သင်္ကြန်စာ - အကြည်တော်


သင်္ကြန်ချိန်ခါ ရောက်လာပါပြီ။

အားလုံး မျှော်လင့်စောင့်စား နေကြသည့် အတိုင်း မြန်မာတို့၏ အကြီးကျယ် ဆုံး ပျော်ပွဲရွှင်ပွဲကြီး စတင်ပါပြီ။ အားခဲထားသည့် သားပျို၊ သမီးပျိုလေးတွေ ကလည်း အတိုအပြတ်တွေဝတ်၊ ခါးကြားမှာ ပုလင်းပြား ထိုးပြီး ရေတောတိုး ဖို့ အဆင်သင့်လည်း ဖြစ်နေကြပါပြီ။

ရိုးရာ မဟုတ်သည့် မြူးမြူးကြွကြွ သီချင်းတွေ ဖွင့်သည့် ဒီဂျေလည်း သူ့ အစွမ်း ကို အကုန် ပြသနိုင်ဖို့ ရှိသမျှ ဘုလုံးလေးတွေ လှည့်ပြီး လူတွေ၏ ဆန္ဒ ကို ဖြည့် ဆည်းပေးနေပါပြီ။

လုံခြုံရေး တာဝန်ယူ သူများက လည်း ပြဿနာဖြစ် လျှင် ရှောင်နေ ဖို့ နေ ရာ ရွေး ထားပြီးပါပြီ။ အခွင့်အာဏာ ရ လူကြီး သားသမီး များကလည်း သူ တို့မဏ္ဍပ် လူစည်ကား ဖို့၊ မင်းသား မင်းသမီး များဖိတ်ကြား ထားပြီးပါပြီ။ သင်္ကြန် တစ် တွင်း၊ မဏ္ဍပ်နှစ်ခုသုံးခု အပြေးအလွှား သွားပြီးရ သမျှ ရေခုတ်ဖို့ အဆိုတော် ညီငယ် ညီမငယ် များ လည်းပြင်ဆင်ထားပြီးပါပြီ။

မဏ္ဍပ်အလယ် သောင်းကျန်းဖို့ လွယ်အောင် ဘီယာ ယမကာများ စင် အလယ် မှာ တင်တင့်တယ်စွာ ချထား ပြီးပါပြီ။ မူးလာသူများ အမြန်ဖယ် ရှားဖို့ လူမိုက်တွေ လည်း ငှားပြီးပါ ပြီ။ တစ်ကိုယ်ရည်သွေး ယှဉ်နိုင်ရေးအ တွက်စီးလာသည့် ကားတုတ် ဓားများ လည်း အသင့်ဆောင်လို့ ထားပါပြီ။

ကလပ်ကိုတက် ခပ်ပျက်ပျက် များလည်း ဖော်ဖို့ချွတ်ဖို့ အတွက် ဇီးရိုးကွာ တား အဝတ်အထည်များ လည်း မှာကြား ထားကြပြီးပါပြီ။

ငါ့ကြောင့် ပြဿနာတက်ရ ရှာဟု တမင်ရန် စမီးမွှေးပြမည့် ညီမ ငယ်များ ညီငယ် များလည်း အန္တရာယ် လက်ယပ် ခေါ်ကြပြီ။ ရန်ပွဲဖြစ်က ဝိုင်း သမပြီး တော် ရာ ချောင် ကုပ် ဝင် ကာ ရှုပ်မည့်လူ့သရမ်းများ လက်ဝါး ပြင်များ ပြင်ပြီးပြီ။

လူက ရှုပ်ရှုပ်၊ တရုတ်ရုတ်မှ အားထုတ် ကြိုးပမ်း ဝင်သရမ်းဖို့ လူရမ်း ကားများ လည်း ရောက်ပါပြီ။ ကြုံတုန်း ကြုံခိုက်ကြုံရာ နှိုက်၍ အတွေ့ အရသာခံကြ ရှာမည့် နှာဘူးများ လည်း ရှိပါပြီ။

ဟိုတိုးသည်တိုး လူအမျိုးကြား၊ ရ ရာဆွဲမွှေနှိုက် ယူလေမည့် ခါးပိုက် နှိုက် တစ်သိုက် ထိုလူမိုက်လည်း လူအများ စုရုံးထားပါပြီ။

လူသရမ်းကြား ရမ်းကားမှု ဒဏ် မခံလေအောင် မိကောင်းအဖ လူ သာမညများ မိမိသားအား သာမဏေ အဖြစ် သွင်းသွတ်ဖို့ရာ သင်္ကန်းများ လည်း ဆောင် ထားပြီ။

ရောင်ဝါ တလက်လက်၊ ဆင်ကြီး၊ မြင်းကြီး၊ ကားကြီး၊ ဆိုက်ကားကြီး အထက်ရောင်ဝါ ညွတ်ပြောင် မောင်ရင်လောင်း တို့ ရှင်လောင်းတွေ လည်း လှည့်ကြပြီ။ အာဂန္တု များ ပေါကြွယ်များဖို့ ကျောင်းသင်္ခမ်း မှာ နေ စရာ ၊ နေရာတွေလည်း ချဲ့ကြပြီ။ ကျောင်းသွား သိမ်တက် ကုသိုလ် လက်ဖြင့် ဆွမ်းကွမ်း မပြတ်ဆက်ကပ် ပါမည်၊ ကတိ တည် ထားသူ အများ လည်း မိဘအလစ် ကြင်သူလစ်၌၊ ကား ပေါ်ခုန်တက်၊ သင်္ကြန်ရက်လည်း မပြတ် လည်ကောင်းလည်လိမ့်မည်။

တောနယ်၊ မြို့နယ်၊ နယ်တကာ များလည်း ဆိုင်ကယ်များနှင့် သောင်း ကျန်း မည်။ ဈေးနှုန်းနည်းပါး တရုတ်ဘီးများ သင်္ကြန် တစ်တွင်း မင်းမူမည်။ မဖြစ်တော့ပျော်ပါး ၊ဖြစ်တော့ထား သွား မည့်၊ ဝစ်သောက်ဘီးများ ဦးဆောင်မည်။

မူးယစ်သောက်စား ဆိုင်ကယ် များနှင့် အန္တရာယ် များလည်း တွေ့ကြ မည်။ တူညီဝတ်စုံ၊ ကိုယ်ပိုင် အလံပုံနှင့် မြို့ နယ်အတွင်း တုတ်ဓား လက်နက် စွဲကိုင် လျက် ပေါ်တင် လှုပ်ရှားဆိုင် ကယ်ဂိုဏ်းစတား များလည်း နေရာ အနှံ့ပေါ်လိမ့်မည်။

ဆံပင်ချွန်ထောင်၊ ဘောင်းဘီ ပြောင်နှင့် နားမှာဆွဲထား သံခဲများနှင့် မျက်လုံးကိုမည်း၊ အီမိုငနဲများ လမ်း ဘေး ဥဒဟို ရှိလိမ့်မည်။

ဝတ်ကောင်းစားလှ၊ ကြောင် ကျားကျားနှင့် လည်တိုင် အထက် ပန်းကုံးစွပ်၍၊ လက်ပြရေကစား အာဏာ သားလည်း သပြေခက်နှင့် ရေပက်ခံ ထွက်လိမ့်မည်။

သင်္ကြန်မဏ္ဍပ် ငါမဖွင့်လျှင် မပွင့်၊ ငါဖွင့်မှပွင့်မည် ဝန်ကြီးများ လည်း ဖွင့်လိမ့် မည်။ မိုက်ခွက်ကြီး က တစ်ဆင့်လည်း "အတာရေနှင့် အေးချမ်း ပါစေကြောင်း" ဆုမွန် ကောင်း တောင်းပါလိမ့်မည်။ သူ့ရှေ့ မှာ ဒလန် များကလည်း ပျော် ချင် ယောင်ဆောင်၍ ကကြပါလိမ့် မည်။ သည့်နောက် မူးရူး ခွင့်ပြုကြောင်း အသိအမှတ်ပြု လိုက်ပြီ ဖြစ်ပါသည်။

