တည်နွား

ပို့စ်တင်ချိန် - 3/09/2014 06:08:00 PM




(ဆောင်းပါးရှင် - ကိုဦး (သင်္ချာ))

“ဟ ကောင်ရ ... မင်းနွားတွေ ချောလှချည်လား” တလင်းနယ်နေသော နွားတစ်ရှဉ်းကိုကြည့်၍ ကျွန်တော်ကပြောတော့ တစ်ဝမ်းကွဲညီက “ချာဆို စာဥ (မွေးခြောက်) အကြီးကောင်ကို ၁၅ သိန်းပေးတယ်။ အငယ်ကောင်ကို ၁၀ သိန်း ပေးနေတယ်။ ကျွန်တော် မရောင်းသေးဘူး” ဟု ပြော၏။ အမှန်ပင် အဖိုးသားနား ထိုက်နိုင်ပါသည်။ လျှာ၊ ခွာ၊ ဗွေ၊ ဘို့၊ သွား၊ နွား အကြောင်း ဘာမှမသိသည့် ကျွန်တော်တောင် ဤမျှ အဆစ်အပေါက်လှသော နွားကို ကြိုက်မိသည်ဆိုလျှင် အခြားနွားသမားများအဖို့ အဘယ်မျှရှိပါမည်နည်း။

ဒီနယ်တစ်ကြော၌ ကျွန်တော့်ညီသည် နွားဝင် (နွားပွဲစား) တစ်ယောက်မဟုတ်ငြား နွားအကြောင်း ထဲထဲဝင်ဝင်သိသည်။ အကိုင်အတွယ် ညင်သာသလို သူ၏နွားများသည် ခန့်လှ ထည်လှသည်ဟုလည်း နာမည်ကြီးသည်။ နွားတွေကို မိသားစုဝင်လို မှက်၊ ခြင်၊ ယင် မသန်းရလေအောင် တယုတယရှိတတ်တော့လည်း သူ၏ဘ၀ပေးအရ နွားကောင်းတွေသာ ကိုင်ရတတ်သည်။ စာဥ (မွေးခြောက်) အကြီးကောင်သည် ငါးသိန်း စွန်းစွန်းနှင့် ၀ယ်ထားပြီး သူ့လက်ထဲရောက်နေသည်ပင် နှစ်ခါလည်ကျော်နေပေပြီ။

“မင်းတို့လယ်တွေ နည်းနေသေးတယ်။ အဲဒီအကြီးကောင်ကို ရောင်းထုတ်။ တော်သင့်ရုံတစ်ကောင်ထပ်ထည့်။ ပိုတာကို စပါးပေး၊ ပဲပေးလုပ်ထားပါလား” ဟု ကျွန်တော်ပြောတော့ ...

“မလုပ်ရက်ပါဘူး အစ်ကိုကြီးရာ။ ကျွန်တော် အရိပ်တကြည့်ကြည့်နဲ့နေခဲ့တဲ့ ကောင်ဗျ။ အရင်ပိုင်ရှင်တွေလက်ထက် ဒီကောင် ခပ်ငယ်ငယ်ပေါ့။ ကြက်မောင်းတယ်၊ သရက်သီးစားတယ်ဆိုပြီး ထူးဆန်းတဲ့ လူဝင်စားနွားလို့ ပြောတာပဲ။ ချောင်းရိုးဘက် ဆင်းဝယ်ရင်း ရလာတာ။ အခု ၁၅ သိန်း ပေးဝယ်တယ်ဆိုတာကလည်း အရင်ပိုင်ရှင်ကကို ပြန်ဝယ်ချင်နေတာ။ အင်မတန် သနားစရာကောင်းတဲ့ ကောင်ကြီးဗျ။လက်ထဲတုတ်သာ ယူမသွားနဲ့၊ ကြိုက်တာလုပ်..အင်မတန် သည်းခံတဲ့ကောင်။ အဲ..အလုပ် လုပ်ပြီဆိုရင်လည်း လူတစ်ယောက်နီးနီး သိတယ်။ မခိုဘူး..မကတ်ဘူး။ ကျွန်တော်တို့ လှည်းထမ်းပိုးမှာ အတိုင်နဲ့ အလှည့်ဆိုတာရှိတယ်။ ကျွန်တော်က ဒီကောင်ကြီးကို အတိုင်ဘက်မှာ ထားတယ်။ အလှည့်ဘက်ကကောင် အချိုးမပြေရင် ထမ်းပိုးဆွဲရင်းကနေ တစ်ဖက်နွားကို တွန်းလှဲပစ်တတ်တဲ့ ကောင်ကြီးဗျ။ အိမ်သားတွေနဲ့သာ အဆင်ချောတာ။ သူတို့သတ္တ၀ါချင်းကျ အညှာမပေးဘူး။ သိပ်ကြွပ်တာ” ဟု သူပြော၏။

