လောက် ပုံမှန်ထွက်ရှိနေတယ်လို့ သိရပါတယ်။

DVB

၈၈ မျိုးဆက်နဲ့ အန်စီစီတီ တွေ့ဆုံ ဆွေးနွေးပြီး သဘောတူညီချက် ၂ ရပ် ချမှတ်


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCTနဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မတ်လ ၈ရက်က ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ၂ ရပ် ချမှတ်ခဲ့ကြပါတယ်။

အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးပမ်းဖော်ဆောင်ကြရန်နှင့် နိုင်ငံရေး အင်အားစုများ အားလုံးပါဝင်သည့် ပြည်ထောင်စုညီလာခံ ပေါ်ပေါက်လာရန် အတွက် ၀ိုင်းဝန်းအကောင်အထည်ဖော်ရန် ဆိုသည့် သဘောတူညီမှု ၂ ရပ်ကို ဆုံးဖြတ်လက်ခံခဲ့ကြခြင်း ဖြစ်တယ်လို့ ၈၈ မျိုးဆက် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက်အဖွဲ့နဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားမဟာမိတ်အဖွဲ့တို့ အလားတူ သဘောတူညီချက် ၃ရပ် ချမှတ်အပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက် ချမှတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

DVB

မျိုးစောင့်ဥပဒေများ မပြဋ္ဌာန်းရန် ကရင်အမျိုးသမီးအဖွဲ့ နှစ်ခု တောင်းဆို




ရန်ကုန်၊ မတ် ၈

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဥပဒေကြမ်း ရေးဆွဲရန် ညွှန်ကြားထားသည့် မျိုးစောင့်ဥပဒေ ဆိုင်ရာ ကိုးကွယ်ရာဘာသာ ကူးပြောင်းရေးဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို အစိုးရက ပြဋ္ဌာန်းခြင်း မပြုရန် ကရင်အမျိုးသမီး အဖွဲ့နှစ်ခုက ထုတ်ပြန် တောင်းဆိုလိုက်သည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသမီး အစည်းအရုံး (KWO) နှင့် ကရင်အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (KWEG) တို့က မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေများမှာ မြန်မာနိုင်ငံရှိ အမျိုးသမီးများ အားလုံးကို ပြက်ရယ်ပြုထားခြင်း ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးအားလုံး မိမိလက်ထပ်မည့် သူကို ရွေးချယ်ရာ၌ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း၊ ယင်းအတွက် အဆိုပါ ဥပဒေကြမ်းများကို ပယ်ချရန် လိုအပ်ကြောင်း ကရင်အမျိုးသမီး အဖွဲ့များက ထည့်သွင်း တောင်းဆိုထားသည်။

KWO နှင့် KWEG တို့၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ကရင်ဒေသများ၌ တပ်မတော်က အမျိုးသမီးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေဆဲ ဖြစ်ပြီး ထိရောက်သည့် တားဆီးကာကွယ်မှုများ လိုအပ်နေသေးကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ယင်းဖြစ်ရပ်များအတွက် တစ်စုံတစ်ရာ စွမ်းဆောင်နိုင်မှု မရှိကြောင်း ၎င်းတို့က ပြောဆိုသည်။

သို့သော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မျိုးစောင့် ဥပဒေဆိုင်ရာ ဥပဒေကြမ်း နှစ်ခုကို ရေးဆွဲ တင်သွင်းရန် မတ်လ ၇ ရက်နေ့တွင် ကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်ပြီး ဇူလိုင်လ မတိုင်မီ အဆိုပါ ဥပဒေကြမ်းနှစ်ခုကို တင်သွင်းရန် ညွှန်ကြားလိုက်သည်။

ဥပဒေကြမ်း ရေးဆွဲရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲစေရေး အလေးထားရန်နှင့် တစ်နိုင်ငံလုံး လွှမ်းခြုံ ကျင့်သုံးနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောဆိုထားသည်။
The Voice Weekly

မောင်တော ဒုချီးရားတန်းတွင် ထပ်မံ မီးလောင်၍ အိမ်ခြေ ၁၂လုံး မီးထဲပါ


ဇန္န၀ါရီလ ၂၈ ရက်နေ့က ပထမ အကြိမ် ဒုချီးရားတန်းတွင် မီးလောင်နေစဉ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာတွင် ယနေ့ နံနက်က မီးလောင်မူ ထပ်မံဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၂ လုံး မီးထဲပါသွားသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ မီးက ရှို့မီးဖြစ်တယ်လို့ သိရပါတယ်။ ဘင်္ဂလီတွေက ကိုယ်ဟာကိုယ် ရှို့တာပါ” ဟု သူက ဆိုသည်။

ယနေ့နံနက် ၁၀ နာရီခန့်တွင် စလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ မီလောင်တာက ၁၀ နာရီခန့်ကလောင်တာပါ။ မီးလောင်တာ နာရီဝက်ခန့်ရှိပါမယ်။ အပြင်လူတွေ ရွာကိုဝင်ခွင့်မရဘူး” ဟု ဆိုသည်။

မီးလောင်မှုမှာ မှန်ကန်ကြောင်း မောင်တောမြို့မှ တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

“မီးလောင်တာဟုတ်ပါတယ်။ လူမနေတဲ့ နေအိမ်တစ်လုံးက စလောင်တယ်လို့ သတင်းရတယ်။ အသေးစိတ် ကိုတော့ ကျွန်တော်တို့မသိရသေးဘူး” ဟုဆိုသည်။

ယမန်နေ့ နေ့လည်ပိုင်း စစ်တွေအနီးရှိ ဘင်္ဂလီ ဒါးပိုင်ရွာတွင် ဖြစ် ပွားခဲ့သည့် မီးလောင်မှုတွင် အိမ်ခြေ ၃၆ လုံးမီးထဲပါသွားသည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့ကလည်း ဒုချီးရားတန်း အလယ်ရွာတွင် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့တစ်ဖွဲ့ကို ဘင်္ဂလီ လူစုတစ်ခုမှ အကြမ်းဖက် တိုက်ခိုက်ခဲ့သဖြင့်  ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ သူကိုင်ဆောင်သည့် လက်နက်နှင့်အတူ ယနေ့တိုင် ပျောက်ဆုံးနေ ဆဲဖြစ်သည်။

ယင်းအကြမ်းဖက်မှု ဖြစ်ပေါ်ပြီးနောက် ဇန်န၀ါရီလ ၂၈ ရက်နေ့ညတွင် ဒုချီးရားတန်း အနောက်ရွာတွင် ပမထအကြိမ် မီးလောင်မှုဖြစ် ပွားခဲ့သဖြင့် နေအိမ်ပေါင်း(၁၆) လုံး မီးထဲပါသွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း သရေကုန်ဘောင် ဘင်္ဂလီရွာတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ သည့်အတွက် နေအိမ်တလုံး မီးထဲပါသွားခဲ့သည်။

ယခု မီးလောင်မူသည် ဒုတိယ အကြိမ် ဒုချီးရားတန်း အနောက်ရွာတွင် ထပ်မံ လောင်ကျွမ်းခြင်း ဖြစ်သည်။



နိရဉ္စရာ

အစိုးရ အသုံး စရိတ် လျှော့ချ နိုင်ရန် ကင်ညာ သမ္မတ နှင့် ၀န်ကြီးများ လစာ လျှော့ ယူမည်



ကင်ညာ သမ္မတ အူဟူရူ ကင်ယတ် တာ က ၎င်း နှင့် ၎င်း ၏ အစိုးရ အဖွဲ့ တို့ သည် အစိုးရ ၏ အသုံး စ ရိတ် များ များပြား နေခြင်း ကို လျှော့ချ နိုင်ရန် အတွက် လစာ များကို လျှော့ ယူ တော့ မည် ဖြစ်ကြောင်း ကြေ ညာ လိုက် သည်။

သမ္မတကင် ယတ်တာ က ၎င်း နှင့် ဒုတိယ သမ္မတ ၀ီလီယံရူ တို တို့သည် လစာကို (၂၀) ရာခိုင်နှုန်း လျှော့ ချပြီး ယူသွားမည်ဖြစ်ကာ အစိုးရ အဖွဲ့ ဝန်ကြီး များမှာမူ ( ၁၀) ရာခိုင် နှုန်း စီ လျှော့ချ ယူ သွားမည်ဖြစ် ကြောင်း ဆိုခဲ့သည်။ ထို့အပြင် အစိုးရအသုံးစရိတ်များ အနည်း ဆုံးဖြစ်စေရန် အတွက် နိုင်ငံခြား ခရီးစဉ်များ ကို လည်း လျှော့ချသွားမည်ဟု ၎င်း က ဆိုခဲ့ သည်။ ထို့ပြင် သမ္မတ ကင်ယတ် တာက ပါလီမန် အမတ်များ အနေ ဖြင့် လစာဖြတ်တောက် လျှော့ချမှုများကို လက်ခံကြရန်လည်း ဆိုခဲ့ သည်။ ကင်ညာတွင် အမတ်များ၏ လစာမှာ အာဖရိကတိုက်တွင် အများဆုံးဖြစ်သည်။သမ္မတက အစိုးရသည် ၀န်ထမ်းလစာ များအတွက် ဒေါ်လာ (၄ ဒသမ ၆) ဘီလီယံ ခန့် သုံး စွဲ နေရပြီး ဖွံ့ ဖြိုးရေးလုပ်ငန်း အတွက် ဒေါ်လာ (၂ ဒသမ ၃) ဘီလီယံ သာ သုံးစွဲ နေရ ကြောင်း ဆိုသည်။

နိုင်ငံကို အနှေးနဲ့ အမြန်တိုးတက် စေချင်ရင်တော့ ဒီမကောင်းဆိုးဝါးကိစ္စကို ကျွန်တော်တို့ ကိုင်တွယ် ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ဟာ ကိုယ့် အတွက် ကိုယ်ပဲ အခွန်ပေး ဆောင်နေတဲ့ နိုင်ငံ တစ် နိုင်ငံဖြစ်လာပါလိမ့်မယ်””ဟု ကင်ယတ် တာက ပြောသည်။ သမ္မတ ကင်ယတ် တာသည် ရွေးကောက် ပွဲ အ နိုင် ရပြီးနောက် တစ်လခန့် အကြာတွင် နိုင်ငံ၌ မြင့်တက် လွန်းနေသော ပြည်သူ့ဝန်ထမ်း ကဏ္ဍ၌ လစာများ မြင့် မား နေခြင်းကို ဦးစား ပေးကိုင်တွယ် ဖြေရှင်းသွားရန် ကြေညာခဲ့သည်။

