ထိုင်းတွင် တရားမ၀င်လုပ်သားများ ဖမ်းဆီးစဉ် ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချသည့် အမျိုးသမီး ခြေထောက်ကျိုး

ပို့စ်တင်ချိန် - 3/09/2014 07:03:00 PM



ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် စတဟစ်မြို့ရှိ ကြောင်ထယန်နယ်မြေ(၁)တွင် နေထိုင်သည့် တရားမ၀င်အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ် အလုပ်သမားအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက်ကျိုးသွားကြောင်း သတင်းရရှိသည်။

မတ်လ ၆ရက်တွင် ကြောင်ထယန်နယ်မြေ (၁)တွင်ရှိသော ဟောလီးဒေးဟိုတယ်၏ နောက် အဆောက်အအုံတစ်နေရာတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အစရှိသည့် နိုင်ငံများမှ အလုပ်သမား ၅၀ ခန့်ကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာ ထိုအလုပ်သမားများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် အသက် (၂၃) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက် ကျိုးသွားခြင်းဖြစ်သည်။
           
အဆိုပါဖမ်းဆီးခံရသော နိုင်ငံခြားအလုပ်သမား ၅၀ ခန့် တွင် ၁၀ ဦးသာ တရားမ၀င်အလုပ်သမားများ ပါဝင်ကြောင်း သတင်းရရှိသည်။ ခုန်ချ၍ ခြေကျိုးသွားသည့် မြန်မာအမျိုးသမီးမှာလည်း တရားဝင်လုပ်ကိုင်နေသော အလုပ်သမားတစ်ဦးဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
         
‘‘တရားမ၀င်အလုပ်သမားတွေကို ထိုင်းရဲတွေက လျှပ်တစ်ပြက်ဝင်ဖမ်းတာ။ တရားဝင်အလုပ်သမားတွေကများတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာ။ အဲဒီမှာ ကောင်မလေးက လန့်ပြီးခုန်ချတာ ခြေကျိုးသွားတာပါ။ ခုတော့ စ၀မ်လိုထန်က ကယ်ဆယ်ရေးစခန်းက နီးစပ်ရာဆေးရုံကို ပို့ထားတယ်လို့သိရပါတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။
         
ထိုဖမ်းဆီးမှုတွင် တရားမ၀င်လုပ်ကိုင်သော အလုပ်သမား ၁၀ ဦးသာ ဖမ်းဆီးခံရပြီး ကျန် တရားဝင်လုပ်ကိုင်သည့် အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ က  ချက်ချင်းပြန်လွှတ်ပေးခဲ့ကြောင်း  ဦးကျော်သောင်းက ပြောသည်။

Author:  ငြိမ်းချမ်း
7day Daily