သူသည် နွားအကြောင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့။ ညတိုင်ကျ ခြင်ဆေးခွေ ထွန်းပေးရတာနှင့်၊ နွား မီးဖိုပေးရတာနှင့်၊တက်ကြွလွန်းတတ်တာ ကျွန်တော်သိသည်။

“နွားကောင်း မကောင်းသိချင်ရင် မောင်းကြည့်တဲ့။ ရွာကောင်း မကောင်းသိချင်ရင် ကျောင်းကြည့်။ လူကောင်း မကောင်း ပေါင်းကြည့်လို့ အဆိုရှိတယ်။ နွားတင်ပါးဆူးနဲ့ အတင်းထိုးနေမှတော့ ဒီနွားနာလို့ ပြေးတော့မှာပေါ့။ ကောင်းတယ် ထင်ရမှာပေါ့။ တကယ်နွားကောင်းရင် ကြိမ်လုံး (နှင်တံ) မလိုဘူး။ အခု အစ်ကိုကြီးတူမကို မေးကြည့်ပါလား။ စာဥ အကြီးကောင်ကိုရောင်းပြီး ရွှေဝယ်မလားလို့။ အစ်ကိုကြီး တူမ ဘာပြောတယ်မှတ်လဲ။ ရွှေလည်း မ၀ယ်ဘူး။ လယ်လည်း မ၀ယ်ဘူး။ နွားကိုလည်း မရောင်းနဲ့။ ရောင်းတာနဲ့ သမီးဒီအိမ်မှာ မနေဘူး။ အဘွားတို့အိမ်မှာ သွားနေမယ်”လို့ အရေးဆိုထားတာ။ အသက်ကြီးလို့ ဒီနွားသေရင်တောင် မြေမြှုပ်ပစ်မယ်တဲ့” အနားမှာ ရှိနေသော သူ၏သမီးဘက် မေးငေါ့ပြရင်း ကျွန်တော့်ကို ပြော၏။

“ချေး၊ သေးကအစ သူသိတယ်။ ဘယ်တော့မှ တင်းကုပ် ညစ်ပတ်အောင် မနေဘူး။ ကျွန်တော့်နွားတင်းကုပ်ကို အစ်ကိုကြီးမြင်သားပဲ” သူကပြော၏။ မှန်သည်။ သူ၏ နွားတင်းကုပ်သည် လူနေအိမ် အငယ်စားလေးသဖွယ် သေသပ်သန့်ရှင်းနေသည်။
အခြားတင်းကုပ်တွေလို မှောင်ပိန်းမနေ။ လင်းလင်းကျင်းကျင်းနှင့် လေ၀င်လေထွက် ကောင်းသည်။