Source: BBC
messenger news

ပြိုင်ကားမောင်းသူအား အုပ်စုလိုက် ဝိုင်းရိုက်သူ ခြောက်ဦးကို တစ်ပတ်အတွင်းဖမ်းမိ


မန္တလေး၊ မတ် ၈

မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် သိပ္ပံလမ်းနှင့် ၆၈ လမ်းထောင့်တွင် ပြိုင်ကားဖြင့် ပွတ်ဆွဲသွားသူကို မကျေနပ်၍ တုတ်ဖြင့်ရိုက်၊ ပြိုင်ကားမှန် ရိုက်ခွဲသည့် တရားခံခြောက်ဦးကို အမှုဖြစ်ပွားပြီး တစ်ပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မဟာအောင်မြေမြို့နယ် အမှတ် (၉) မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မဟာအောင်မြေမြို့နယ်ရှိ အမျိုးသမီး အဆောင်ရှေ့၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီအချိန်တွင် သမီးရည်းစားနှစ်ဦး စကားရပ်ပြောနေစဉ် အဆိုပါ အမျိုးသားကို ဆိုင်ကယ်ဖြင့် ရောက်ရှိလာသော အမည်မသိ လူငယ်ခြောက်ဦးက ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။
“ပြိုင်ကားနဲ့ ကောင်လေးက လမ်းမှာ ဆိုင်ကယ်နှစ်စီးကို ပြိုင်ကားနဲ့ ပွတ်ဆွဲသွားတယ်။ သူတို့ရဲ့ ထွက်ဆိုချက်အရ နောက်ကနေ လိုက်ပြီး လုပ်တာ မဟုတ်ဘူးလို့ ထွက်ဆိုတယ်။ ပြိုင်ကားနဲ့ ကောင်လေးက သူ့ကောင်မလေး အဆောင်မှာ ကောင်မလေးနဲ့ စကားရပ်ပြောနေတာ တွေ့လို့ သူတို့ကို လုပ်သွားတာ။ စိတ်တိုပြီး လုပ်တယ်လို့ သိရတယ်” ဟု ကျူးလွန်သူ၏ ထွက်ဆိုချက်အရ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အဆောင်နေ အမျိုးသမီးနှင့် ၎င်း၏ရည်းစား ဖြစ်သူတို့သည် 4G/8240 Master အမျိုးအစား ခဲရောင် ပြိုင်ကားဖြင့် ရပ်၍ စကားပြောနေစဉ် ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာသော အမည်မသိ လူငယ်ခြောက်ဦးက တုတ်ဖြင့်ရိုက်ခဲ့ရာ ၎င်းတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာများ၊ မျက်နှာဒဏ်ရာများ ရရှိပြီး လဲကျနေစဉ် အဆိုပါ လူငယ်ခြောက်ဦးသည် ပြိုင်ကား၏ ဝဲဘက်ရှေ့ တံခါးမှန်ကိုပါ ရိုက်ခွဲ ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

တုတ်ဖြင့်ရိုက်၍ ထွက်ပြေးသွားသော လူငယ်များထဲမှ နှစ်ဦးကို မတ်လ ၄ ရက်နေ့တွင် ဖမ်းဆီးရမိပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ကျန်တရားခံ လေးဦးကို မတ်လ ၅ ရက်နေ့တွင် ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း ၎င်းထံမှ သိရှိရသည်။

တုတ်ဖြင့် အုပ်စုဖွဲ့ရိုက်နှက်မှု၊ ကားမှန် ရိုက်ခွဲမှုနှင့် ပတ်သက်ပြီး မဟာအောင်မြေ မြို့နယ်ရှိ အမှတ် (၉) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁၁၉/၂၀၁၄ ပြစ်မှုပုဒ်မ ၄၄၀၊ ၃၂၅၊ ၄၂၇၊ ၁၁၄အရ အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ ည ၇ နာရီ အချိန်ခန့်ကလည်း မဟာအောင်မြေ မြို့နယ်ရှိ ၇၃ လမ်း ဗန်းမော်တိုက် လမ်းကြားတွင် ပြိုင်ကားတစ်စီးက မောင်းရန်ပြင်စဉ် ရှေ့တွင် ပိတ်ရပ်သည့် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးကို ဓားဖြင့်ခုတ်သည့် တရားခံကိုလည်း ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အမှတ် (၉) နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


The Voice Weekly 

NLD မှ တရားစွဲ မည့် ကိစ္စ အတွက် တုန်လှုပ်ခြင်း မရှိဟု ဦးလှဆွေ ဆို



ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ မှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေ ကို NLD ပါတီ ၀င် များနှင့် NLD ပါတီ အား ၎င်း ပြောကြား ခဲ့သည့် စကား များနှင့် ပတ်သက် ၍ တရား စွဲ မည်ဟု NLD ဘက်မှ ပြောကြား ထားရာ အဆိုပါ ကိစ္စ နှင့် ပတ်သက် ၍ ပြင်ဆင် ထားခြင်း၊ တုန်လှုပ်ခြင်း မရှိ ကြောင်း ဦးလှဆွေ က The Messenger သတင်းစာ သို့ ပြော သည်။

ဘယ်လိုမှ သဘော မထားဘူး။ ဘယ် လိုမှလည်း ပြင်ဆင်မထားပါဘူးဗျ။ ကျွန်တော် တို့ ပါတီ ကို ကြံ့ ဖွတ် လို့ ပြောတာ ဘယ်သူတွေ လဲ။ ဒီတစ်ခါလေး ပြောလိုက်တာနဲ့ဗျာ၊ Fair မဖြစ်ပါဘူးဗျာ။ ဒီရှုပ် လို့ ခေါ်တာ ကို စွဲမယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည် လောက် အသုံး မကျ ဘူးလို့ ပြောတာ၊ ဆိုလို တာ ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူတို့ Level တူ မဟုတ်ဘူး”” ဟု ဦးလှဆွေက ဆိုသည်။အမျိုးသား လွှတ်တော် ကိုယ် စားလှယ် ဦးလှဆွေမှ ပြည်တွင်းမီဒီယာတစ်ခုတွင် NLD ပါတီနှင့် ပတ်သက်၍ ““ဒေါ်စုက လွဲရင် ကျန်တဲ့ NLD က အကောင်တွေ သောက်သုံး မကျဘူး”” ဆိုသော စကား နှင့် NLD ပါတီ အား ““ဒီရှုပ်”” ဟုခေါ် သော စကားများနှင့် ပတ် သက်၍ ဥပဒေအတိုင်း တရားစွဲဆိုသွားမည် ဖြစ်ကြောင်း၊ NLD ပါတီမှ ဗဟို အလုပ် အ မှု ဆောင် အဖွဲ့ ဝင် ဦးဝင်းထိန်က မီဒီယာများကို ပြောကြားထားသည်။ အဆိုပါ တရားစွဲဆိုရန် ဆုံးဖြတ်ချက် အား ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား နောက်ပိုင်းမှသာ သ တင်း ပို့ခဲ့ခြင်းဖြစ်ကြောင်း လည်း ဦးဝင်းထိန်က မီဒီယာများအား ပြော ကြားထားသည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ် ပြောစရာ မရှိဘူး။ ဥပဒေ အတိုင်း လုပ်မယ်။ ရှေ့နေလည်း ငှားစရာ မလိုပါဘူး။ အဖွဲ့ ချုပ်မှာ ရှေ့နေတွေရှိတာပဲ။ ဥပဒေသမားတွေ ဆောင် ရွက်မှာ၊ ကျွန်တော် ကတော့ ပြောလိုက် တာ ပါ”” ဟု NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ ဝင် ဦးဝင်းထိန်က The Messenger သတင်းစာ သို့ ပြော သည်။ အောက်ခြေပါတီဝင် တချို့၏လုပ် ဆောင်ချက် တချို့သည် မိမိနှင့် ဒေါ်အောင် ဆန်းစုကြည်အတွက် မျက်နှာ ပျက်စရာ များ ဖြစ် စေကြောင်း နေပြည်တော်၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြည် ထောင် စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြော ကြားထား သည်။

ဦးလှဆွေအား တရားစွဲဆိုသွားမည်ဟု ပြောကြားထား သော် လည်း မည်သည့်မြို့နယ် တွင် တရားစွဲဆို မည်၊ မည်သူက တရားလို ပြု လုပ်မည် ကိုမူ ဦးဝင်းထိန် က ပြောကြား ခြင်း မရှိ သေးပေ။ NLD ပါတီ တွင် ဒေါ်အောင်ဆန်း စုကြည်မှလွဲ၍ ဦးဆောင်နိုင် သူမရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီ အကြံပေး ဦးအောင်သောင်း က လည်း ယခင် က ပြောကြားထားဖူးသည်။ NLD ပါတီတွင် ဒေါ်အောင် ဆန်းစုကြည် သမ္မတ မဖြစ် ပါက နောက် ထပ် သမ္မတဖြစ်နိုင်သူ ရွေး ချယ်ထားခြင်းမရှိဟူ၍လည်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉဏ်ဝင်းက ပြော ကြား ထားသည်။

Messenger News Journal


မလေးရှား လေယာဉ်မပျောက်ဆုံးခင် ကွေ့လာတဲ့ ရေဒါလမ်းကြောင်း ရှာတွေ့


ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ပျောက်မသွားခင်က ကွာလာလမ်ပူမြို့ကနေ ပေကျင်းမြို့ကိုအသွား စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ကွေ့လာတာကို ပြနေတဲ့ ရေဒါကို လမ်းကြောင်းရှာမိထားတယ်လို့ မလေးရှားစစ်တပ် အရာရှိတွေက မတ်လ ၉ ရက်နေ့က ပြောပါတယ်။

မလေးရှား ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မလေးအနောက်ဘက် ကမ်းရိုးတန်းကိုပါ တိုးချဲ့ ရှာဖွေနေတယ်လို့ စစ်တပ် အရာရှိတွေက ပြောပါတယ်။

လူစုစုပေါင်း ၂၃၉ ယောက်ကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ လေကြောင်းအချက်ပြ ထိန်းချုပ်ရေးဌာနနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပြီး တဲ့နောက် မတ်လ ၈ ရက်နေ့က ဗီယက်နမ် ကမ်းရိုးတန်းမှာ ပျက်ချခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။

