အိန္ဒိယ လူလွတ်ပညာတတ် အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ဖိအား

ပို့စ်တင်ချိန် - 3/09/2014 07:25:00 PM


“အိမ်ထောင်မရှိဘူး ဟုတ်လား။ အသက်ဘယ်လောက်လဲ။ ဘာဖြစ်လို့ မရှိတာလဲ”
“၂၈ နှစ်ပါ”
“ဟာ တော်တော်ဆိုးတာပဲ။ ဘယ်လို ရပ်တည်နေလဲ။ အိမ်ထောင်ဖက် ရှာမတွေ့ဘူးလား”

အထက်ဖော်ပြပါ စကားစမြည် ပြောဆိုမှုသည် အိမ်ထောင် မကျသေးသော အသက် ၂၀ နှောင်းပိုင်း အရွယ် အိန္ဒိယသူများ မကြာခဏ ပြောရလေ့ရှိသော စကားများ ဖြစ်သည်။ မှန်ပါသည်။ သင်သည်သာ အိန္ဒိယသူ ဖြစ်ပြီး ၂၈ နှစ်အထိ ယောက်ျားမယူဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေလျှင် သနားစရာလိုလို အပြောခံရမည်။ ဘဝမှာပဲ ရှုံးနိမ့်နေသူလိုလို အကြည့်ခံရမည်။ ကျွန်မ အတည်ပြောနေခြင်း ဖြစ်ပါသည်။

အိန္ဒိယမှာ အကြီးဆုံး မြို့တော်လို့ ပြောလို့ရသည့် မွန်ဘိုင်းတွင် ကျွန်မနေပါသည်။ လူလတ်တန်းစား မြို့နေ မိသားစုတစ်စုမှ ကျွန်မသည် အခြားမိန်းမပျိုများ ကဲ့သို့ပင် နေအိမ်မှ ထွက်ခွာကာ ကိုယ့်ဘဝကို ကိုယ်ကျောင်းနိုင်သည့် အမှီခိုမဲ့ဘဝကို ရွေးချယ် နေထိုင်ခဲ့သည်။ အိန္ဒိယ အမျိုးသမီးတွေအတွက် ရွေးချယ်စရာတွေ များလာပြီဟု ဆိုနိုင်သော်လည်း သိပ်ပြီး လွယ်လင့်တကူတော့ မဟုတ်ခဲ့ပါ။ ဘဝတက်လမ်း အဆင့်ဆင့်မှာ မိန်းကလေးဆိုသည့် ခွဲခြားမှုများကို ကျော်ဖြတ်ရသည်ချည်း ဖြစ်သည်။

ဘယ်အဆင့်ကို ရောက်ရောက် မဖြစ်မနေ ကြုံရမည့် ဖိအားကြီးက ရှိနေဆဲပင် ဖြစ်သည်။ “ဘယ်တော့ မင်္ဂလာဆောင်မလဲ” ဆိုသည့် မေးခွန်းဖြစ်ပါသည်။ ကလေးဘဝ ကတည်းက သင်ယူထားခဲ့ရသည့် အစွဲကလည်း ရှိသည်။ သမီးမိန်းကလေးများ ကြီးလာလျှင် လင်ကောင်းသားကောင်း ရအောင် ကြိုးစားရမည်။ မိသားစု ကောင်းကောင်း ရှိရမည်။ ချွေးမကောင်း တစ်ယောက် ဖြစ်ရမည်တဲ့။

ယနေ့အချိန်အထိ မိဘက စီစဉ်ညွှန်ကြားသော အိမ်ထောင်ပြုမှုများက အိန္ဒိယတွင် ရှိနေဆဲ ဖြစ်သည်။ မိဘက ရှာပေးသည်။ ကိုယ်ကတော့ ယူလိုက်ရုံ။ တချို့ စုံတွဲတွေဆိုလျှင် မင်္ဂလာ မဆောင်ခင်အထိ စကားပင် မပြောဖူးကြပေ။ သတ်မှတ်ထားသည့် ရိုးရာအစဉ်အလာအရ ကြိတ်မှိတ်ပြီး လူတစ်ဦး တစ်ယောက်ကို နှစ်သက် လက်ခံလိုက်ရတာလည်း ရှိသည်။

မိသားစုက သင်ကြား ပေးလိုက်သမျှကလည်း ဇနီးကောင်း၊ ချွေးမကောင်း တစ်ဦးဖြစ်ဖို့ စိတ်ထဲစွဲမြဲ နေစေဖို့သာ ဖြစ်သည်။ အချက်အပြုတ်၊ အိမ်အလုပ်၊ အနေအထိုင် စသည်တို့သာ ဖြစ်သည်။ အိန္ဒိယတွင် ရေပန်းစားနေသည့် ဖူးစာဖက်ရှာသည့် အင်တာနက် စာမျက်နှာများကို ဝင်ကြည့်လိုက်လျှင် အမျိုးသားများက ရှာဖွေသော ဇနီးလောင်းပုံစံမှာ မိသားစုကို တွယ်တာသူ၊ အိမ်မြဲသူ၊ အလုပ်မများသူ စသည်တို့သာ ဖြစ်နေသည်။