အသွေးအမွေး တူလှသည်မို့ “စာဥ (မွေးခြောက်) အငယ်ကောင်က အဲဒီအကြီးကောင်ရဲ့သားလား” သူ့ကိုမေးတော့ မဟုတ်။ အခြားနေရာမှ ၀ယ်ထားသော နွားဖြစ်သည်။ အသွေးအမွေး တူသယောင်ရှိပေမယ့် ခြေစလက်စ အကျအန ကွာသည်။ ခြေလေးချောင်းချင်း တူရင်တောင် နွားရဲ့အဆက်အပေါက်ကြောင့် တန်ဖိုးကွာတယ်ဟု သူကဖြေ၏။ စာဥ (မွေးခြောက်) အငယ်ကောင်နှင့် အကြီးကောင်သည် ဂိုက်ဆိုက်ချင်း မကွာလှ။ သတ်မှတ်ချက် တစ်စုံတစ်ရာကြောင့်သာ တန်ဖိုးကွာခြားရခြင်း ဖြစ်ပေမည်။

“ကျွန်တော့်အိမ်ကထွက်တဲ့ နွားတွေဆိုရင် တန်ဖိုးမြင့်တယ်။ အဲဒါဘာကြောင့်လဲ သိလား။ အခု စာဥ အကြီးကောင်လို တည်နွားကောင်းလို့ဗျ။ တည်နွားကောင်းတော့ သူနဲ့အတူရုန်းတဲ့ အလှည့်နွားက တည်နွားကို မီအောင်လိုက်ရတယ်။ မမီရင် တည်နွားရဲ့ တွန်းလှဲပစ်တာကို ခံရတတ်တယ်။ ထမ်းပိုးတစ်ခုမှာ တည်နွားက အဓိကပဲ။ သူက တခြားတစ်ဖက်ကို ထိန်းပေးထားတာ။ ဒီတော့ အလှည့်နွားက တည်နွား ရုန်းသလို ထမ်းပိုးကို အလိုက်သင့်ဆွဲနေရင်း သူပါတည်နွားနီးပါး တန်ဖိုးရှိတဲ့ နွားတစ်ကောင်ဖြစ်သွားရော။ လှည်းရဲ့အထာ၊ ထမ်းပိုးရဲ့ အယူအဆကို တည်နွားလောက်ကို အလှည့်နွားဟာ ရုန်းနေရင်းကို နားလည်သွားတယ်။ တစ်ခြံတည်းမှာတော့ အလှည့်နွားဟာ တည်နွားကို အသေကြောက်ရတယ်။ ဒါပေမဲ့ တခြားနေရာမှာ သူဟာဘုရင်တစ်ဆူဖြစ်သွားပြီ။ တည်နွားကောင်း ဖြစ်သွားပြီ။ ပြောရရင် အကျင့်ကောင်းကို ရသွားပြီ။ တည်နွားကောင်းနဲ့ အတူနေတဲ့ အခြားနွားထီး၊ နွားသိုးတွေ ဈေးကောင်းရတယ်ဆိုတာ အဲဒီသဘော” ညီဖြစ်သူ ရှင်းပြသော နွား၏ အဘိဓမ္မာ၊ နွား ဋီကာ။

“တစ်ခါ အဲဒီတည်နွားနဲ့ စပ်ထားတဲ့ နွားသားပေါက်တွေဆိုလည်း ဈေးကောင်းတယ်။ ဟောဟိုက နွားပေါက်လေးကြည့်၊ တစ်လသား မရှိတတ်သေးဘူး။ ရပ်ရွာထဲမှာ သုံးသိန်း အချိန်မရွေး ကောက်ရောင်းလို့ ရနေပြီ။ ပြေးနေတာ ကြည့်ပါလား။ ခါးလေးညွတ်လို့၊ ဘို့ကောက်လေးနဲ့” ပြောရင်းက ခပ်လှမ်းလှမ်းသို့ မေးညွှန်ပြ၏။ညီခမျာ သူတန်ဖိုးထားသော နွားအကြောင်း အာပေါက်အောင် ရှင်းပြနေသည်မှာ မမောနိုင်။