1653952_612443125500110_810919148_nလေယာဉ်ပေါ်ပါသူ ၂ ယောက်ဟာ ခိုးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားခဲ့ပုံ ရတယ်လို့ ဥရောပအရာရှိတွေက ပြောပြီး မလေးရှား အရပ်ဘက် လေကြောင်းဌာနကလဲ အတည်ပြုပါတယ်။

ဒီလူ ၂ ယောက် လေဆိပ်မှာ ခရီးသည်စစ်ဆေးတဲ့ နေရာကနေ ပြည်ပထွက်ခွာ နေရာကို ရောက်တဲ့အထိ လုံခြုံရေး ကင်မရာက မှတ်တမ်းတင်ထားတာ ရှိတယ် အဲဒီမှတ်တမ်းကို အခု သုံးနေပြီလို့ အရပ်ဘက် လေကြောင်းဌာန ညွှန်ချုပ် အဇာရပ်ဒင်း အဗ်ဒူ ရာမန်က ပြောပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှု အတွင်း တိုက်ခိုက်ခံရမှုဟာ ဖြစ်နိုင်ချေတွေထဲက တခုပါ။

လောလောဆယ် ရှာဖွေရေးအတွက် လေယာဉ် ၂၂ စီးနဲ့ သင်္ဘောအစီးလေးဆယ်က ပျောက်သွားတဲ့ လေယာဉ်နဲ့ ပတ်သက်သမျှကို လိုက်ရှာဖွေနေဆဲပဲလို့ မလေးရှား ကာကွယ်ရေး တပ်ခေါင်းဆောင် ဗိုလ်ချုပ် ဇူကီဖယ်လီ မို့ဇင်က ပြောပါတယ်။

ဗီယက်နမ် တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ရှာဖွေရေး သင်္ဘောတွေ စေလွှတ်ခဲ့သလို အမေရိကန် ဖိလစ်ပိုင်နဲ့ စင်ကာပူတို့က စစ်လေယာဉ်တွေ စေလွှတ် ကူညီခဲ့ တာပါ။

ပျောက်ဆုံးလေယာဉ်ဟာ လေကြောင်းခရီးစဉ်အတွင်း မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ ရေမိုင် ၁၂၀ အကွာမှာ လေကြောင်းထိန်းချုပ်ရေး စခန်းဆီကို နောက်ဆုံး ဆက်သွယ်ခဲ့ပါသေး တယ်။ ပျောက်ဆုံးချိန်ကစပြီး ၂၄နာရီ ကျော်တဲ့အထိ လေယာဉ်ကိုရော ဘယ်လို အပျက်အစီးကို မှ အရိပ်အယောင်တွေ့ကြောင်း အတည်ပြုချက် မရသေးပါဘူး။


DVB Burmese

ကမ္ဘာကြီးရသွားတဲ့ အတွေးအခေါ်တစ်ခု


(12 Years a Slave ဇာတ်ကားမှ ဇာတ်ဝင်ခန်း)

(ဆောင်းပါးရှင် - နီမင်းဆွေ)

‘ကျွန်တော် ငွေဝယ်ကျွန်လည်း မဖြစ်ချင်ဘူး။ ကျွန်ပိုင်ရှင်တစ်ယောက်လည်း မဖြစ်ချင်ဘူး။ ဒါဟာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အခြေခံအကျဆုံး ကျွန်တော့်ရဲ့ ခံယူချက်ပဲ ဖြစ်တယ်’ လို့ အမေရိကန်သမ္မတ ‘အေဘရာဟန်လင်ကွန်း’ က ပြောခဲ့ဖူးပါတယ်။ ငွေဝယ်ကျွန်စနစ်ဟာ ကမ္ဘာပေါ်မှာ ဘီစီ ၈၀၀၀ လောက်ကတည်းက စပေါ်ခဲ့တာပါ။ လူတွေအားလုံး အကြိုက်တွေ့ခဲ့ကြတဲ့ စနစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အမေရိကန်သမ္မတတွေထဲမှာတောင် ကျွန်ပိုင်ရှင်တွေ ရှိခဲ့ကြဖူးပါတယ်။ အဲဒီလိုသမ္မတမျိုး ၁၈ ဦးရှိပြီး အဲဒီအထဲမှာ ‘ဂျော့ခ်ျဝါရှင်တန်’ တောင်ပါပါတယ်။ လူတွေ အသိဉာဏ် မပြည့်ဝခင်က လုပ်ခဲ့ကြတာဖြစ်ပြီး အခုခေတ်မှာ ငွေဝယ်ကျွန်စနစ်တော့ မရှိတော့ပါဘူး။ ဒါပေမဲ့ အဲဒီစနစ်မျိုးဆန်ဆန် လူတစ်ဦးချင်းအပေါ်မှာရော လူတွေအစုလိုက် အပြုံလိုက်အပေါ်မှာရော နှိပ်ကွပ်မှုတွေ အမြတ်ထုတ်မှုတွေကတော့ ကမ္ဘာကြီးပေါ်မှာ နေရာအနှံ့ ပန်းပန်လျက်ပါပဲ။

အာဖရိကနွယ်ဖွား အင်္ဂလန်နိုင်ငံသားဖြစ်တဲ့ ‘စတိမက်ကွင်း’ ဆိုတဲ့ ဒါရိုက်တာဟာ (12 Years a Slave) ဆိုတဲ့ ဖြစ်ရပ်မှန် ၀တ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်ခဲ့တယ်။ နာမည်ကြီး မင်းသားဖြစ်တဲ့ ‘ဘရက်ပစ်’ ဟာ ဒီဇာတ်ကား ထုတ်လုပ်သူတွေထဲမှာပါပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂.၃.၁၄ ရက်နေ့တုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ (၈၆) ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အဲဒီဇာတ်ကားဟာ အကောင်းဆုံဇာတ်ကားဆု၊ အကောင်းဆုံး မူရင်းဝတ္ထုနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားတဲ့ ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ငွေဝယ်ကျွန်ဆိုတာ ကိုယ်ပိုင်ကျွဲ,နွား စတဲ့ တိရစ္ဆာန်တွေနဲ့ ခြေထောက်လေးချောင်းပါတာနဲ့ နှစ်ချောင်းပါတာပဲ ကွာပါတယ်။ ငွေဝယ်ကျွန်တွေကို ရောင်းလို့ဝယ်လို့ရတယ်။ မဖွယ်မရာ လုပ်ချင်လည်း လုပ်လို့ရတယ်။ စိတ်တိုင်းကျ ကြိုက်သလောက် ရိုက်လို့ရတယ်။ သတ်ပစ်လို့လည်း ရတယ်။ ကျွဲတွေနွားတွေလို သူတို့အသားကို စားလို့မရတာဘဲ ကွာတာပါ။ အဲသလို စိတ်ထင်တိုင်း လုပ်လို့ရအောင်လည်း ရှေးတုန်းက တရားဥပဒေတွေက ခွင့်ပြုထားခဲ့ကြတာကိုး။ အဲဒီဇာတ်ကား ဆုတွေရတော့ လူတွေအားလုံး ၀မ်းသာကြတယ်။ ကမ္ဘာကြီး အနေနဲ့လည်း အရေးကြီးတဲ့ အတွေးအခေါ်တစ်ခု ရသွားခဲ့တာမို့ အဲဒီဲဇာတ်ကားဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူတွေကို လူတွေက ကျေးဇူးတင်နေကြတယ်။

၁၈၄၂ ခုနှစ်မှာ နယူးယောက်ပြည်နယ်ရဲ့ အရှေ့မြောက်ဖျားက ‘ဆန်ရာတာဂိုစပရင်းစ်’ ဆိုတဲ့ မြို့လေးတစ်မြို့မှာ ‘ဆော်လမွန်နော့သပ်’ ဆိုတဲ့ လွတ်လပ်တဲ့ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတစ်ယောက် ပြန်ပေးဆွဲခံရတယ်။ နောက်ပြန်ပေးဆွဲသူတွေက သူ့ကိုသံကြိုးတွေ လက်ထိတ်တွေနဲ့ခတ်ပြီး ရောင်းစားလိုက်ကြတယ်။ အဲဒီအချိန်ကစပြီး ‘နော့သပ်’ ဟာ ငွေဝယ်ကျွန်စနစ်ကို ဥပဒေက တရားဝင်ခွင့်ပြုထားတဲ့ အမေရိကန်တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်က ထွက်ပြေးလာတဲ့ ‘ပလပ်’ ဆိုတဲ့ ငွေဝယ်ကျွန်တစ်ယောက် အလိုလို ဖြစ်သွားရတဲ့အပြင် သင်္ဘောနဲ့ နယူးအော်လင်းပြည်နယ်ကို ပို့တာကိုလည်း ခံလိုက်ရတော့တာပါပဲ။

နောက်တော့ ‘နော့သပ်’ ဟာ ရက်ရက်စက်စက် အရိုက်ခံရပြီး ၀ါဂွမ်းစိုက်တဲ့သူဌေး ၀ီလျံဖို့ဒ်ရဲ့ ၀ယ်ယူခြင်းကို ခံရတယ်။ အဲဒီမှာ သူဌေးရဲ့ယာတောမှာ အလုပ်လုပ်နေတဲ့ လက်သမား ‘တိဘိစ်’ ဆိုသူက သူ့ကိုအနိုင်ကျင့်ပြီး ရိုက်နှက်ပါတယ်။ ‘နော့သပ်’ က ပြန်ခုခံလို့ တိဘိစ်အနာတရ ဖြစ်သွားပါတယ်။ ဒါကို တိဘိစ်က မကျေနပ်လို့ အဖွဲ့နှင့်ဝိုင်းဖမ်းချုပ်ပြီး ‘နော့သပ်’ ကို ကြိုးပေးသတ်ဖို့ ကြံစည်ပေမယ့် ဘေးကလူတွေ ၀ိုင်းဆွဲလို့ အသက်တော့မသေပါဘူး။ ဒါပေမဲ့ လည်ပင်းမှာ ကြိုးကွင်းတန်းလန်းနဲ့ တစ်နေ့နဲ့တစ်ညလောက် မတ်တတ်ရပ်နေခဲ့ရပါတယ်။ အဲဒီအချိန်မှာ သစ်ကိုင်းမှာချည်ထားတဲ့ ကွင်းလျှောကြိုးကွင်းက လည်ပင်းကိုမညှစ်မိအောင် တစ်ချိန်လုံး ခြေဖျားလေးတွေနဲ့ မြေကြီးကို ထောက်ထားရပါတယ်။ နောက်တစ်နေ့မှာတော့ ခြံပိုင်ရှင်က ကြိုးကွင်းကိုဖြုတ်ပေးပြီး သူ့ခြံမှာဆက်နေရင် တစ်နေ့နေ့တစ်ချိန်ချိန် အသက်အန္တရာယ် ဖြစ်လာနိုင်တဲ့အတွက် ‘နော့သပ်’ ကို ‘အက်ပ်စ်’ ဆိုတဲ့လူဆီ ရောင်းစားလိုက်ပါတယ်။