ဆေးခန်း၊ ရုံးခန်း၊ ရဲစခန်း၊ တရားစခန်း၊ လူစည်ကား၍ နေလိမ့် မည်။ များသော လူသား၊ ဆိုင်ကယ် သမား၊ဆေးခန်း၊ ဆေးရုံရောက်လိမ့် မည်။ ရပ်ကွက် ရမ်းကား လူ့သရမ်း များ ရုံးခန်းဆီသို့ ရောက်လိမ့်မည်။ ကိုယ်ထိ လက်ပါ လူများမှာ ရဲစခန်း ဆီသို့ ရောက်လိမ့်မည်။ နွေတွင်း အေးချမ်း နိဗ္ဗာန် လမ်းများ၊ တရား စခန်းဆီ သို့ ရောက်လိမ့်မည်။ အပျော် လွန်သွား လူအများ လည်း နာရေး ဆီ သို့ရောက်လိမ့်မည်။ အဲဒါကြောင့် အတာသင်္ကြန် အတွင်း အန္တရာယ် ကင်းစွာ ပျော်ရွှင်နိုင် ဖို့ ဘေး ဘီဝဲယာ ကြည့်ကာ သာဖြင့် သတိရှိရှိနေနိုင် ကြပါကုန်။

အကြည်တော်
Popular Journal

တစ်နိုင်ငံလုံး၏ ၇၈ ရာခိုင်နှုန်း သန်းခေါင်စာရင်းကောက်ပြီး


 မြန်မာတစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ခံပြီးသည့် အိမ်ထောင်စုပေါင်း ရှစ်သန်းကျော်ရှိပြိး တစ်ပြည်လုံး၏ ၇၈ ရာခိုင်နှုန်းကို ကောက်ခံပြီးဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ဧပြီ ၇ရက်တွင် သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်တွင် ကေအိုင်အေက ဟန့်တား၍ ရွာပေါင်း နှစ်ရာကျော်ကို မကောက်နိုင်ခဲ့ သော်လည်း ဧပြီ ၂ရက်တွင် သန်းခေါင်စာရင်းကောက်ခံသူများအား လုံခြုံရေးဆောင်ရွက်ပေးသည့်အတွက် ဧပြီ ၆ ရက်အထိ ၅၆ရွာ ကောက်ခံပြီးဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်တွင်လည်း ကေအိုင်အေ၏ ဟန့်တားမှုကြောင့် ၅၄ ရွာ မကောက်ခံနိုင်သော်လည်း လုံခြုံရေးဆောင်ရွက်ပေးခြင်းကြောင့် ဧပြီ ၆ရက်အထိ ၃၇ ရွာ ကောက်ခံပြီးဖြစ်ကာ ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ခံမှု၏ ၇၀ ဒသမ ၃ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

‘‘လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ဝန်ထမ်းဦးစီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ မနေ့က ‘၀’အထူးဒေသက ပြန်ရောက်ပါတယ်။ ‘ဝ’ဒေသမှာ ဒေသခံများကို လေ့ကျင့်ပြီးကောက်တာ အားလုံး အဆင်ပြေတယ်။ ကေအိုင်အေနဲ့ ဘင်္ဂါလီတွေပဲ နားလည်မှုလွဲပြီးအဟန့်အတားဖြစ်နေပါတယ်။ ရန်ကုန်ကျောက်တံတားမြို့နယ်မှာ အစ္စလာမ်ဘာသာဝင်အချို့ ရိုဟင်ဂျာလို့ပြောတာရှိတဲ့အတွက် စာရင်းကောက်မှုလုပ်လို့မရတဲ့ ဖြစ်စဉ်အချို့ရှိတယ်လို့သိရပါတယ်။ အများစုကတော့ နောက်ပိုင်းမှာ အမှန်အတိုင်းပြန်ဖြေကြတယ်လို့ သိရပါတယ်’’ဟု အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောသည်။

‘‘တချို့အိမ်တွေထဲက ကျွန်တော်တို့က ရိုဟင်ဂျာပါ။ ပြည်ထောင်စုလူမျိုးပါ။ ဘာလို့ဖောင်ထဲမပါတာလဲမေးတယ်။ ကိုယ်လည်းသေချာရှင်းပြရတယ်။ သူတို့ပြောတာ သေချာမှတ်တယ်။ လွဲသွားရင် အားလုံးနစ်နာမှာ။ သွားကောက်တော့လည်း တချို့ အိမ်တွေက အဆင်ပြေတယ်။ လူမှုရေးသိတတ်တယ်။ တချို့ကျ တော့ တော်တော်လေးဆက်ဆံရတာခက်တယ်။ လူမျိုးစုံပဲ’’ဟု သာကေတမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူသည့် အထက်တန်းပြဆရာမတစ်ဦးက  ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံမှုများမှာ ဧပြီ ၁၀ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

7 Days News

ထိုင်းဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ် လူပေါင်းများစွာသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရ


ရန်ကုန် ဧပြီ ၈

ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများသောကြောင့် ဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ်လူပေါင်း၄၀၀ ကျော်ထိုင်းသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရကြောင်းဗီဇာရရန်တန်းစီသူတစ်ဦးထံမှသိရသည်။

“ဒီနေ့ မနက် ပေးတဲ့တိုကင်ရဖို့ ကို မနေ့ ကနေ့ လည် ၁၁း၀၀ လောက်ထဲကလာစောင့်နေရတယ်”ဟု ဗီဇာရရန် တန်းစီသူတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံသို့ သင်္ကြန်ကာ လတွင် အလည်ပတ် သွား သူများ၊ဆေးကုသမှုခံယူရန်သွားသူများနှင့် ရဟန်း သံဃာ များ သွားရောက်သူများသောကြောင့်ယခုလိုစောင့်ဆိုင်းရခြင်းဖြစ် ကြောင်း၎င်းကဆက်ပြောသည်။

ယခုကဲသို့  ဗီဇာရရန်စောင့်ဆိုင်းရခြင်းမှာ ဧပြီလဆန်းပိုင်းမှ စတင်၍တဖြည်းဖြည်းများလာခြင်းဖြစ်ကြောင်း လူ အယောက်လေးရာခန့်လာစောင့်ကြသော်လည်း ဗီဇာပေးသည့်ဦးရေမှာ တစ်နေ့လျှင် ၁၅၀ သာရှိကြောင်း ၊ထို့ကြောင့် ညအိပ်စောင့်ဆိုင်းကြခြင်းဖြစ်ကြောင်း ပွဲစားတစ်ဦးက ပြောသည်။

“အရင်ကဆိုလူတွေသိပ်တောင်မမြင်ရဘူး၊အခုသင်္ကြန်ပိတ်ရက်ရှိတာကြောင့် ပိုပိုများလာပါ”ဟု၎င်းကဆက်ပြောသည်။

အဆိုပါဗီဇာလာရောက်စောင့်ဆိုင်းသူများတွင် ကုမ္ပဏီများ၊အေး ဂျင့်များစသည်တို့ ပါဝင်ပြီးကိုယ်တိုင်လာ ရောက်လျှောက်ထားသူပိုများကြောင်းသိရသည်။

ယမန်နှစ်သင်္ကြန်နီးကာလများတွင်လည်း ယခုကဲ့သို့ဗီဇာရရှိရန် ညအိပ်စောင့်ဆိုင်းမူများရှိခဲ့သော်လည်း အရေ အတွက် မှာ ယခုနှစ်လောက်မများကြောင်း ပွဲစားတို့ကဆိုသည် ။

ယခုကဲ့သို့ပွဲတော်ပိတ်ရက်ရှည်များတွင်ထိုင်းနိုင်ငံ ၊စင်ကာပူနိုင်ငံ ၊ဂျပန်စသည်တို့သို့အလည်အပတ် သွားရောက်သူ များပြားလေ့ရှိပြီး အိမ်နီးချင်းထိုင်းနိုင်ငံမှာမူ အခြားနိုင်ငံများနှင့်ယှဉ်ပါက ငွေကြေးသက်သာပြီးဈေးဝယ်၍
ကောင်းခြင်းကြောင့်ပိတ်ရက်ရှည်များတွင် မြန်မာနိုင်ငံသားများသည်ထိုင်းသို့အများဆုံးသွားရောက်လေ့ရှိသည်။