မိသားစုက ကျွန်မကို အလွန်ထောက်ခံပြီး ဖြည့်ဆည်း ပေးကြပါသည်။ ဒစ်ဂျစ်တယ် မားကတ်တင်းနှင့် ဆက်သွယ်ရေး မန်နေဂျာအဖြစ် အလုပ်လုပ်နေပြီး ကြော်ငြာ လုပ်ငန်းအတွက် ဘွဲ့လွန်များ တက်နေခြင်းကိုလည်း သူတို့ အပြစ်မမြင်ကြပေ။ သို့သော် ပတ်ဝန်းကျင်နှင့် အမျိုးများ၏ ဖိအားကိုတော့ ကျွန်မမိဘများ ရင်ဆိုင်နေကြရသည်။ ‘ဆုယုချီကို ဘယ်တော့မှ လက်ထပ်ပေးမှာလဲ’ ဆိုသည့် မေးခွန်းကို ကျွန်မမိဘများ အမြဲဖြေရလေ့ ရှိသည်။ နေ့တိုင်း မေးခံရတာများတော့ သူတို့လည်း စိတ်ညစ်ရသည်။ သမီးဖြစ်သူကို ကိုယ့်ရွေးချယ်မှုနှင့် ကိုယ်လုပ်ခွင့် ပေးထားခြင်းကိုပင် မှားများ မှားနေပြီလားဟု သူတို့တွေးစပင် ပြုလာကြသည်။ ကျွန်မရပ်တည်မှုကို သူတို့ စိုးရိမ်လာကြသည်။ အိမ်ထောင် မရှိသော အမျိုးသမီးတစ်ဦးကို အိန္ဒိယ လူ့အသိုင်းအဝိုင်းက လက်ခံပါမည်လောဟု။

သူတို့သမီးကို ပညာသင်ပေးခြင်းနှင့် လုပ်ချင်သည့် အလုပ်ကို ဆက်လုပ်နေစေခြင်းတို့က မဟာအမှား ဖြစ်ကြောင်း ကျွန်မမိဘများကို ပြောကြသည်။ ကျွန်မအတွက် သတို့သား ကောင်းကောင်းတစ်ယောက် ရဖို့ မလွယ်တော့ဟုလည်း ဆိုကြသည်။ ကျွန်မကတော့ လုံးဝစိတ်မပူပါ။ မကောင်းသော လူတစ်ယောက်ကို ရဖို့ထက်စာလျှင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရခြင်းက ပိုပြီးကောင်းမွန်သည်။ မည်သို့ပင်ဖြစ်စေ လူ့အဖွဲ့အစည်း အတွင်းမှာ နေထိုင်နေသည့် အချိန်တိုင်းက အထက်မှာ ပြောပြခဲ့သည့် ဖိအားများက ရှိနေဆဲပင် ဖြစ်သည်။ ရိုးရိုးသားသား ဆိုရလျှင် နိုင်ငံခြားသို့ ပြောင်းသွားရင် ကောင်းမလားဟုပင် စဉ်းစားမိပါသည်။

အိန္ဒိယသည် ကမ္ဘာ့လူဦးရေ အများဆုံး ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သည်။ အာဏာရပါတီ ခေါင်းဆောင်က အမျိုးသမီးဖြစ်ကာ နယ်ပယ်အသီးသီးတွင် အောင်မြင် ခေါင်းဆောင်နေသော အမျိုးသမီးများ ဒုနဲ့ဒေး ရှိပါသည်။ သို့သော် တောရွာများ၊ အိမ်ခန်းများ၊ ရပ်ကွက်များထဲတွင် ကျွန်မလို အဆိုပါ ဖိအားကို ကြံ့ကြံ့မခံနိုင်ဘဲ ညိမ့်လိုက်ရသော ခေါင်းများ မည်မျှရှိမည်ကို မမှန်းဆနိုင်ပေ။ ကျားမ မညီမျှမှု ညွှန်ကိန်းအရ အိန္ဒိယသည် တိုင်းတာထားသော နိုင်ငံပေါင်း ၁၄၈ နိုင်ငံတွင် ၁၃၂ ရှိနေပါသည်။ လုပ်သားစု အင်အားတစ်ရပ်လုံး၏ ၂၉ ရာခိုင်နူန်းသည်သာ အမျိုးသမီးများ ဖြစ်ပါသည်။

တိုင်းပြည်၏ လူဦးရေထက်ဝက်က မိန်းကလေးများ ဖြစ်ကြရာ အလုပ်လုပ်သော မိန်းကလေးကို သတို့သား၊ ယောက္ခမလောင်းများနှင့် ကိုယ့်မိဘ ကိုယ်၌က မကြိုက်သောကြောင့် ဖွံ့ဖြိုးရေးတွင် ပါဝင်ရမည့် အင်အားစုများ ဆုံးရှုံးပါသည်။ ဘဝအဖော်မွန် ကောင်းလိုချင်ကြသည်မှာ သဘာဝ ကျသောကြောင့် အချို့အမျိုးသမီးများ လမ်းခုလတ်မှာပင် အိမ်မှုကိစ္စ အလုပ်ကိုပဲ နိုင်နင်းအောင် လေ့လာကြရခြင်းဖြင့် လမ်းဆုံး သွားကြလေသည်။ မည်သို့ပင်ဖြစ်စေ ကျွန်မကတော့ ပညာကို ဆက်လက်သင်ယူရင်း တစ်ကိုယ်တည်း ရုန်းကန် ကြိုးစားနေပါသည်။

(BBC အိန္ဒိယ အစီအစဉ်မှ တစ်ကိုယ်ရေ ရပ်တည်ကြသော အမျိုးသမီးများအကြောင်း ထုတ်လွှင့်ရာမှ အမျိုးသမီးတစ်ဦး၏ ခံစားချက်များကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါသည်)

The Voice