‘အက်ပ်စ်’ ရဲ့ခြံက ‘ပက်စီ’ ဆိုတဲ့ ငွေဝယ်ကျွန် အပျိုမလေးဟာ ၀ါဂွမ်းအဆွတ်တော်ပြီး တစ်ရက်ကို ပေါင် ၅၀၀ ကျော်အောင် ဆွတ်နိုင်သူ ဖြစ်ပါတယ်။ ‘နော့သပ်’ ကတော့ သတ်မှတ်စံနှုန်းဖြစ်တဲ့ ပေါင် ၂၀၀ ( ၇ ပိဿာအစိတ်သား)ကိုတောင် ရအောင်ဆွတ်နိုင်သူ မဟုတ်ပါဘူး။ ဒါ့ကြောင့် ညနေအလုပ်သိမ်းချိန်ရောက်ရင် ၀ါဂွမ်းပေါင် ၂၀၀ ပြည့်အောင် မဆွတ်နိုင်သူတွေဟာ ခြံပိုင်ရှင်ရဲ့ ကြာပွတ်နဲ့ရိုက်တာကို ခံကြရပါတယ်။ ‘နော့သပ်’ ကတော့ ပေါင် ၁၆၀ ပဲဆွတ်နိုင်လို့ အရိုက်ခံရတဲ့အထဲမှာ ရှေ့ဆုံးကပါတာပေါ့။

အဲဒီအချိန်မှာ ခြံပိုင်ရှင်အက်ပ်စ်ဟာ ပက်စီ့အပေါ် အနိုင်အထက်ပြုပြီး အသွေးအသားကို အတင်းအဓမ္မ ရယူလေ့ရှိပါတယ်။ ပက်စီရဲ့ဘ၀မှာ အဲဒီလိုလုပ်ခံရတာတွေ အကြိမ်ရေ စိပ်လာတဲ့အခါ ပက်စီဆုတောင်းမိတဲ့ အရာတစ်ခု ရှိလာပါတယ်။ အဲဒါကတော့ သေခြင်းတရားဆိုတဲ့ ဆုပါပဲ။ ဒါ့ကြောင့်သူ့ကို အဆုံးစီရင်ပေးဖို့နဲ့ ယာတောဘေးက နဂါးပွက်အိုင်ထဲမှာ သူ့အလောင်းကို ဖျောက်ဖျက်ပေးဖို့ ‘နော့သပ်’ ကို အကူအညီ တောင်းခဲ့ပါတယ်။ ဒါပေမဲ့ ‘နော့သပ်’ က လက်မခံခဲ့ပါဘူး။ တစ်ရက်မှာတော့ ပက်စီပျောက်သွားတဲ့အတွက် အက်ပ်စ်ဟာ ဆောက်တည်ရာမရဖြစ်သွားပြီး ခြံထဲကလူတွေအပေါ် သောင်းကျန်းပါတော့တယ်။ တကယ်တော့ ပက်စီဟာ တစ်ဖက်ခြံကခြံပိုင်ရှင် မစ္စစ်ရှောဆီသွားပြီး ဆပ်ပြာသွားတောင်းတာပါ။ ပက်စီရဲ့ခြံပိုင်ရှင် မစ္စစ်အက်ပ်စ်က ပက်စီ့ကိုညစ်ပြီး ဆပ်ပြာမပေးဘဲထားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အက်ပ်စ်က ခွင့်မလွှတ်ပါဘူး။ ပက်စီ့ကို တစ်ကိုယ်လုံးချွတ် တိုင်မှာကြိုးနဲ့ကပ်ချည်ပြီး နောက်ကျောကို ကြာပွတ်နဲ့ရိုက်ဖို့ နော့သပ်ကို စေခိုင်းပါတယ်။ မစ္စစ်အပ်ပ်စ်က ဘေးကမတ်တတ်ရပ်ကြည့်နေပြီး အသက်ပါသွားအောင်ရိုက်လို့ အော်နေပါတယ်။ အက်ပ်စ်ကလည်း နောက်ကျောက အရှိုးရာတွေကြားက သွေးနဲ့အသားတစ်တွေအတူ ထွက်ကျလာတဲ့အထိရိုက်လို့ အော်ပြီးအမိန့်ပေးနေပါတယ်။ နောက်တော့ နော့သပ်ရိုက်တာ အားမရလို့ အက်ပ်စ်ကိုယ် တိုင်ဝင်ရိုက်ပြီး မောမှပြီးသွားပါတယ်။

နောက် နော့သပ်တို့ခြံကို ကနေဒါနိုင်ငံက လက်သမား ‘ဘတ်စ်’ (Brad Pit)ဆိုသူ ရောက်လာပါတယ်။ ခြံပိုင်ရှင် ရှုခင်းကြည့်ဖို့ နော့သပ်နဲ့အတူတွဲပြီး အဆောက်အအုံအသေးတစ်လုံး ဆောက်ကြရပါတယ်။ ဘတ်စ်ဟာ ငွေဝယ်ကျွန်စနစ်ကို လက်မခံသူမို့ ခြံပိုင်ရှင်အက်ပ်စ်နဲ့ သိပ်အလွမ်းမသင့်လှပါဘူး။ ဒါကို သတိထားမိတဲ့ နော့သပ်က နယူးယောက်မှာရှိတဲ့ သူ့မိတ်ဆွေတွေဆီကို စာတစ်စောင်ထည့်ပေးဖို့ အကူအညီတောင်းရာမှာ အသက်အန္တရာယ် ရှိတယ်ဆိုတာကို သိပေမယ့် ကူညီမယ်လို့ ဘတ်စ်ကပြန်ပြောခဲ့ပါတယ်။

နောက်များ မကြာခင်တစ်နေ့မှာ ရှရစ်ဖ်လို့ခေါ်တဲ့ နယ်မြေငြိမ်ဝပ်ပိပြားမှု အရာရှိဟာ အက်ပ်စ်တို့ခြံကို မြင်းလှည်းနဲ့ရောက်လာပြီး နော့သပ်ကို ပြန်ခေါ်သွားပါတော့တယ်။ ပက်စီ့ခမျာမှာတော့ ၀မ်းနည်းပက်လက်နဲ့ ကျန်ရစ်ခဲ့ရှာတာပေါ့။

နောက် နော့သပ်ဟာ ဇာတိမြို့လေးက သူ့အိမ်ကို သူပြန်ရောက်သွားပါတယ်။ ဇနီး သားနဲ့သမီး အပါအ၀င် မိသားစု အစုံအလင်နဲ့ ပြန်တွေ့ရပါတယ်။ သမီးက အိမ်ထောင်တောင်ကျနေပြီး ကလေးတောင်ရနေပါပြီ။ လသားအရွယ် မြေးယောက်ျားလေးကို နော့သပ်ချီနေတဲ့အချိန်မှာ ရုပ်ရှင်လည်း ပြီးသွားပါတယ်။

အခုနှစ် အော်စကာရာသီမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ဘယ်သူရမလဲဆိုတာကို ပိုစိတ်ဝင်စားကြပါတယ်။ နောက်တော့ ‘ပက်စီ’ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကင်ညာနွယ်ဖွား ‘လွတ်ပစ်တာနယွန်းဂို’(LupitaNyong’o) က ရသွားပါတယ်။ ဒါနဲ့ပတ်သက်ပြီး အငြင်းပွားမှု မရှိခဲ့ပါဘူး။ ပက်စီ ရက်ရက်စက်စက် အနှိပ်စက်ခံရတဲ့ အခန်းကို သရုပ်ဆောင်တဲ့နေရာမှာ ပရိသတ်ကြီးရဲ့ရင်ထဲ အသည်းထဲကို အေးခနဲစိမ့်ခနဲဖြစ်သွားအေင် သရုပ်ဆောင်နိုင်ခဲ့လို့ ‘နယွန်းဂို’ ဟာ ဒီဆုကို ထိုက်ထိုက်တန်တန် ရခဲ့တာ ဖြစ်ပါတယ်။

ကိုယ်လည်း ဒီရုပ်ရှုင်ကြည့်ရင်းနဲ့ ပက် ရဲ့ အ၀တ်မပါ ဗလာဖြစ်နေတဲ့ ကျောပြင်ကြီးပေါ်ကို ပြင်းထန်တဲ့ကြာပွတ်ရိုက်ချက်တွေ ကျရောက်နေတာကို တွေ့ရတဲ့အခါ ပက်စီ့ကျောပြင်လို့ မမြင်မိတော့ပါဘူး။ မြန်မာပြည် မြေပုံကြီးပေါ်မှာ ကြာပွတ်ရိုက်ချက်တွေ ကျနေတယ်လို့ပဲ မျက်စိအာရုံထဲမှာ ထူးထူးခြားခြား တွေ့မြင်ပြီး ခံစားနေရပါတယ်။ ကျောပြင်ပေါ်ကို ကြာပွတ်ရိုက်ချက်တစ်ချက်ကျလိုက် မြန်မာပြည်မြေပုံမျက်နှာပြင်ပေါ်က သစ်တောကြီးတွေ ပျောက်သွားလိုက်၊ နောက်ကြာပွတ်ရိုက်ချက်တစ်ချက်ကျလိုက် မြေပုံပေါ်က မြစ်ရေတွေနောက်သွားလိုက်။ နောက်တစ်ချက်ကျလိုက် တက္ကသိုလ်တွေ တောထဲရောက်သွားလိုက်နဲ့ အဲဒီလိုပဲ မြင်နေမိပါတယ်။ ကြာပွတ်ရိုက်ချက် ဘယ်လောက်များများသလဲဆိုရင် ကြိုးဖြေပေးလိုက်တဲ့အခါ ပက်စီဟာ သတိမေ့ပြီး မြေကြီးပေါ်မှာ ခွေခွေလေးလဲနေပါပြီ။ ညဘက်ကျတော့ ပက်စ်စီရဲ့ နောက်ကျောပေါ်က ဧရာမ အရှိုးရာကြီးတွေကို နော့သပ်နဲ့ ငွေဝယ်ကျွန်မိန်းမတွေ ၀ိုင်းပြီးဆေးထည့်ပေးကြတဲ့အခါ ပက်စီ့ခမျာ နာလွန်းလို့ အော်တာတောင် အသံမထွက်နိုင် ရှာတော့ပါဘူး။