ဇေဝေယံ
Popular Myanmar News Journal 

တာမွေမြို့နယ်၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


ရန်ကုန်၊ ဧပြီ ၈

၇.၄.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် မူးယစ်ဆေးဝါးသတင်းအရ တာမွေမြို့နယ်၊နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းမပေါ်တွင် သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် မူးယစ်
ဆေးဝါးများပါရှိသည်ဟု သတင်းရရှိထားသည့် ယာဉ်အမှတ် 4F----
SKY LING အမျိုးအစား မော်တော်ယာဉ်အားတွေ့ရှိသဖြင့် ဗျိုင်းရေအိုးစင်
ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ရှာဖွေခဲ့ပါသည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် ယစ်ကဒ်(ခ)၀င်းနိုင်၊(၃၈)နှစ်၊ (ဘ)ဦးလှမြင့်၊ မြို့မရပ်ကွက်၊ တောင်ြ့ကီးမြို့၊ ရှမ်းပြည်နယ်နေသူနှင့် မသီတာညို၊(၂၈)နှစ်၊ (ဘ)ဦးသန်းဝင်း၊ လွတ်လပ်ရေးရပ်ကွက်၊ အလုံမြို့နယ်နေသူတို့(၂)ဦးကို
တွေ့ရှိရပြီး၎င်းတို့(၂)ဦးကြား ဂီယာတံနောက်တွင်ထားရှိသည့်အစိမ်းရောင်
ပျောက်ကျားဘေးလွယ်အိတ်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်
ဖြင့်ထည့်ထားသည့် WYစာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား(၁၂၂၆)ပြား၊ အလေးချိန်(၁၂၂.၆)ဂရမ်၊ ကာလတန်ဖိုး (၆၁၃၀၀၀၀)ကျပ်တို့အား တွေ့ရှိ
သိမ်းဆည်းရမိခဲ့ပါသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးများဖမ်းဆီးရမိသဖြင့် ယစ်ကဒ်(ခ)၀င်းနိုင်နှင့် မသီတာညိုတို့(၂)ဦးကို တာမွေမြို့မရဲစခန်း မယ(ပ)၆/၂၀၁၄၊ မူး/စိတ်
ပုဒ်မ-၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police 

ထိုင်းနိုင်ငံတောင်ပိုင်း ကားဗုံးကြောင့် လူတစ်ဦးသေ ၁၄ဦး ဒဏ်ရာရ

အင်တာနက်မှ ကားဗုံးပေါက်သည့် ဓာတ်ပုံတစ်ခု

ထိုင်းနိုင်ငံတောင်ပိုင်းမှာ တနင်္ဂနွေနေ့က ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် လူတစ်သေဆုံးခဲ့ရပြီး တစ်ဆယ့်လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အခုဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ ထိုင်းနိုင်ငံတောင်ပိုင်းက မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေအများစု နေတဲ့ ယတ်လားမြို့မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ထိုင်းစစ်တပ်ရဲ့ပြောပြချက်အရ အဆိုပါ ပေါက်ကွဲမှုဟာ ကားတစ်စီးမှာ ထောင်ထားခဲ့တဲ့ ကားဗုံးကြောင့်ဖြစ်ပြီး လေးကြိမ်ဆက်တိုက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မွတ်စလင်လက်နက်ကိုင်အဖွဲ့နဲ့ ထိုင်းအစိုးရတပ်တွေကြား ပစ်ခတ်မှုတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေပေမယ့် အခုလို ကားဗုံးထောင် တိုက်ခိုက်မှုကတော့ ဖြစ်လေ့ဖြစ်ထ မရှိဘူးလို့ သိရပါတယ်။
အဆိုပါမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဟာ ထိုင်းနိုင်ငံတောင်းပိုင်း ဒေသတချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ထိုင်းအစိုးရကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

ABC Radio Australia - မြန်မာပိုင်း

MH 370 လေယာဉ်နှင့် ဖြစ်ရပ်ချင်း ဆင်တူသောကြောင့် လေယာဉ်ပျက် ကျသည့်အကြောင်း ရိုက်ကူး ထားသည့် ရုပ်ရှင် ကားအား ပြသမှု ရပ်ဆိုင်းထား


တရုတ် နိုင်ငံ ပေကျင်းသို့ ဦးတည် ထွက်ခွာ လာသည့် ခရီးသည် တင် လေယာဉ် တစ်စင်း လမ်းခရီး တွင် ပင်လယ်ထဲ သို့ ပျက်ကျခဲ့ သည့်အကြောင်း ကို ရိုက်ကူးထား သည့် ရုပ်ရှင်ကား ကိုပြသမည့် ကိစ္စအား ပျောက်ဆုံး နေသော မလေးရှား လေကြောင်းလိုင်း လေယာဉ် MH 370 နှင့်ဖြစ်ရပ်ချင်း ဆင်တူ နေသော ကြောင့် ခေတ္တ ရပ်ဆိုင်း ထားရကြောင်း သိရသည်။

ရုပ်ရှင် ဖြန့်ချိပြသမှု အား မလေး ရှား လေကြောင်း လိုင်း လေယာဉ် ပျောက်ဆုံး နေမှုကို အလေး အနက် ထားသည့် အနေနှင့် ရပ်ဆိုင်း ထားခဲ့ ကြောင်း ရုပ်ရှင်ကား ကို ထုတ်လုပ်ခဲ့သည့် Arclight Films ကုမ္ပဏီ၏ စီမံ ခန့်ခွဲမှု ဒါရိုက်တာ ဂယ်ရီ ဟယ်လ်မီတန် က ပြောဆိုခဲ့ သည်။ မတ် ၈ရက်နေ့ တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူ မှ တရုတ် နိုင်ငံ ပေကျင်းသို့ ဦးတည် ပျံသန်းပြီး နာရီ အနည်းငယ် အကြာတွင် ပျောက်ဆုံး ခဲ့သည့် မလေးရှား လေကြောင်း လိုင်း လေယာဉ် MH 370 အား နိုင်ငံ တကာ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ အစည်းများ က ရှာဖွေမှုများ ကို အပူတပြင်း လုပ်ဆောင် နေကြသည်။ လေယာဉ် ပင်လယ်ထဲ သို့ ပျက်ကျ ခဲ့ခြင်းဖြစ် ကြောင်း မလေးရှား အာဏာပိုင်များ က ယခုအပတ် တွင် ပြောဆို ခဲ့သည်။

၎င်းတို့ ရုပ်ရှင်ကား နှင့် မလေး ရှား လေကြောင်းလိုင်း လေယာဉ် တို့ ကြား ဖြစ်ပျက် ပုံချင်းများစွာ မတူ ညီသော် လည်း ပျက်ကျပုံချင်း တော့ တူညီ သောကြောင့် ရပ်ဆိုင်း ထားရ ခြင်းဖြစ်ကြောင်း ဟယ်လ်မီတန်က ပြောဆို ခဲ့သည်။

ရုပ်ရှင်ကားမှာ ဆစ်ဒနီမှ ပေကျင်း သို့ ဦးတည် ပျံသန်း လာသော လေယာဉ်သည် လမ်းတွင် ပင် လယ်ထဲသို့ ပျက်ကျခဲ့ပြီး လေတပ် အရာရှိ တစ်ဦး၊ ခရီးသည်တချို့နှင့် လေယာဉ် ၀န်ထမ်း တချို့သာ အသက် ရှင်ကျန် ရစ်ခဲ့ကာ ကျားများ၊ ငါးမန်း များနှင့် အခြား အန္တရာယ်များ ကို ရင်ဆိုင် ကျော်လွှား ခဲ့သည့် အကြောင်း ကို ရိုက်ကူး ထားခြင်းဖြစ်သည်။ ရေထဲသို့ ထိုးကျသွားသည့် လေယာဉ် ထဲသို့ စက်္ကန့်နှင့်အမျှ ရေများဝင် ရောက်နေချိန် တွင် အသက်ရှင် ကျန်ရစ်သော ခရီးသည်များနှင့် လေ ယာဉ်အမှုထမ်းများသည် အကြောက် တရားကို နောက်မဆုတ်သာ ရင်ဆိုင် ခဲ့ရသည်ဟု ကုမ္ပဏီ၏ ၀က်ဘ် ဆိုက်တွင် ရုပ်ရှင်ဇာတ်လမ်း အကျဉ်း ချုပ်ကို ဖော်ပြ ထားသည်။

လေယာဉ် ပျက်ကျသည့် အကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင် ကားသည် ဆူနာမီကြောင့် ရေကြီး ရေလျှံနေသော သြစတြေးလျ စူပါ မားကတ်အတွင်းတွင် ဈေးဝယ်သူ များက ငါးမန်းများ၏ အန်္တရာယ်နှင့် ရင်ဆိုင်ရပုံကို ရိုက်ကူး ထားသည့် ၂၀၁၂ ခုနှစ် တွင် ပြသခဲ့သော Bait (ငါးစာ) ရုပ်ရှင်ကား ၏ နောက်ဆက် တွဲ ရုပ်ရှင်ကားဖြစ်သည်။