“ကုန်ကုန်ပြောမယ်ဗျာ။ တည်နွားကောင်းဆိုတာ ခြံတိုင်းမရှိဘူး။ တင်းကုပ်တိုင်း မရှိဘူး။ မိသားစုတိုင်း မကိုင်နိုင်ဘူး။ အဲဒီတည်နွားကောင်း ရှိနေသမျှ တင်းကုပ်ထဲရှိ ခိုင်းနွားအားလုံး တန်ဖိုးမြင့်ကုန်တယ်”

ကျွန်တော် ရလိုက်ပါပြီ။ ဆရာကောင်းက တပည့် တန်ဖိုးတက်၏။ မိဘကောင်းက သားသမီး တန်ဖိုးတက်၏။ သခင်ကောင်းက ကျွန် တန်ဖိုးတက်၏။ ရဟန်းကောင်းက ဒကာ တန်ဖိုးတက်၏။ တစ်နည်းအားဖြင့် ကျွန်တော်တို့၏ တည်နွားသည် ကိုယ်ကျင့်သိက္ခာလည်း မည်၏။ အရာရာကို ထိန်းကွပ်ထားသော အထိန်းလည်း ဖြစ်၏။မှန်ကန်သော ဘ၀ထူထောင်မှုလည်းဖြစ်၏။

ထို့အတွက် လောကကျင့်စဉ်၊ လောကကျင့်ဝတ်လည်း ဖြစ်ပေမည်။ ဥပဒေဟုလည်း သတ်မှတ်၍ ရပေမည်။ လောကအမြင်အရ “တန်ဖိုးကို စံက ထိန်း၏။လူတွေ၏ ဘ၀ကို ဂုဏ်သိက္ခာက ထိန်း၏။ကောင်းခြင်း၊ ဆိုးခြင်း အပြစ်တွေကို ဘာသာတရားက ထိန်း၏” ဟူသော နီတိတစ်ရပ်သည် ငြင်းဖွယ်မရှိတော့ပြီ။

လောကရေးနှင့် သုံးသပ်ပါကလည်း ခြံတိုင်း၌ တည်နွား မရှိတတ်။ တည်နွားရှိသော ခြံရှိ အခြားနွားများ တန်ဖိုးတက်၏။

အလားတူ နိုင်ငံတိုင်း၌ အမျိုးသားခေါင်းဆောင် မရှိ။ အမျိုးသားခေါင်းဆောင်ရှိသောနိုင်ငံ၌ ခေါင်းဆောင်ငယ်များစွာ ထွက်တတ်၏။ သို့သော် ခေါင်းဆောင်ကောင်းတွေရှိလျက် မည်သည့်နေရာမျှ ဦးမဆောင်ပါက တိုင်းပြည်နာသည်။

ထို့ပြင် ခေါင်းဆောင်ကောင်းတွေရှိလျက် တစ်ဖက်ပိတ် အတွေးအမြင်နှင့် မျက်စိစုံမှိတ်ထောက်ခံနေကြသော နောက်လိုက်များကြောင့်လည်းကောင်း၊ ဝေဖန် ခြင်းကို လုံးလုံးလျားလျား လက်မခံခြင်းသည် လည်းကောင်း၊ အယူအဆမတူသူတို့၏ ဝေဖန်မှုကို လက်မခံဘဲ အကဲဆတ်နိုင်ငံရေးတွင် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်တတ်သူတို့ ရှိနေခြင်းသည် လည်းကောင်း တိုင်းပြည်ပို၍ (ပို၍) နစ်နာနေမည်သာ ဖြစ်ပေတော့သည်။

(မတ္တရာမြို့ နယ်အတွင်း ဒေသခံတောင်သူများ မတ် ၁ ရက်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ် (ဓာတ်ပုံ) အောင်သူ)
Eleven Media Group