ငွေဝယ်ကျွန်တွေကြောင့် ၀ါဂွမ်းတွေအများကြီးထွက်ပြီး အမေရိကန်တောင်ပိုင်းကလူတွေ ထားစရာမရှိအောင် တအားချမ်းသာလာခဲ့ကြတာ အမှန်ပါပဲ။ အမှန်တရားနဲ့ လူလူချင်းအပေါ် ထားသင့်တဲ့ စာနာတရားတွေကို မျက်ကွယ်ပြုခဲ့ကြတဲ့ အဲဒီလူတွေဟာ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ ကြာပွတ်နဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမတာကို ခံခဲ့ကြရပါတယ်။ သူတို့တစ်တွေဟာ ပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့အခါမှာလည်း စစ်ရှုံး၊ မိသားစုဝင်တွေထဲက ခင်ပွန်းသည်တွေနဲ့ အရွယ်ကောင်းသားပျိုလေးတွေကိုလည်း မရဏရွာကို အရောက်ပို့ဆောင် ပေးခဲ့ကြရတဲ့အပြင် ကုန်းကောက်စရာ မရှိတော့တဲ့အထိလည်း မွဲသွားကြရပါတယ်။

ဒီဇာတ်ကားကြောင့် ကမ္ဘာကြီးရသွားတဲ့ အတွေးအခေါ် တစ်ခုကတော့ ‘လုပ်လို့ရတုန်း စည်းလွတ်ဘောင်လွတ် ထင်တိုင်းလုပ်ခဲ့ကြတဲ့လူတွေဟာ တစ်ချိန်မှာ ကိုယ်ရယူထားတာထက် အဆပေါင်းများစွာ ပြန်လည်ပေးဆပ်ရတတ်တယ်’ ဆိုတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။


Eleven Media Group

ပျော်ရွှင်နေပါ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ..



၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ၊ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ။

၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူ လောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ အပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။ ဘယ်လိုလုပ်မလဲ ?

အင်းလေးမီဒီယာ

Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု




ကျွန်မ အသက် ၄၁ နစ်၊ ကလေး ၂ ယောက်အမေ ဖြစ်ပါသည်။ ခင်ပွန်းမှာ နိုင်ငံခြားတွင် အလုပ်လုပ်နေသည်မှာ ၁ဝ နစ် ရှိပါပြီ။ ၁ နစ် ၁ခါ (တပတ် ၁ဝ ရက်) ပြန်လာလည်ပါသည်။ ကျွန်မမှာ မိဘနှင့်အတူနေပါသည်။ ကျွန်မသည် ဓမ္မတာ မလာမီ ၁ ပတ်၊ ၁ဝ ရက်အလိုတွင် စိတ်ခံစားမူ ပြင်းပြင်းထန်ထန် ဖြစ်လာပါသည်။ ထိုဖြစ်စဉ်မှာ မိန်းကလေးတိုင်း ဖြစ်တတ်သည်ကို နားလည်ပါသော်လည်း ယခု ကျွန်မသည် ပုံမှန်ထက် ပိုဆိုးဆိုး ခံစားလာရပါသည်ဟု သတိထားမိ လာပါတယ်။ ဒေါသလွန်လွန်ကဲကဲထွက်ပြီး အော်ပစ်ခြင်း၊ ခင်ပွန်းသည်နှင့် ယခင်က စကားများခဲ့သည်များကို ပြန်တွေးပြီး စိတ်တိုရန်လုပ်ခြင်း၊ ၄ နစ်အရွယ် ကလေးငယ်အား စိတ်မရှည် ဖြစ်လာခြင်း၊ တခါတရံ တယောက်ထဲ ငိုချင်နေခြင်း၊ အထီးကျန်သလို ခံစားရခြင်း၊ ဘာအလိုမကျမှန်း မသိဘဲ လူ့ဘဝ နေရတာ စိတ်ကုန်လာခြင်း၊ သိတ် စိတ်ဆိုးသည့်အခါ ကိုယ့်ကိုကိုယ် သေသွားရင် ကောင်းမယ်ဟု ခံစားမိလာခြင်း၊ ထိုအချိန်တွင် တဦးဦးနင့် ပြဿနာ ဖြစ်ပါက ပိုစိတ်ဆိုးပြီး တနေရာရာကို ထွက်ပြေးနေချင်ခြင်း၊ ပစ္စည်းများအား ရိုက်ခွဲပြစ်လိုခြင်း စသည့် ခံစားမူများကို ကျွန်မ ပတ်ဝန်းကျင်ကပါ သတိထားမိလာကြပါတယ်။ လစဉ်ခံစားရပါသည်။ ကျွန်မတွင် စိတ်ရောဂါ တခုခု ခံစားနေရပါသလား။ အသက်အရွယ်အရ ဖြစ်တတ်သောသဘောလား သိချင်ပါသည်။

“ရာသီမလာခင် ဖြစ်ခြင်တာတွေကို (PMS) ဆိုပြီး သပ်သပ်ဆေးစာမှာ ရှိတယ်။ အရွယ်ရောက် အမျိုးသမီး ၈ဝ% မှာ ခံစားကြရတယ်။ ဆေးကုဘို့လိုတာ ၂ဝ-၃ဝ% လောက်သာ ရှိပါတယ်။ ဆိုးဝါးတဲ့ (PMDD) ခေါ်တာမှာ ၂-၆% သာ ဆေးကုဘို့ လိုတယ်။” ဆိုပြီး “ရာသီမလာခင် ဖြစ်ချင်တာတွေ” ထဲမှာ ရေးထားပါတယ်။

အမျိုးသမီးတိုင်း ရာသီလာချိန်နဲ့ ဆက်စပ်ပြီး စိတ်ပိုင်းအပြောင်းအလဲ အနည်း-အများရှိကြတယ်။ လတိုင်းမှာဖြစ်တာတော့ မဟုတ်ပါ။ ဘဝတလျှောက်မှာ ကြုံဘူးကြတာ များတယ်။ စိတ်မူ-အပြောင်းအလဲတွေ Mood swings လို့ ခေါ်တယ်။ စိတ်ဝေဒနာတခု ဖြစ်တယ်။ မေးတဲ့သူ ရေးပြတာတွေ အားလုံး မှန်ပါတယ်။ အပြောင်းအလဲ မြန်တယ်၊ မှန်းမရဘူးလို့ ဆိုနိုင်တယ်။ သိပ်ဆိုးဝါးလာရင် စိတ်ကို မထိန်းနိုင်တဲ့အထိ ဖြစ်ကြရတယ်။ ပြင်းထန်တာနဲ့ ခဏခဏ ဖြစ်နေတာမျိုးက ဆိုးတယ်။

အမေရိကန်နိုင်ငံသူတွေဟာ တသက်တာ ရာသီ အခါပေါင်း ၄ဝဝ လာတယ်။ ၈ဝ% မှာ ရာသီမလာခင် ဖြစ်တာတွေကို ခံစားကြရတယ်။ ဘာတွေဘဲ ခံစားရပါစေ အများစုကြီးမှာ အခြေခံစိတ်ရောဂါ မရှိကြပါ။ ရာသီနဲ့ မပတ်သက်ဘဲ စိတ်မူပြောင်းတာ တောက်လျှောက်လိုဖြစ်ရင်တော့ တခြား စိတ်ပိုင်းရောဂါ ဖြစ်နိုင်တယ်။

ယေဘုယျပြောရရင် စိတ်အခြေအနေဟာ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ရာသီလာခါနီးမှာ ပိုသိသာတယ်။ ဘာလို့ အဲလိုဖြစ်ကြရသလဲ။ ၂ ပိုင်းခွဲနိုင်တယ်။ (၁) စိတ်ပိုင်း နဲ့ (၂) ရုပ်ပိုင်း။ ရုပ်ပိုင်းက ပိုအဖြစ်များတယ်။ စိတ်ပိုင်း အကြောင်းရင်းမှာလဲ ၂ မျိုးရှိတယ်။ အလွန်ရှားတဲ့ Maniac disorders နဲ့ စိတ်ဖိစီးမှုများတာဖြစ်တယ်။ ပဌမ အမျိုးအစားဟာ မျိုးရိုးနဲ့ဆိုင်ပြီး၊ ဦးနှောက်မှာ ဓါတ်ပြောင်းလဲမှုတွေကြောင့် ဖြစ်စေတယ်။

ရုပ်ပိုင်းအပြောင်းအလဲတွေဟာ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတီရုန်း) ဟော်မုန်းတွေကြောင့် ဖြစ်တယ်။ တချို့ဟော်မုန်းကနေ ဦးနှောက်ထဲက (ဆီရိုတိုနင်) ဓါတ် အနည်း-အများကို ထိန်းပေးနေတာမို့ စိတ်မူကိုပါ ပြောင်းစေနိုင်တယ်။ (ဆီရိုတိုနင်) ဓါတ်နည်းလာရင် ဆိုးစေမယ်။

ယောက်ျား-ဟော်မုန်း နဲ့ နို့ထွက်စေအောင်လုပ်တဲ့ (ပရိုလက်တင်) များရင်၊ မျိုးဥထွက်မှာကို နှေးစေမယ်၊ (ပရိုဂျက်စတီရုန်း) နည်းစေမယ်၊ PMS ဖြစ်စေတယ်။ (အင်ဒိုမီထရီရိုးဆစ်) ဆိုတဲ့ သားအိမ်ရောဂါ ရှိသူတွေမှာလဲ ဖြစ်တတ်တယ်။ ရာသီလာရင် ပိုနာကြတယ်။ ကင်ဆာ မဟုတ်တဲ့ ရင်သား-အကျိတ် ရောဂါကလဲ ဖြစ်စေတယ်။ Obsessive-compulsive disorder စိတ်ရောဂါ ရှိနေသူတွေ ဒီအချိန်မျိုးမှာ ပိုဆိုးတယ်။