Source:AP
The Messenger

3D Printer ကို ကမ္ဘာ့ပထမဆုံး တက်တူးထိုးပေးနိုင်တဲ့ စက်အဖြစ် ပြောင်းလဲလိုက်တဲ့ ပြင်သစ်ဒီဇိုင်းကျောင်းသားတစ်စု


ပြင်သစ်နိုင်ငံ၊ ပါရီမြို့ မှာကျင်းပတဲ့ ပြင်သစ်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဒီဇိုင်းဖန်တီးမှုစွမ်းရည် စိန်ခေါ်ပွဲမှာ ပြင်သစ်ဒီဇိုင်းကျောင်းသားသုံးယောက်က  3D Printer ကို ပြင်ဆင်မွမ်းမံပြီး လူ့ အသားပေါ်မှာ တက်တူးထိုးနိုင်တဲ့ ကမ္ဘာ့ပထမဆုံးစက်အဖြစ် ပြောင်းလဲလိုက်ပါတယ်။

ပထမဆုံးတော့ သူတို့ ဟာ လူ့ အသားပေါ်မှာ စုတ်တံနဲ့ မှင်ကိုအသုံးပြုပြီးပဲ တိကျသပ်ရပ်တဲ့ စက်ဝိုင်းတစ်ခုကို ရေးဆွဲပြဖို့ စီစဉ်ခဲ့တာပါ။ နောက်တော့ ဒီ စက်ကို ထပ်မွမ်းမံပြင်ဆင်ပြီး အသားပေါ်မှာ ထာဝရစွဲကျန်ရစ်နေမယ့် တက်တူးကို ထိုးနိုင်တဲ့အထိ လုပ်ခဲ့တယ်လို့ သိရပါတယ်။



ဒီဇိုင်းစွမ်းရည်ပြသမှုပြိုင်ပွဲမှာ သူတို့ ပြင်ဆင်မွမ်းမံထားတဲ့ စက်ရဲ့ တိကျသေချာမှုကို ပြသဖို့ အတွက် လူ့  အသားပေါ်မှာ တိကျသေချာတဲ့ စက်ဝိုင်းတက်တူးတစ်ခုကို ရေးဆွဲပြခဲ့တယ်လို့ ဆိုပါတယ်။ လူတစ်ယောက်က စေတနာနဲ့ ဝင်ရောက်အစမ်းသပ်ခံခဲ့ပြီး စက်ရုပ်က ထိုးပေးတဲ့တက်တူးကို ပိုင်ဆိုင်တဲ့ ကမ္ဘာ့ပထမဆုံးလူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ ရဲ့ လက်ဖျံမှာ ၀ိုင်းစက်တိကျတဲ့ စက်ဝိုင်းပုံစံတက်တူးတစ်ခုကို 3D Printer က ရေးဆွဲထိုးပေးခဲ့တာဖြစ်ပါတယ်။

ENSCI les Ateliers ဆိုတဲ့ နာမည်ကျော်ပြင်သစ်ဒီဇိုင်းကျောင်းက ဒီအစီအစဉ်ကို ဦးစီးကျင်းပတာဖြစ်ပြီး Pierre Emm ၊ Piotr Widelka နဲ့ Johan Da Silveira တို့ က 3D Printer တစ်ခုကို ရှစ်နာရီကြာ ပြင်ဆင်မွမ်းမံပြီး သာမန်စုတ်တံနဲ့ အရေပြားမှာပေါ် တိကျတဲ့စက်ဝိုင်းတစ်ခုကို ရေးဆွဲဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

စက်ဝိုင်း ပုံစံကို ရွေးချယ်ရခြင်းအကြောင်းရင်းကတော့ စက်ရဲ့ တိကျသေချာမှုကို ပြသနိုင်ဖို့ အတွက်ဖြစ်တယ် လို့ ဆိုပါတယ်။ အရမ်းတော်တဲ့တက်တူးဆရာတစ်ယောက်ကတောင် စက်ဝိုင်းတစ်ခုကို အတိကျအသေချာဆုံး ရေးဆွဲဖို့ ဖြစ်တာ မဖြစ်နိုင်သလောက်ခဲယဉ်းတယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲပြီးဆုံးသွားတဲ့အခါ သူတို့ ဟာ ဒီ 3D စက်ကို တကယ့်တက်တူးထိုးပေးနိုင်မယ့်စက်အဖြစ် ပြောင်းလဲဖို့  အကြံရခဲ့ပြီး အပျော်တမ်းတက်တူးထိုးပေးသူတစ်ယောက်ဆီကနေ တက်တူးထိုးစက်ကို ဌားရမ်းခဲ့တယ်လို့  ဆိုပါတယ်။ ဆီလီကွန်နဲ့ လုပ်ထားတဲ့ အရေပြားတုအပေါ်မှာ 3D Printer စက်နဲ့ တက်တူးထိုးခြင်းကို စမ်းသပ်ခဲ့ပြီးနောက် လူ့ အရေပြားပေါ်မှာ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

အရေပြားပေါ်မှာ တက်တူးထိုးမယ့်နေရာရွေးချယ်ပြီးနောက် အရေပြားကိုတင်းရင်းနေစေဖို့ ပြုလုပ်ရာမှာ အခက်အခဲတစ်ချို့ ကြုံတွေ့ ခဲ့ရပြီး သတ္တုအစွပ်တွေ၊ ရာဘာကြိုးပြားတွေ အသုံးပြုခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ နောက်တော့ အပေါက်ဖောက်ထားတဲ့ လက်အစွပ်တစ်ခုကို အသုံးပြုခဲ့ရာမှာ အဆင်ပြေခဲ့ပါတယ်။

နောက်ပိုင်းမှာ မိမိကြိုက်နှစ်သက်တဲ့ တက်တူးဒီဇိုင်းကို ရွေးချယ်ပြီး တက်တူးထိုးပေးနိုင်တဲ့စက်တွေကို မြင် တွေ့ လာရဖွယ်ရှိတယ်လို့ Dailymail သတင်းဌာနက တင်ပြထားပါတယ်။



Ref: Dailymail.co.uk
Trend Myanmar

နိုင်ငံရဲ့ အညွှန့်ကလေးများသို့


ကောင်းဆက်နိုင်

လူကြီးမဆို မည်သူတစ်ဦးတစ်ယောက် မှ လူငယ်ဘဝကိုမဖြတ်သန်းဘဲ လူ ကြီးဘဝကိုရောက်မလာပါဘူး။ လူတစ်ယောက်ရဲ့ဘဝ တစ်ခုတည်းကိုပဲ ကြည့်လိုက်ပါ။ မျက်စိလည်ချင်စရာ သိပ်ကောင်းပါတယ်။

လူတစ်ယောက်ရဲ့ကလေးဘဝနဲ့ လူကြီးဘဝ ဘယ်ဘယ်ဟာက ပိုပြီးအသက်ကြီးသလဲ။ စဉ်းစားပြီးမှဖြေပါ။ အဖြေမှန်က ကလေးဘဝက ပိုပြီး အသက်ကြီးပါတယ်။ ကလေးဘဝက လူကြီးဘဝရဲ့ အရင် လူဖြစ်လာခဲ့လို့ဖြစ်ပါတယ်။ ဒါကြောင့် စိတ္တဗေဒအရ ကလေးဘဝနဲ့ လူငယ်ဘဝရဲ့ ထူးခြားဖြစ်စဉ်တွေဟာ ကိုယ်ကိုယ်တိုင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လူ ကြီးဘဝကို လွှမ်းမိုးမှုရှိထားပါတယ်။ လူကြီးဘဝရဲ့ဆရာ ဟာ သူ့ရဲ့ကလေးဘဝပါပဲတဲ့။

ကျုပ်တို့မြန်မာလူငယ်တွေဟာ ခေသူတွေ တော့ မဟုတ်ကြဘူးနော်။ ပြည်ပကိုရောက်သွားရင် ပိုပြီးအစွမ်းအစတွေဟာ ထင်ရှားလာတယ်။ မြန်မာ ကလေးငယ်တစ်ယောက် ဂိမ်းသိပ်ဝါသနာပါတယ်။ ကွန် ပျူတာဝါသနာပါတယ်။ ဒီလိုနဲ့ တစ်နေ့တော့ အဲဒီနိုင်ငံ ရဲ့လေဆိပ်ကို ထိန်းချုပ်တဲ့စနစ်ထဲကို သူဝင်နိုင်သွား တယ်။ အဲဒီနိုင်ငံက ခေါင်းဆောင်တွေ ပျာယာခတ် သွားတာပေါ့။ ဒီကလေးနဲ့မိသားစုကို လုံခြုံတဲ့နေရာ ခေါ်ထားပြီး နေထိုင်စားသောက်ရေးနဲ့ ပညာသင်ဖို့ပါ စီစဉ်ပေးလိုက်ပါတယ်။ တစ်နေ့နေ့ သူတို့နိုင်ငံအတွက် အလုပ်လုပ်ဖို့ပေါ့။ ပြည်ပရောက်မြန်မာကလေး တွေဟာ နိုင်ငံတိုင်းမှာ အင်္ဂလိပ်စာနဲ့ သချာင်္ သူများထက်ထူးချွန်ကြပါတယ်။

