စိတ်ကြွရူးသွပ်ဆေးပြား(၁၀)သိန်း ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 3/09/2014 07:24:00 PM



နေပြည်တော်၊ မတ် ၉
၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၂၄)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်အနောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းလမ်းတွင် တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်နေ စိုးမိုးနိုင်(ခ)ဇေယျာအူဟောက်(၃၃)နှစ် မောင်းနှင်ပြီး တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်နေ စောလွင်(ခ)စလင်း(၂၆)နှစ် လိုက်ပါလာသည့် ၈က/xxxx Corolla ဗင် အပြာရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ပီနံအိတ်ခွံဖြင့် လည့်ထားသော အပြာရောင်ကပ်ခွာအိတ်များအတွင်းမှ WY စာတန်းပါ အနီရောင်စိတ်ကြွဆေးပြား (၂၀၀၀၀၀)ပြား၊ တန်ဘိုးငွေကျပ်သန်း(၁၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိ ခဲ့သည်။ စစ်ဆေးချက်အရ စိုးမိုးနိုင်(ခ)ဇေယျာအူဟောက်၏ နေအိမ်အား ည ၇ နာရီအချိန် သွားရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်း၌ ပီနံအိတ် ၁ လုံးတွင် WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား(၂၀၀၀၀၀)ပြား စီပါ ၄ အိတ်၊ စုစုပေါင်းဆေးပြား(၈၀၀၀၀၀)ပြား၊ တန်ဘိုးငွေကျပ်သန်း (၄၀၀၀)အား ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့် စိုးမိုးနိုင်(ခ)ဇေယျာအူဟောက်နှင့် စောလွင်(ခ)စလင်းတို့ ၂ ဦး အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း မယ(ပ)၈/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်