တချို့မှာ ဖြစ်နေပေမဲ့ မသိသာဘူး။ ဟိုဟာ-ဒီဟာစားချင်စိတ် ချင်ချင်းတတ်တာမျိုးလဲ ရှိတတ်တယ်။ အလုပ်၊ အိမ်မှာလဲ အဆင်မပြေဘူး။ လူတော မတိုးချင်ဘူး။ စိတ်ပျက်လက်ပျက်ဖြစ်တာ၊ လုံးဝစိတ်ဓါတ်ကျတာ၊ စိတ်ရှုတ်-စိတ်တို၊ အရေး မကြီးလောက်တာလေးအတွက် စိတ်ဓါတ်ကျတာ၊ ဝမ်းနည်း-ပက်လက်ဖြစ်တာ၊ နောင်တ ရနေတာ၊ စိတ်တက်ကြွမှု နည်းမယ်၊ စိတ်တိုတယ်၊ ဇွတ်လုပ်ချင်တယ်၊ သည်းခံစိတ် လျော့မယ်၊ ပူပင်စိတ် များမယ်၊ စိုးရိမ်စိတ် ကဲမယ်၊ ဂနာမငြိမ် ဖြစ်နေမယ်၊ ဝမ်းနည်း-ပက်လက်-စိတ်ပျက်နေမယ်။ အိမ်ထောင်ရေး မသာယာတာ၊ အရင်က အနှိပ်စက် ခံခဲ့ရဘူးတာ၊ ကိုယ့်ကိုယ်ကို အားမရတာ၊ စတာတွေရှိသူတွေမှာ သာမန်စိတ်အခြေအနေထက် ပိုဆိုးတယ်။

ဘာတွေလုပ်နိုင်သလဲ၊
(၁) အနေအထိုင်ပုံစံပြောင်းနည်း၊
(၂) တခြားနည်း၊
(၃) ဆေးပေးနည်း၊
(၄) ခွဲစိတ်ကုသနည်း၊
(၅) စိတ်အထူးကု-ဆရာဝန်နဲ့ ကုသနည်း။

၁။ အနေအထိုင်ပုံစံ
မျှတ-လုံလောက်တဲ့ အစာတွေစားပါ။ သကြားများတာ ရှောင်ပါ။ ကစီဓါတ်များတာ၊ အာလူး၊ ဂျုံ၊ အသား-ငါး၊ (ပရိုတင်း) စားပါ။ ရောဂတ် (ဒိန်ချင်)၊ ဒိန်ခဲ၊ နွားနို့သောက်ပါ။ Ginger root tea ချင်းမြစ်ပြုတ်သောက်ပါ။ Junk foods ခေတ်ပေါ် ဆိုင်တွေမှာ အလွယ်ဝယ်စားရတာမျိုးတွေ၊ ဆားများတဲ့ အစာတွေ၊ အချိုရည်တွေကို ဖြစ်နေကျအချိန် မတိုင်ခင် တပါတ် ကတည်းက ရှောင်ပါ။

စိတ်ဖိအား လျှော့ချနည်းတခုခု ဥပမာ ယောဂနည်း၊ တရားထိုင်နည်း၊ ကိုယ်လက် လေ့ကျင့်ခန်းနည်း၊ အစာအာဟာရ ပြုပြင်နည်းတွေလုပ်ပါ။ (ကေဖင်း) ပါတာတွေ လျှော့သောက်ပါ။ အိပ်ရေးဝပါစေ။ ရေသောက် မနည်းစေနဲ့။ စိတ်ဖိအား လျှော့ချပါ။ မဆင်မပြေတတ်တဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်နိုင်ရင်ရှောင်ပါ။ မိသားစု၊ မိတ်ဆွေ-သူငယ်ချင်းတွေနဲ့ ပိုနေထိုင်ပါ။ အသက်ပြင်းပြင်းရှူပါ၊ ကိုယ့်အတွက် အချိန်ကို ယူပါ။ လိင်စိတ် ပြည့်ဝအောင် (တဦးချင်းဖြစ်ဖြစ်) လုပ်နိုင်ပါတယ်။

၂။ တခြားနည်း၊
(ဟာဘယ်) ဆေးနည်း။ Flaxseed Capsules, Valerian, Kava Kava, St. John’s Wort, Phytoestrogenic herbs (Black Cohosh) ဆေးထဲမှာ အပင်ကနေရတဲ့ Estrogen တွေပါတယ်။ ဒီဆေးမျိုးက များရင် မကောင်းဘူး။ ကိုယ်ခန္ဓာကနေ အလိုလိုထုတ်မှာကို နည်းစေတတ်တယ်။ Macafem ဆေးလဲ သုံးနိုင်တယ်။ နှိပ်နယ်နည်း၊ တရုပ် အပ်စိုက်နည်းတွေလဲ လုပ်နိုင်တယ်။ အထောက်အကူ ပေးနိုင်တာတွေကတော့ Vitamin E, Gingko Biloba, Huperzine A, Ginseng နဲ့ Acetyl-L-camitine တွေဖြစ်တယ်။ Vitamin B, C, B6, Calcium, Magnesium ဗီတာမင် နဲ့ ဓါတ်ဆားတွေလဲ သောက်နိုင်တယ်။ နည်းတွေ တွဲသုံးတာက ပိုကောင်းတာ တွေ့ရတယ်။ မရသူတွေကို ဆေးပေးကုသရမယ်။

၃။ ဆေးပေးနည်း၊
• စိတ်ကျတာ သက်သာဆေး ပေးနိုင်တယ်။ Fluoxetine (Prozac) နဲ့ Paroxetine (Paxil) ဆေး အသုံးများတယ်။
• ဆီးသွားစေတဲ့ဆေးကို သတိနဲ့ပေးရင် တချို့မှာ သက်သာတယ်။ လူတိုင်းတော့ မဟုတ်ဘူး။
• သွေးတိုးအတွက် သုံးတဲ့ (ဘီတာဘလော့ကာ) ဆေးတွေလဲ သက်သာစေနိုင်တယ်။
• OCPs ကိုယ်ဝန်တား-စားဆေး အိမ်ထောင် မရှိလဲ သုံးနိုင်တယ်။ ထိရောက်သူ များပါတယ်။
• ဆေးသာမက ကိုယ်လက် လေ့ကျင့်ခန်းနဲ့ အစာအာဟာရနည်းပါ တွဲသင့်တယ်။

တားဆေးတွေရဲ့ရာသီအပေါ်အကျိးသက်ရောက်မှု
ကိုယ်ဝန်တားဆေးတွေဟာ လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ဘူး။ ဒါပေမဲ့ ရာသီဝက်ဝန်းကို လိုသလို ပြုပြင်ပေးနိုင်စွမ်းရှိတယ်။ ၁၉၆ဝ ကျော်ကတည်းက သုံးနေခဲ့တဲ့ ကိုယ်ဝန်တားဆေးတွေ ပေါ်ကာစမှာ ဆေးသုတေသန လုပ်သူတွေက ရက် ၉ဝ မှတခါ ရာသီလာအောင် လုပ်ဘို့ဘဲ။ နောက်မှ ပုံမှန်နဲ့တူအောင် ၂၈ ရက်တခါ လာတဲ့ဆေးကိုသာ ထုတ်လုပ်တယ်။ (ရိုမန်ကက်သစလစ်) ဘုရားကျောင်း ရဲ့ သဘောတူညီချက် ရအောင် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဟော်မုန်းပါ ကိုယ်ဝန်တားဆေးတွေက ၂၁-၂၈ ရက်သောက်ရတယ်။ အစပိုင်း ၂၁ ရက် သောက်ရတဲ့ဆေး ကုန်တာနဲ့ အရောင်ရင့်ဆေးပြား ၇ ပြားကို မသောက်တော့ဘဲ၊ နောက် ဆေးကပ်သစ်ကို ဆက်သောက်ရတယ်။ အဲလိုသာ နေ့စဉ် သောက်နေရင် သောက်နေသမျှ ကာလပတ်လုံး ရာသီမလာတော့ဘူး။ Depo-provera ထိုးဆေးက ဆေးထိုးပြီး၊ ရာသီ မလာသူတွေ များတယ်။ Norplant ခေါ်တဲ့ သန္ဓေတား-ဆေးချောင်းထည့်ထားသူတွေမှာ တနှစ်ကို ၃-၄ ခါ ရာသီ မလာတော့ဘူး။ Progestogen-only pills ကို တောက်လျှောက် မနားဘဲ ပေးရင် ရာသီ လုံးဝ မလာတော့ဘူး။ ပုံမှန်က ၇ ရက်ခြား ပေးရတာမျိုး ဖြစ်တယ်။

၎။ ခွဲစိတ်ကုသနည်း၊
သားအိမ်ကို တဝက်တပျက်ထုတ်ပေးတာလဲ လုပ်နိုင်တယ်။

၅။ စိတ်ပိုင်း ကုသနည်းတွေထဲမှာ Behavioral therapy, Cognitive Therapy, Literary Therapy နဲ့ Talk Therapy နည်းတွေ ရှိပါတယ်။

Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း နဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ

ကိုယ်ဝန်ဆောင်စဉ် ခင်ပွန်းနှင့် အတူနေလျှင် ဘာဖြစ်မလဲ (၁၈နှစ် ပြည့်မှ ဖတ်ပါ)




Q 1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။
Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ့ အကြုံမရှိဘူး ဖြစ်နေလို့ပါ။
တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။

A 1: ပုံမှန် ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော့တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ကိုယ်ဝန်ကို ပြဿနာ မတက်ပါ။

ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်း ရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ဝါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာ တယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယ ကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။

ပုံမှန် ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇဝင် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ (၃၇ ပါတ် ထက်စော) ကလေး မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အဝဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အဝကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အဝနား ရှိနေတာတွေကို ဆိုလိုတယ်။

အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှ ဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအဝင် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရ သဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။

ဇနီးသည် ကိုယ်ဝန်ရှိချိန် လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေး တယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေး အတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။

“ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား” လို့ ပြောကြတာလည်း ရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား) ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမို ဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။

ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ် ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။

စုံအောင်ထည့် ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်း မှုတ်တာမျိုး ဖြစ်မသွားစေ ရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။

ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (ဝပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့ မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။

သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန် ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်း အပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။

အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို အရှောင်ခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျှောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။