လူငယ်တွေကို ကြည့်လိုက် လုပ်ငန်းခွင်ဝင်ကြရင် ဘယ်လုပ်ငန်းခွင် မှာမဆို မြန်မာလူငယ်တွေဟာ ဥရောပ၊ အာရှနဲ့ အာဖရိကသားတွေကို ကျော်ဖြတ်ကြိုးစား ရင်း ခေါင်းဆောင်နေရာ၊ အလုပ်ကြမ်း၊ ဖိုမင်နေရာ တွေ ရကြတာများပါတယ်။ ဒါကိုကြည့်ရင် မြန်မာလူ ငယ်တွေဟာ ပတ်ဝန်းကျင်အခြေအနေကောင်း ဖန်တီး ပေးနိုင်တဲ့ အစိုးရကောင်းနဲ့မတွေ့ခဲ့လို့သာ အစိုးရကောင်း နဲ့သာတွေ့ခဲ့ရင် ကျုပ်တို့နိုင်ငံ ဒီဘဝမျိုးအထိ ရောက် လာစရာအကြောင်းမရှိဘူး။ အစိုးရတွေသာ (၁) လူ ငယ်တွေရဲ့အခန်းကဏ္ဍကို အပေါ်ယံ လေပြောပြော တာမျိုးမဟုတ်ဘဲ အလေးအနက်သိခဲ့ရင် (၂) ပတ်ဝန်း ကျင်ကောင်းဖန်တီးပြီး အသုံးချနိုင်ခဲ့ရင် (၃) လူငယ် တွေကို မြေတောင်မမြှောက်ခဲ့ရင်တောင် အညွန့်မချိုးခဲ့ ရင် အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံမှာလာပြီး အ လုပ်လုပ်ကြရလိမ့်မယ်။

အခုဘယ်ဘဝရောက်နေပြီလဲ။ သူများနိုင်ငံ ကို မြန်မာအမျိုးသမီးအိမ်ဖော်တွေလွှတ်တာတောင် အခမ်းအနားနဲ့ ဂုဏ်ယူဝင့်ြ<ွကားနေကြရတဲ့ဘဝ ရောက် သွားပြီ။ 'အလုပ်ဟူသမျှဂုဏ်ရှိစွ'ဆိုတာ လက်ခံပါတယ်။ မိသားစုအတွက် ဝမ်းရေးအတွက် တစ်ပြည်တစ်ရွာကို သွားအလုပ်လုပ်ကြရတဲ့ညီမငယ်များကိုလည်း စာနာ ပါတယ်။
တိုင်းပြည်ဝင်ငွေကို တစ်ဖက်တစ်လမ်းက တိုး ပွားစေတာလည်း မှန်ပါတယ်။ ဒီငွေကို ငါတို့မသုံးရက် ဘူး။ စီမံအုပ်ချုပ်နေတဲ့သူတွေကို မေးကြည့်ချင်ပါတယ်။ ကိုယ့်ရဲ့သားသမီးတွေ ဆွေမျိုးသားချင်းထဲက ပြည်ပ ထွက်ပြီး အိမ်ဖော်သွားလုပ်မယ်ဆိုရင် ဝမ်းမြောက် ဝမ်းသာ ရှိပါ့မလား။

ကျုပ်တို့က ကျွန်သွားခံရတယ်။ သူတို့က ချစ်ပြား(ဃ့ငစ)တွေ၊ လက်ကိုင် ဖုန်းတွေ၊ ကွန်ပျူတာ၊ တီဗွီစတဲ့နည်း ပညာသုံးပစ္စည်းတွေ လာရောင်းတယ်။ လက်သည်းလောက်ရှိပြီး သဲကနေ ထုတ်လုပ်ထားတဲ့ ချပ်စ်ပြား ၁ဝဝ လောက်ရဲ့ ပျမ်းမျှတန်ဖိုးဟာ တခြား နိုင်ငံမှာ တစ်လသွားပြီး အိမ်ဖော်လုပ်ရတဲ့ လုပ်အားခနဲ့ သွားညီတယ်။ ပညာချင်းကွာခြား မှုပါပဲ။

ပညာရေးမှာ သူများနိုင်ငံ နဲ့ တို့နိုင်ငံ မိုးနဲ့မြေ လို ကွာခြားသွားပြီ ဆိုတာ ဒီအချက်ကို ကြည့်ရင်သိနိုင်တယ်။ ကျုပ်တို့ဆီမှာ စီမံအုပ်ချုပ်မှုတွေရဲ့ မှားယွင်းမှုကြောင့်ပဲ။ လူရောမူရော နှစ်ခုစလုံးပြောင်းမှ သာ ဒီလိုအဆင့်နိမ့်ဘဝကနေ လွတ်မြောက်နိုင်မှာပါ။ ဒါအတွက်လည်း ပြည်သူအားလုံး ညီညွတ်ရင်ဖြစ်တယ်။ ညီညွတ်ဖို့ဆိုတာဟာ အကြမ်းဖက်ဖို့တော့မဟုတ်ဘူး။ အုန်းမှုတ်ခွက်အောက်ကနေ ရုန်းထွက်ပါ။ အုန်းမှုတ်ခွက် ကိုလှန်ပစ်လိုက်ပြီး ကမ္ဘာကြီးကို အမြင်ကျယ်ကျယ်နဲ့ ကြည့်ပါ။ တစ်နည်းအားဖြင့် ကမ္ဘာကြီးကိုမြင်အောင်ကြည့် ဆိုတဲ့အဓိပ္ပာယ်က စာများများဖတ်လို့ဆိုလိုတာပါ။

ထောင်ချောက်တွေကို သတိထားပြီးရှောင် ပါ။ လက်ရှိလူငယ်တွေရဲ့ဘဝဟာ ကျုပ်တို့လူငယ်ဘဝ ထက် အန္တရာယ်များတယ်။ ကျုပ်တို့တုန်းက အရက် ဆိုင် ရှားတယ်။ အရက်ဆိုင်ဆိုတာလည်း တစ်မြို့လုံး ကြည့်မှ တစ်ဆိုင်ပဲ။ ဒါတောင် မသွားအပ်တဲ့နေရာလို့ သဘောထားကြတယ်။ မသွားရဲကြဘူး။ မူးယစ်ဆေးဝါး ဆိုတာ မရှိခဲ့ဘူး။ အခုအရက်ဆိုင်တွေ မှိုလိုပေါက်၊ စီး ကရက်တွေ အလကားပဲတင်းဈေးနဲ့ရောင်း၊ မူးယစ်ဆေး ဝါးတွေ လွယ်လွယ်ဝယ်လို့ရ။ သူများနိုင်ငံတွေမှာ အ ရက်၊ စီးကရက်တွေကို သေမင်းတမန်လို့ သဘောထား ပြီး တင်းကျပ်နေကြချိန်မှာ ကျုပ်တို့အစိုးရနဲ့လွှတ်တော် က စက်ရုံတွေခွင့်ပြု၊ အခွန်တွေလျှော့ကောက်နေတာ ထောက်ရင် တကယ်ပဲ ဗဟုသုတနည်းလို့လား။ လူငယ် တွေအညွန့်ကျိုးအောင် တမင်ခိုင်းပြီး သေကြောင်းကြံ နေကြတာလား။ တွေးရင်း ကျောချမ်းမိပါတယ်။

မတတ်နိုင်တော့တဲ့ဘဝမှာ ကိုယ့်ရဲ့လူငယ် လေးတွေကိုပဲ သတိပေးရတော့မှာပါ။ မင်းတို့ဟာ ကိုယ့် ရည်မှန်းချက်မအောင်မြင်မချင်း ကွမ်း၊ ဆေးလိပ်၊ မူး ယစ်ဆေးဝါးနဲ့ အရက်တွေရှောင်ပါ။ွှုဠတွေရှောင် ပါ။ အဲဒါတွေအားလုံးဟာ ဆိုးယုတ်တဲ့အကြံရှိသူတွေ ထောင်ထားတဲ့ထောင်ချောက်တွေပဲ။ တိုးတက်ကြီးပွား ချင်ရင် ထောင်ချောက်အားလုံးကိုရှောင်ပါ။ လူငယ်တိုင်း ကွန်ပျူတာတတ်အောင်သင်ပါ။ စာပေလေ့လာပါ။ ကိုယ် ပိုင်အချိန်တွေကိုမဖြုန်းတီးဘဲ အတတ်ပညာတစ်ခုခု တတ်အောင် သင်ကြားပါ။ ကိုယ်တိုးတက်ကြီးပွားဖို့ ချည်း မစဉ်းစားပါနဲ့။

ကိုယ့်တိုင်းပြည်တိုးတက်ဖို့လည်း ခေါင်းထဲထည့်ထားကြပါ။ ကိုယ့်ရဲ့ညီမတွေ၊ အစ်မတွေ သူများနိုင်ငံမှာ အိမ်ဖော်မလုပ်ကြဖို့ ရောင်းစားမခံရဖို့ သူများနိုင်ငံတွေမှာ ကိုယ့်ညီအစ်ကိုတွေ နိမ့်ကျတဲ့အလုပ် တွေသွားမလုပ်ကြဖို့ မင်းတို့ရဲ့ကြိုးစားမှုအပေါ်မှာ တည်ပါတယ်။

ပညာရှာချင်တဲ့လူငယ်လူရွယ်တွေအတွက် ပတ်ဝန်းကျင်ကောင်းမဟုတ်ခဲ့တာကတော့ ကျုပ်တို့တုန်း ကတည်းက နှစ်ပေါင်း၅ဝ ကျော်ခဲ့ပြီ။ ဒီလိုပဲဖောက်ထွက် ပြီး လက်လှမ်းမီသမျှ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာ ရှာကြရတာပေါ့။

မြေသြဇာကောင်းပေမယ့်လည်း ကျောက်သား ကျောက်လွှာကို တောင် အမြစ်နဲ့ထိုးဖောက်ပြီး ရှင်သန်အောင် ကြိုးစားကြ ပါ။
ကျုပ်တို့ဖြတ်သန်းခဲ့ရတဲ့ လူငယ် ဘဝလိုပါပဲ။ အခုလည်း မပြောင်းလဲပါဘူး။ လူငယ် တွေဟာ ကျောင်းနေစဉ်မှာ အလွတ်ကျက်ဖြေစာမေး ပွဲအတွက် ကြက်တူရွေးရှုံးအောင် အာဂုံဆောင်ရင်း စာပေ၊ ဂီတ၊ အားကစားတွေအတွက် လေ့လာခွင့် သင်ကြားခွင့်မရခဲ့ပါဘူး။ ကျောင်းပိတ်ရက်တွေကို လည်း အဓိပ္ပာယ်မဲ့စွာ ဖြတ်သန်းကြရပါတယ်။ သူများ နိုင်ငံတိုးတက်တဲ့နိုင်ငံတွေမှာ ကျောင်းနေစဉ် ဂီတ အနုပညာ၊ စာပေနဲ့ အားကစား မဖြစ်မနေလေ့လာရပါ တယ်။ ပြည်တွင်းလေ့လာရေးခရီးတွေ၊ ပြည်ပလေ့လာ ရေးခရီးတွေ အကြိမ်ကြိမ်သွား ကြရပါတယ်။ ဒီ့အတွက် ကြက်တူရွေးနှုတ်တက်မဖြစ်ရအောင် စာတွေနဲ့ချည်း ပိမနေအောင် ပညာရေးစနစ်ကို ခေတ်မီအောင် ပြုပြင်ထားပါတယ်။ နွေရာသီကျောင်းပိတ် ရက်တွေမှာ စက်ရုံအလုပ်ရုံတွေ စူပါမတ် တွေက ကျောင်းသားလုပ်အားပေးတွေကို လစာနှုန်းတစ်ဝက်နဲ့လက်ခံဖို့ ဥပဒေထုတ် ထားပါတယ်။ ဒါကြောင့် လက်တွေ့ဘဝတွေကို ဝါ သနာပါရာလေ့လာရင်း ဝင်ငွေလည်း ရှာနိုင်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ကျောင်းသားလူငယ်ဖလှယ် ရေးအစီအစဉ်တွေရှိပါတယ်။

လမ်းတွေဖောက်ထားပေး တယ်။ လမ်းတွေဖွင့်ထားပေးတယ်။ ကျောင်းသား လူငယ်တွေကို အရက်၊ ဆေးလိပ်ရောင်း ရင် ပြင်းပြင်းထန်ထန် အရေးယူပါ တယ်။ ကိုးတန်း၊ ဆယ်တန်းအ ဆင့်နဲ့ဆိုရင် ကိုယ့်နိုင်ငံရဲ့ပါတီအ ကြောင်းတွေ၊ ပါတီနိုင်ငံရေးတွေ၊ လက်ရှိနိုင်ငံရေးအခြေအနေတွေ သင် ကြားပေးပါတယ်။ နိုင်ငံရေးသမားတွေ၊ လွှတ် တော်ကိုယ်စားလှယ်တွေလည်း ကျောင်းတွေမှာ အ လှည့်ကျလာရောက်ကာပြောရင်း လူငယ်တွေမေးသ မျှ မေးခွန်းတွေကို လေးလေးစားစား ဖြေကြရပါတယ်။

နောက်ဆုံး လူငယ်တွေကိုမှာချင်တာကတော့ ဒီမိုကရေစီဆိုတဲ့တောင်ကြီးက မင်းတို့ဆီမလာခဲ့ရင် မင်းတို့က တောင်ကြီးဆီ အရောက်သွားကြဖို့ပါပဲ။

××××××××××××××××××××××××××××××××××××××××××

FLOWER NEWS JOURNAL Vol.10, No.15 ( ဧပြီ ၆, ၂၀၁၄

Yangon Media Group

ရန်သူ၏ ဦးခေါင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး ကျောင်းသူများကို အဓမ္မပြုကျင့်ရန် တက္ကသိုလ်တွင် မြေအောက်ခန်းတည်ဆောက်ခဲ့သည့် ဂဒါဖီး



အောင်ဟိန်းခိုင် ၊ ဧပြီ ၈

သံမဏိ လက်သီး ဥပဒေများပြဌာန်းပြီး လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့သော အာဏာရှင် မွမ်မာဂဒါဖီ သည် သူ၏ အမုန်းတီးရဆုံး ရန်သူတစ်ယောက်၏ ဦးခေါင်းပြတ်ကို နေအိမ်ရှိ ရေခဲသေတ္တာထဲတွင် ၂၅ နှစ်ကြာ သိမ်းဆည်းခဲ့သည့်အပြင် တက္ကသိုလ်ကျောင်းသူလေးများကို အဓမ္မပြုကျင့်ရန်အတွက် တက္ကသိုလ်တွင် လျှို့ဝှက် အဓမ္မပြုကျင့်သည့်အခန်းငယ်တည်ဆောက်ခဲ့သည်ဟု မကြာခင် ထုတ်လွှင့်တော့မည့် ဂဒါဖီး ၏ မိုက်မဲမှုများကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ သိရသည်။ ဒါ့အပြင် ဂဒါဖီသည် သူကိုယ်တိုင်သတ်ဖြတ်ခဲ့သော လူများ၏ရုပ်အလောင်းများကိုလည်း နေအိမ်ရှိ ရေခဲခန်းအတွင်းထိန်းသိမ်းထားပြီး အပျင်းပြေ ကြည့်ရှု့လေ့ရှိသည်။ကျောင်းသူများကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သည့် မြေအောက်ခန်းကိုတော့ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ ထရီပိုလီ တက္ကသိုလ်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဖော်ပြပါအချက်အလက်များပါဝင်သည့် ရုပ်သံမှတ်တမ်းကို ဗြိတိန်နိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ ခရစ်စတိုဖာ အိုဂီရေတီ၏ "Mad Dog: Inside the Secret World of Muammar Gaddafi" ဆိုသည့် ရုပ်သံ မှတ်တမ်းသစ် တွင်ဖော်ပြထားခြင်းဖြစ်သည်။၎င်းဗီဒီယိုမှတ်တမ်းတွင် ဂဒါဖီ၏ ကြေးစားလူသတ်သမားအဖြစ်လုပ်ဆောင်ခဲ့ဖူးသော CIA သစ္စာဖောက် ဖရက်တာပဲ နှင့်တွေ့ဆုံမေးမြန်းထားသောအင် တာဗျူးလည်းပါဝင်လာခဲ့သည်။ ဖရက်တာပဲ၏ အင်တာဗျူးတွင်ဖြေကြားချက်များအရ ဂဒါဖီက သူ့ကို လူတစ်ယောက်၏ ဦးခေါင်းကိုဖြတ်ကာ သူ့ထံသို့ ပြန်လည်ပေးပို့နိုင်ပါက အမေရိကန်ဒေါ်လာ တစ်သန်းပေးမည်ဟု ခိုင်းစေခြင်းကို ခံခဲ့ရကြောင်း ဆိုသည်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က လစ်ဗျားသူပုန်များ၏ တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသော ဂဒါဖီက ထိုလူ၏ ဦးခေါင်းပြတ်ကို ရေခဲသေတ္တာထဲတွင်အခြားသော လူသေ အလောင်းများနှင့်အတူ သိမ်းဆည်း ထားခဲ့သည်။ ဖရက်တာပဲ၏ ပြောကြားချက်အရ "ကျွန်တော်က ဂျီနီဗာမှာရှိနေခဲ့တယ် အဲ့ဒီလူကို သတ်ပြီး ခေါင်းပြတ်ကို ဂဒါဖီ ဆီကို မပုပ်မသိုးဖြစ်အောင်ပြင်ဆင်ပြီးပို့လိုက်တော့ ကျွန်တော်ဆီကို အမေရိကန် ဒေါ်လာ တစ်သန်း တန်ဖိုးရှိတဲ့ ချက်လက်မှတ်တစ်စောင်ရောက်လာတာပါပဲ" ဟုပြောကြားထားသည်။ဖရက်တာအနေနဲ့ ၎င်းအမှုနှင့်ပတ်သက်ပြီး သံသယဖြစ်ခြင်းခံလိုက်ရချိန်မှာတော့ ကျူးဘားသို့ထွက်ပြေးခဲ့သည်ဟု New York Post သတင်းဌာန၏မှတ်တမ်းများအရသိရသည်။