A 2: ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူနေရင် ပျက်ကျမှာ စိုးရတယ်၊ နောက်ဆုံး ၃ လ စောမွေးမှာ စိုးရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ (နော်မယ်) ဖြစ်နေရင် အလွန် လုံခြုံပါတယ်။ ရေမြွာရည်ကနေ ကလေးကို အကာအကွယ် ပေးနေတယ်။ “ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ (ပိုဇေရှင်) များ” ဆိုပြီး သပ်သပ် သိဘို့ လိုတာ အမှန်ပါ။ ကိုယ်တိုင် ကြံဆနိုင် ကြပါတယ်။ ဆက်ဆံသင့်တဲ့ အနေအထားတွေဆိုတာ အများဖတ်ဘို့ ရေးတင်တာ သိပ်မကောင်းလှဘူး ထင်လို့ မေးသူဆီကိုသာ တိုက်ရိုက် ပြန်လိုက်ပါမယ်။

ဒေါက်တာတင့်ဆွေ

မိန်းကလေးများမိမိတို့ အမျိုးသမီးအင်္ဂါကို သန့်ရှင်းအောင်ဘယ် လိုလုပ်မလဲ


ယနေ့ ၂၁ ရာစုခေတ်ကြီးမှာ အမျိုးသမီး တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းမှုအတွက် လိုးရှင်းတွေ ၊ သန့်စင် ရည်တွေ ဟာ တစ်မျိုးနဲ့တစ်မျိုး မရိုးရအောင် အပြိုင်အဆိုင် ထွက်ပေါ်လို့ လာနေပါပြီ ။ အမျိုးသမီးတွေ အတွက် မိန်းမကိုယ် သန့်ရှင်းရေးဆေးကြောအ ရည်တွေဟာလည်း ဈေးကွက်ထဲမှာ အမျိုးအစားစုံလင်စွာ နဲ့ အလွယ် တကူ ၀ယ်ယူရရှိနေနိုင်ပါပြီ ။ မိန်ကလေးတွေအများစု ယုံကြည်နေ တဲ့အချက်ကတော့ တစ်ကိုယ် ရည်သုံး လိုးရှင်းတွေသန့်စင်ရည်တွေ ဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်တယ် သန့်ရှင်းစင်ကျယ်စေတဲ့ ဖက်ရှင် (Cleaning fashion) တစ်ခုဖြစ်တယ်ဆိုတာပါပဲ ။


ခန့်မှန်းချက်အရကတော့ United states မှာဆိုရင် အမျိုး သမီး ၂၀ မီလီယံလောက်ဟာ Health care lotion လို့ခေါ်တဲ့ တစ်ကိုယ်ရည်သုံး လိုးရှင်းတွေကို တခါတရံ အ သုံးပြုကြပြီး ၊ အာဖရိကနဲ့ အာရှတွေမှာဆိုရင်တော့ အသုံးများပါတယ် ။ ဒီလိုလိုးရှင်းတွေကို အသုံးပြုကြ တာဟာ တကယ်ပဲ အမျိုးသမီးကျန်းမာရေးကို အထောက်အကူဖြစ်စေသလား ဒါမှမဟုတ် ဆိုးကျိုးတွေဖြစ်စေ သလား ဆိုတာ ပညာရှင်တွေက ဆေးပညာဆိုင်ရာ လေ့လာစမ်းသပ်မှု Medical Research တွေပြု လုပ်နေ ကြပြီဖြစ် ပါတယ် ။

သားအိမ်ခေါင်း ၊ သားအိမ်အတွင်းပိုင်းနဲ့ mucosa ၊ မိန်းမကိုယ်နံရံတွေမှာရှိတဲ့ microbes လို့ခေါ်တဲ့ အဏုကြည့် မှန်ပြောင်းကိရိယာဖြင့်သာမြင်နိုင်တဲ့ပိုးမွှားတွေကို vaginal flora က ပုံမှန်အတိုင်းသဘာဝအလျှောက် သန့် စင်ဆေးကြောပေးပါတယ် ။ အမျိုးသမီးတွေရဲ့သဘာဝ vaginal flora မှာ ပြင်ပပိုးမွှားတွေကို ကာကွယ် တိုက်ထုတ်နိုင်တဲ့ လူ့ခန္ဓာကိုယ်အကျိုးပြုဘတ်တီးရီးယား lactic acid bacteria တွေ 80 million/ml လောက်အထိပါဝင်ပါတယ် ။ သူ့ရဲ့ အဓိက တာဝန်ကတော့ ပြင်ပကနေ ပိုးမွှားတွေ လွယ်လွယ် ကူကူ ၀င်ရောက်နိုင် ခြင်း ကို ကာကွယ်တားဆီးဖို့ ဖြစ်ပြီး lactic acid bacteria တွေကို Guardian of health အဖြစ်တင် စားပြောဆိုကြပါတယ် ။

Lactobacillus တွေများစွာပါဝင်တဲ့ အမျိုးသမီးမိန်းမကိုယ်ထဲက ထွက်တဲ့ အရည်တွေဟာ မိန်းမကိုယ်ကို ဘသာဝအလျှောက် သန့်ရှင်းစင် ကြယ်စေခြင်း ( self cleaning function) ကို လုပ်ဆောင်ပေးပါတယ် ။ လေ့လာစမ်းသပ်မှုတစ်ခုရဲ့အဖြေအရ မျိုးပွားနိုင်စွမ်းရှိတဲ့ အသက် ၄၀ အရွယ်အမျိုး သမီးတွေ မှာ lactobacillus ၉၂.၅ ရာခိုင်နှုန်းပါဝင်ပြီး ၊ အသက် ၆၀ အရွယ်မျာတော့ ၆၀ ရာခိုင်နှုန်း သာ ပါဝင် ပါတော့ တယ် ။ ဒါကြောင့် မိန်းမကိုယ်မှာ အမျိုးသမီး သန့်စင်ဆေးရည်တွေကို ပုံမှန်အသုံးပြုခြင်းဟာ Lactobacillus ပါဝင်မှုပမာဏကို လျော့ နည်းသွားစေနိုင်ပါတယ် ။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ပြုလုပ်ခဲ့ကြတဲ့ အမျိုးသမီး မိန်းမကိုယ်ဆေးကြောရည် စမ်းသပ်မှု (women's vaginal washing the report) အရ တစ်ပတ်ကို တစ်ကြိမ်ဆေးကြောခြင်း သို့မဟုတ် ဒီထက်ပို ပြီး အကြိမ် အရည် အတွက်များစွာ ဆေးကြောခြင်းဟာ တင်ပဆုံအတွင်းပိုင်း ပိုးမွှားဝင်ရောက်မှု ( pelvic infection ) ကိုပို များစေခြင်း ၊ နေရာလွှဲမှား သန္ဓေသား ပြဿနာ ( ectopic pregnancy ) ကို များပြားစေခြင်း ၊ ပိုးမွှား ၀င်ရောက်စေ မှု များပြားစေခြင်း စသည်တို့ကိုတွေ့ရှိခဲ့ရပါတယ် ။

American Journal of Public Health မှ report အ ရ မိန်းမကိုယ်ထဲမှာ အရည် vaginal fluid မရှိတဲ့ အမျိုးသမီးတွေဟာ ပုံမှန် မိန်းမကိုယ်ထဲ အရည်ရှိတဲ့ အမျိုးသမီးတွေထက် Pelvic infection ဖြစ်ပွားစေတဲ့ နှုန်းကို ၇၃ ရာခိုင်နှုန်းထိ ပိုများတယ်လို့ သိရပါတယ် ။ ဒါဟာ ဘာကြောင့်လည်းဆိုရင် အမျိုးသမီးမိန်းမကိုယ်အရည်ရဲ့ မိမိဘာသာ သန့်ရှင်း စင်ကြယ်စေခြင်း ဆိုတဲ့ self cleaning function ပျက်ဆီးသွားပြီး သားအိမ်ခေါင်း ၊ သားအိမ် ၊ fallopian tube ( သားအိမ်နှင့် သားဥအိမ်ဆက်သွယ်ထားသောလမ်းကြောင်း ) စသည်တို့မှဆင့် ရောဂါပိုးမွှားတွေကို ၀င်ရောက်စေပြီး pelvic infection ကို ဖြစ်ပွားစေပါတယ် ။

လူအများစုကတော့ လိင်ဆက်ဆံမှုများတဲ့အမျိုးသမီးတွေ ဟာ ကိုယ်ဝန်ကို တားဆီးနိုင်ဖို့ တကိုယ်ရည်သုံး သန့်စင်ဆေး ရည်တွေကို သုံးစွဲကြတယ်လို့ မှားယွင်းယုံကြည်နေကြပါတယ် ။ နောက်တစ်ခုကတော့ အမျိုးသမီး သန့်စင်ဆေးရည်တွေကို အသုံးပြုတာ ပိုးမွှားဝင်ရောက်တာကို ကာကွယ်နိုင်ဖို့ ၊ လိင်မှတဆင့် ကူးစက် တတ်သော ရောဂါများကို ကာကွယ်နိုင်ဖို့ ၊စတဲ့ရည်ရွယ် ချက်အများအနေနဲ့သုံးစွဲကြပါတယ် ။ ဒါပေ မယ့် ဆေးပညာ လေ့လာစမ်းသပ်မှု အဖြေအရတော့ အားလုံးဟာ ဆန့်ကျင်ဖက်တွေပါပဲ ။

အင်ဒိုနီးရှားမှ ဆရာဝန်တွေ ဟာ မီးမဖွားခင်ကိုယ်ဝန်ဆောင်သည် ၅၉၉ ယောက်ကို စမ်းသပ်ခဲ့တဲ့အခါမှာတော့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်ဖို့ အတွက် ရည်ရွယ် ချက်နဲ့သုံးစွဲပေမယ့် တကယ်တမ်းမှာ ဖြစ်ပွားနိုင်မှု risk ကိုပိုများစေပါတယ် ။ ဒါပေမယ့်လည်း သာမန်မိန်းမ ကိုယ်ကို ရေနဲ့ ဆေးကြောခြင်းကတော့ အန္တရာယ်မရှိစေပါဘူး ။ လေ့လာမှု ဆာဗေးတွေရဲ့ အဖြေအ ရတော့ မိန်းမကိုယ်ရဲ့ အက်ဆစ်ဓါတ် PH မျှ ခြေ ပျက်ဆီးသွားခြင်းဟာ လိင်မှတဆင့် ကူးစက် တတ်သော ရောဂါ များကိုပိုများစေပါတယ် ။ ရေကတော့ မိန်းမကိုယ်ရဲ့ အက်ဆစ်မျှခြေကို မပြောင်း လဲစေ ပါဘူး ။ ဒါ့အပြင် ပုံမှန် vaginal flora ကိုလည်း မပျက်ဆီးစေပါဘူး ။