ရုပ်သံမှတ်တမ်းတွင်ပါဝင်သည့် ဂဒါဖီ၏ မိုက်မဲသည့် နောက်ထပ်လုပ်ရပ်တစ်ခုမှာ ဂဒါဖီအနေဖြင့် ထရီပိုလီ တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားပြီးသည့်အခါတိုင်း ကျောင်းသူလေးများကို အဓမ္မပြုကျင့်သည့် မြေအောက်ခန်း တည်ဆောက်ထားခြင်းဖြစ်သည်။"လူမသိအောင်တည်ဆောက်ထားတဲ့အဲ့ဒီ အခန်းလေးထဲမှာ ကုတင်တစ်လုံးရယ်၊ ရေပန်းနှင့် နှိမ့်နယ်ခြင်းခံယူနိုင်တဲ့ Jacuzzi ဆိုတဲ့ ရေကန်လေးရယ် ၊ အဓမ္မပြုကျင့်ခံရမည့် ကျောင်းသူကို လိင်ပိုင်းဆိုင်ရာ ကူးစက်ရောရှိမရှိစစ်ဆေးတဲ့ နေရာလေးရယ်၊ ရာဘာမျက်နှာဖုံးရယ် ၊ လူကိုမူးဝေသွားအောင်ပြုလုပ်နိုင်တဲ့ ပစ္စည်းအချို့ရယ် ပါဝင်တယ်" ဟု၎င်းမှတ်တမ်းဗီဒီယိုကိုရိုက်ကူးထားသည့် ခရစ်စတိုဖာ အိုဂီရေတီ ကပြောကြားသည်။ "ဂဒါဖီက လစ်ဗျားနိုင်ငံကို စိတ်ကြိုက် ကိုယ်ထင်ရာ ကိုယ်လုပ်ပြီးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဆိုးတစ်ယောက်ပါ" ဟု အိုဂီရေတီ ကဖြည့်စွက်ပြောကြားခဲ့သည်။"Mad Dog" ရုပ်သံမှတ်တမ်းကို သောကြာနေ့တွင် ထုတ်လွှင့်ပြသမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ရုပ်သံလိုင်းကို ဖော်ပြထားခြင်းမရှိပေ။

(စောင့်ကြည့်သတင်းဂျာနယ်)  

တရားရုံးမှ ပြောပြသော Apple နှင့် Samsung တို့အကြား ထူးခြားချက်များ




အောင်ဟိန်းခိုင် ၊ ဧပြီ ၈

ကမ္ဘာကျော် အမေရိကန်နည်းပညာကုမ္ပဏီ Apple နှင့် တောင်ကိုရီယား နည်းပညာကုမ္ပဏီ Samsung တို့၏ နည်းပညာမူပိုင်ခွင့် တရားရင်ဆိုင်မှုသည် ပြီးခဲ့သည့် အပတ်က တရားရုံးမှ ထုတ်ပြန်ခဲ့သော အချက်အလက်များ ကြောင့် လူစိတ်ဝင်စားမှု ပြန်လည်မြင့်မားခဲ့ရပြီးဖြစ်သည်။

Apple နှင့် Samsung တို့သည် ကမ္ဘာ့မိုဘိုင်းဖုန်း နှင့် Tablet ဈေးကွက်ကိုရယူရန်ကြိုးပမ်းကြရာမှ နည်းပညာမူပိုင်ခွင့် တရားစွဲဆိုသည့်အဆင့်များသို့ပင်ရောက်ရှိခဲ့ ခြင်းဖြစ်သည်။Apple မှ Samsung ကို နည်းပညာမူပိုင်ခွင့်ချိုးဖောက်မှုများအတွက် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ လျော်ကြေးပေးရန် တောင်းဆိုခဲ့ပြီး Samsung မှလည်း ၎င်း၏မူပိုင်ခွင့်များချိုး ဖောက်ခံရမှုအတွက် Apple ကိုအမေရိကန်ဒေါ်လာ ၆ သန်းလျော်ကြေးပေးရန် တရားရုံးသို့ဦးတိုက်လျောက်ထားခဲ့ကြခြင်းဖြစ်သည်။၂၀၁၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သော Apple ကုမ္ပဏီ၏ ပူးတွဲတည်ထောင်ခံသူလည်းဖြစ်၊ ကုမ္ပဏီ၏ ဥက္ကဌလည်းဖြစ်ခဲ့တဲ့ Steve Job ၏ ကိုယ်ရေးအတ္ထုပ္ပတိ ကိုရေးသားထားသော စာရေးဆရာ ဝေါတာ အစ်ဆက်ကွန်၏ စာအုပ်တွင် Steve Job က "ကျွန်တော် အနေနဲ့ Apple ရဲ့မူပိုင်ခွင့်အများစုကို ခိုးယူခံထားရသည့် Andriod စနစ်ကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်မယ်" ဟုရေးသားထားခဲ့ပုံများသည် Apple မှ Samsung ကိုအမြစ်ပြတ် ချေမှုန်း ရေး ရည်ရွယ်များကို ပေါ်လွင်စေသည်။ နောက်ဆုံး အမိန့်ချမှတ်ခဲ့သော မူပိုင်ခွင့် တရားရင်ဆိုင်မှုတွင် Apple က အမှုအနိုင်ရရှိပြီး Samsung ထံမှ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ လျော်ကြေးငွေရရှိခဲ့သည်။ လွန်ခဲ့သည့် အပါတ် က တရားရုံးက ထုတ်ပြန်ခဲ့သော တရားရင်ဆိုင်မှုများတွင် နှစ်ဖက် ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့သော အချက်အလက်များမှ ထူးခြားချက် ၅ ခုမှာ

၁။ Steve Job က Google ကိုဘက်လိုက်သူအဖြစ် ရှု့မြင်သုံးသပ်ခဲ့ခြင်း

Andriod ၏ ဖန်တီးရှင် Google ကုမ္ပဏီသည် Apple နှင့် Samsung တို့၏ တရားရင်ဆိုင်မှုတွင် Samsung ဘက်မှ ရပ်တည်ခဲ့ကြောင့်း အဘယ့်ကြောင့်ဆိုသော် Samsung မှထုတ်လုပ်ထားခဲ့သော မိုဘိုင်းဖုန်းများ နှင့် Tablet အများစုသည် Google ၏ Andriod စနစ်ကိုအသုံးပြုထားသည့်အတွက် Apple သာတရားခွင်တွင် အပြည့်အ၀ အနိုင်ရရှိပါက Google မှ သူ၏ Andriod စနစ်မှလုပ်ဆောင်ချက် အများအပြားကို ပြန်လည် ပြင်ဆင်ရမည် ဖြစ်သောကြောင့်ဟု Steve Job ကသုံးသပ်ထားခဲ့သည်။ တရားရုံးမှ ထုတ်ပြန်ခဲ့သော အချက်အလက်များသည် Apple ကုမ္ပဏီ၏ ဥက္ကဌဟောင်း Steve Job မှ ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်း Apple ၏အကြီးတန်းအရာရှိများကိုဖြန့်ဝေခဲ့သော E-Mail တွင်ပါရှိသည့်စာများကိုအခြေခံ၍ရေးသားထားခြင်းဖြစ်သည်။