American scholars တွေဟာ လက်ထပ်ပြီးသားစုံတွဲ ၈၄၈ ယောက်ကို စမ်းသပ်ခဲ့တဲ့အခါ မိန်းမကိုယ် သန့်စင်ဆေး ရည်နဲ့ သုံးစွဲခြင်းဟာ တစ်လမှာ ကိုယ်ဝန်ဆောင်မှု ကို ၃၀% ထိလျော့နည်းသွားစေနိုင်ပါတယ် ။ ဘာကြောင့် လည်း ဆိုတော့ vaginal acidity ပြောင်းလဲသွားခြင်း ၊ micro-ecological ပတ်ဝန်း ကျင် ပြောင်းလဲ သွားခြင်း ၊ ရောဂါပိုးမွှားများပေါက်ဖွားကြီးထွားရင် သင့်တော်ခြင်း ၊ ဒါ့အပြင် ရောဂါတစ်ခု ခုဖြစ်စေဖို့ လည်း ဦး တည်နိုင်ပြီး နောက်ဆုံး infertility လို့ခေါ်တဲ့ မျိုးမပွားနိုင်ခြင်း ကိုဖြစ်စေနိုင်ပါတယ် ။ ဒါကြောင့် ယေဘူ ယျကြည့် မယ်ဆိုရင် မိန်းမကိုယ်ဟာ သူ့ဘာသာသူ အလိုအလျောက်သန့်စေစေခြင်း self cleaning feature ပါရှိတဲ့ အတွက် မိန်းမကိုယ်သန့်စင်ဆေးရည်တွေသုံးစွဲဖို့ မလိုအပ်ပါဘူး ။

မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို ဘယ်အချိန်တွေမှာ သုံးစွဲဖို့လိုအပ်သလဲ ?
ရောဂါတစ်ခုခုကို ဆေးကုသဖို့ အတွက် ဆရာဝန်နဲ့ ညွှန်ကြားချက်အတိုင်း သန့်စင်ဆေးကြောဆေးရည်ကို လိုအပ်သလို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။ ရေရှည်တော့မသင့်တော်ပါဘူး ။ မိန်းမကိုယ်ဟာ ပိုးမွှားဝင်ပြီး PH မျှ ခြေ ပျက်နေ မယ် အနံ့တွေဘာတွေဆိုးရွားစွာ နံနေမယ်ဆိုရင်တော့ PH Level 5 အဆင့်ရှိတဲ့ ပါဝင်တဲ့ မိန်းမကိုယ် သန့် စင်ဆေးကြောရည်တွေ ကို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။ ကဲဒါဆိုရင် မိန်းမကိုယ်မှ ထွက်တဲ့အရည် Vaginal discharge အကြောင်းကို အနည်းငယ်လေ့လာကြည့်ရအောင် ။ မျိုးပွားနိုင်တဲ့အသက် အရွယ်တွေဖြစ် တဲ့ အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းမှာ ပုံမှန် မိန်းမကိုယ်ထဲက vaginal discharge တွေဆင်းလေ့ရှိပါတယ် ။

ပမာဏ ၊ အရောင် ပါဝင်မှုနဲ့ အနံ့ တွေပြောင်းလဲသွားတဲ့အခါမှာတော့ ဒါဟာ ရောဂါတစ်ခု ဖြစ်နိုင်ပါပြီ ။ ဒီလိုပြောင်း လဲခြင်းဟာ internal factors တွေဖြစ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း ၊ စိတ်ဖိစီးမှု များခြင်း စ တာတွေကြောင့် ဖြစ်နိုင်သလို external factors တွေဖြစ်တဲ့ ပိုးဝင်ခြင်း ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

မိန်းမကိုယ်ထဲမှ ထွက်တဲ့အရည်ဟာ အစိမ်းရောင်ဖက်သမ်းနေပြီး အနံဆိုးတွေလည်းရှီမယ် ပမာဏကလည်း နည်းလိုက်များ လိုက်ဖြစ်မယ် ဆိုရင်တော့ ဒါဟာ vaginitis လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ် ။ Vaginal Discharge ရဲ့ လက္ခဏာတွေကတော့
- ယားယံခြင်း
- အနီကွက်များထွက်ခြင်း
- တင်ပဆုံရိုးအတွင်းပိုင်းနာခြင်း
- အနံဆိုးရွားခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း ပူခြင်း
- အဖျားတတ်ခြင်း
- ကြွက်နို့ကဲ့သို့ အဖုလေးများပေါက်ခြင်း
- ရာသီမဟုတ်သော မူမမှန်သွေးဆင်းခြင်း စသည်တို့ ဖြစ်ပါတယ် ။
မိန်းမကိုယ်ထဲ ပိုးမ၀င်အောင် အောက်ပါအချက်များကို လိုက်နာခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ် ။

၁ ။ သင်ဟာ diaphragm လို့ခေါ်တဲ့ အမျိုးသမီးသုံးကွန်ဒုံး ၊ သုတ်ပိုးသတ်သော ဆပ်ပြာသို့မဟုတ် ဂျယ်လီ ဒါမှမဟုတ် ကွန်ဒုံး တစ်ခုခု သုံးစွဲတဲ့အတွက် မိန်းမကိုယ်ထဲ ခဏခဏပိုးဝင်နေပြီဆိုရင်တော့ သင့်ဆရာဝန် နဲ့တိုင်ပင်ပြီး သားဆက်ခြားနည်းလမ်း Birth control options တွေကို ပြန်လည်ဆွေးနွေးဖို့ လိုနေပါပြီ ။
၂ ။ အိမ်သာတက်ပြီးတဲ့အခါတိုင်းဆေးကြောတဲ့အခါ အရှေ့မှ အနောက်သို့သာ ဆေးကြောပါ ။ သို့မှသာ စအိုအတွင်းမှ ပိုးမွှားများ မိန်းမကိုယ်အတွင်းသို့ ၀င်ရောက်ခြင်းကို တားဆီးပေးနိုင်မှာပါ ။
၃ ။ မိန်းမကိုယ်တစ်ဝှိုက်ကို ရေသန့် သို့မဟုတ် အနံ့မပါတဲ့ ဆပ်ပြာပျော့ပျော့နဲ့ တစ်နေ တစ်ကြိမ်လောက်ဆေးကြောပေး ဖို့လိုပါတယ် ။ ရေချိုးခန်းသုံးဆပ်ပြာမသုံးပါနဲ့ ။ သေချာဆေး ကြောပြီး ခြောက်သွေ့ အောင် သုတ်ပါ ။

၎ ။ သွေးဆင်းချိန်ကာလအတွင်း မှာ tempons ကို တစ်နေ့ သုံးကြိမ်အနည်းဆုံးလဲပါ ။ သင့်ရဲ့ ကာလပြီး ဆုံးသွားရင် နောက်ဆုံးအသုံးပြုတဲ့ tampon ကို စွန့်ပစ်ဖို့ မမေ့ပါနဲ့ ။
၅ ။ တင်းကျပ် တဲ့အ၀တ်အစားတွေကို ၀တ်ခြင်းကို တတ်နိုင်သမျှရှောင်ပါ ။ cotton underwear ကို သာဝတ် ဆင်ပါ ။ Cotton underwear နဲ့ ချောင်ချိတဲ့ အ၀တ်အစားတွေဟာ သင့်ရဲ့ မိန်းမကိုယ်နေရာကို yeast cell တွေ ကြီးထွားခိုအောင်းစေတဲ့ ပူနွေးစွတ်စိုခြင်းမှ ကာကွယ်တားဆီးပေးပါတယ် ။ အကျပ်တွေ ၀တ်ဆင်ခြင်း ဟာလည်း အရေပြားကို မသက်မသာဖြစ်စေပြီး rash တွေထွက်ပေါ်စေပါတယ် ။
၆ ။ စပရေးတွေနဲ့တခြားအမွှေးနံ့တွေပါတဲ့ အရာတွေကို သုံးစွဲခြင်းကို ရှောင်ကျဉ်ပါ ။ ဒါတွေဟာ အရေပြားမှာ irritation ဖြစ်ပေါ်စေပြီး အလာ့ဂျစ် (ဓါတ်မတည့်ခြင်း )တွေဖြစ်စေပါတယ် ။

၇ ။ သင်ဟာ လိင်ဆက်ဆံမှုများတဲ့ multiple sex partners ရှိတယ်ဆိုရင်တော့ ကွန်ဒုံးလည်းမသုံးဘူးဆိုရင် STD လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများဖြစ်စေနိုင်ပါတယ် ။ မိန်းမကိုယ် ထဲပိုးဝင်ဖို့ လည်းလွယ်ကူပါတယ် ။
၈ ။ အမျိုးသားနဲ့အတူနေပြီးတဲ့အခါမှာလည်း ဆီးသွားပါ ။ ပြီးတဲ့အခါမိန်းမ ကိုယ်နေရာကို ရေအေးအေး နဲ့ ဆေးကြောပေးဖို့လိုပါတယ် ။
၉ ။ စက်ဘီးစီးခြင်း ၊ မြင်းစီးခြင်းစတာတွေဟာ မိန်းမကိုယ်ကို ထိခိုက်စေနိုင်တဲ့အတွက် အကန့်အသတ်ဖြင့်သာ ပြုလုပ် သင့်ပါတယ် ။
၁၀ ။ သင့်မှာ ဆီးချိုသွေးချိုရောဂါရှိတယ်ဆိုရင်လည်း သွေးတွင်းသကြားဓါတ်ကို ကောင်းစွာ ထိမ်းထား ဖို့လို ပါတယ် ။

လိုအပ်မယ်ဆိုရင်တောပိုးသောက်ဆေးသောက်သင့်ပြီး မလိုအပ်ပဲ ပိုးသတ်ဆေးသောက် ခြင်းကို ရှောင်ရှား ရပါမယ် ။ ဆရာဝန်နဲ့သေချာပြသပြီး သင့်ရဲ့ရောဂါရာဇ၀င်က အစ သေချာစမ်းသပ်စစ်ဆေးကာ ကုသမှု ခံယူဖို့လို အပ်ပါတယ် ။

mwd