၂။ Apple ၏ ဈေးကွက်ရှာဖွေရေးအသင်းက Samsung သည် Apple ၏ ဈေးကွက်ရည်မှန်းချက်များကို အနှောင့်အယှက်ပြုခဲ့သည်ဟု ယူဆခဲ့ခြင်း

Samsung မှ ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း Apple ၏ I-phone များသည် ခေတ်နောက်ကျသော အပြင်အဆင်နှင့် ဆွဲဆောင်မှုမရှိသော ဒီဇိုင်းများဖြင့်ဖွဲ့စည်းထားသော ဖုန်းအဖြစ် ပေါ်လွင်စေသော ကြော်ငြာ များအသုံးပြုပြီး I-phone သုံးစွဲသူများ Samsung ထုန်ကုန်များကို ပြောင်းလဲသုံးစွဲစေရန် ရည်ရွယ်ကြော်ငြာခဲ့သည်။၎င်း ရည်ရွယ်ချက်များကို Apple ၏ ကမ္ဘာ့ဈေးကွက်ဖော်ဆောင်ရေး ဥက္ကဖြစ်သူ Phil Schiller သိရှိပြီးနောက် Apple ၏ကြော်ငြာ အေဂျင်စီ Media Arts Lab သို့ I-phone အတွက်အကြပ်အတည်းများမှ ရုံးထွက်နိုင်ရန် သတိပေးစာများပေးပို့ကာတန်ပြန်ကြော်ငြာနိုင်ရန် အကြောင်းကြားခဲ့ရသည်။

၃။ Apple က သူတို့၏ ထိပ်တန်း ကြော်ငြာ အေဂျင်စီနှင့်လမ်းခွဲခဲ့ခြင်း

Apple ကထုတ်ကုန်များကြော်ငြာရာတွင် Samsung ထက်အနည်းငယ်နိမ့်ကျခဲ့ရသည့်သောကြောင့် ကုမ္ပဏီ၏ကြော်ငြာလုပ်ငန်းအတွက် အဓိကစာချုပ်ချုပ်ဆိုထားသည့် Media Lab ကြော်ငြာလုပ်ငန်းနှင့် နားလည်မှုများ လွဲခဲ့ရပြီး လမ်းခွဲခဲ့ရသည်။၂၀၁၃ ခုနှစ် အစောပိုင်းတွင် Apple ၏ထုတ်ကုန်ပစ္စည်းရောင်းချရေး တာဝန်ခံ Schiller က Apple ကုမ္ပဏီ၏ ဥက္ကဖြစ်သူ Tim Cook ထံသို့စာတစ်စောင်ရေးသားခဲ့ပြီး ၎င်းစာတွင် "ကျွန်တော်တို့ ကြော်ငြာ အေဂျင်စီ အသစ်ကိုရှာဖို့လိုအပ်လာပါပြီး ၊ ယခုအချိန်မှာ သူတို့ က ကျွန်တော်တို့မျှော်မှန်းထားသလောက် လုပ်ဆောင်ပေးနိုင်ခြင်းမရှိပါဘူး" ဟုရေးသားထား ၏အစပထမဖြစ်သည့် Macintosh Personal Computer များခေတ်ကတည်းက ကြော်ငြာလုပ်ငန်းအတွက် တာဝန်ယူခဲ့သော ကြော်ငြာအေဂျင်စီအတွက် အထူးဆန်းကိစ္စတစ်ရပ်ဖြစ်စေခဲ့သည်။

၎။ Apple က ရုပ်မြင်သံကြားလုပ်ငန်းတွင်လည်း ဆရာတစ်ဆူ ဖြစ်ချင်ခဲ့ခြင်း

၂၀၁၀ ခုနှစ် Steve Job ၏ E-mail ၏အစိတ်အပိုင်းတစ်ခုအနေဖြင့် Apple သည် TV လုပ်ငန်းစုတွင်လည်း လက်ဝါးကြီးအုပ်နိုင်ရန်ဗျူဟာများချမှတ်ရေးလည်းပါဝင်ခဲ့သည်။

၅။ Samsung မှ Apple ကိုတိုက်ခိုက်ခဲ့ခြင်း
Samsung ၏ ၂၁၀၂ ခုနှစ်အတွက် စီးပွားရေး ရည်မှန်းချက်တွင် Apple ကုမ္ပဏီ၏ ထုတ်ကုန်များကို ဈေးကွက်ယှဉ်ပြိုင်ရေးသည် အဓိကအချက်အဖြစ်ဖော်ပြထားကြောင်း ၊ ၎င်းစီးပွားရေး ရည်မှန်းချက်တွင်ပါဝင်သော Apple ၏ထုန်ကုန်များကိုဈေးကွက်ယှဉ်ပြိုင်ရေးတွင် Iphone နှင့် I-pad သာမက Apple ထုတ်ကုန်များအားလုံးပါဝင်သည့်အပြင် အဓိကအားဖြင့် Apple ကုမ္ပဏီမှ ၂၀၁၂ ခုနှစ်တွင်ဖြန့်ချီခဲ့သော I-phone 5 ဖြန့်ချီ မည့်ရက်နှင့်တိုက်ဆိုင်ကာ ဈေးကွက်ယှဉ်ပြိုင်နိုင်မည့် ထုတ်ကုန်ပစ္စည်းတစ်မျိုးထုတ်လုပ်ရေးပါ ပါဝင်သည်ဟု ဖော်ပြထားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဗင်နီဇွဲလားနိုင်ငံက ကျူးကျော်နေထိုင်သူတွေရဲ့ ကောင်းကင်ဘုံ

ဓာတ်ပုံ - ရိုက်တာ

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကက်စ်ရဲ့အလယ်က ၄၅ ထပ် အဆောက်အဦဟာ ကြယ် ၅ ပွင့် ဟိုတယ်လည်း မဟုတ်သလို အပျံစား ဇိမ်ခံ တိုက်ခန်းတွဲကြီးလည်း မဟုတ်သလို ပျံကျ ကျူးကျော်နေထိုင်သူတွေရဲ့ ကောင်းကင်ဘုံသာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ဆင်းတဲ့ ကွင်း၊ အေဗီလာတောင်တန်းကို ကြည့်မြင်နိုင်ပြီး အားလပ်ရက် အသားကင် လုပ်စားစရာ ကျယ်ပြန့်တဲ့ လသာဆောင်လဲ ပါရှိတဲ့ ဒီအဆောက်အဦဟာ ကမ္ဘာ့အမြင့်ဆုံး ဆင်းရဲသားရပ်ကွက် ဖြစ်နိုင်ပါတယ်။

ဒေးဗစ်မျှော်စင်လို့ ခေါ်တဲ့ ဒီအဆောက်အဦဟာ အစကတော့ ဘဏ္ဍာရေးဌာနအဖြစ် ရည်မှန်း ဆောက်လုပ်ခဲ့ပေမယ့် ဆောက်လုပ်သူ ငွေရှင် ဒေးဗစ် ဘရင်လန်ဘာ့ဂ် ကွယ်လွန်အပြီး ၁၉၉၄ ခုနှစ်မှာ အသုံးမပြုဘဲ စွန့်ပစ် ထားခဲ့တာ ဖြစ်ပါတယ်။
ကွယ်လွန်သူ လက်ဝဲခေါင်းဆောင် သမ္မတ ဟူဂိုချာဗက်အစိုးရလက်ထက် ဒီမျှော်စင်ကို မသိကျိုးကျွံ ပြုထားခဲ့အပြီး ဆင်းရဲသားအိမ်ယာမဲ့တွေက သိမ်းခဲ့ပါတယ်။

ခုတော့ လူအယောက် ၃ ထောင်လောက်က ဒီမျှော်စင်ကို သူတို့အိမ်လို့ ခေါ်ဝေါ်နေပြီး ဖြစ်ပါတယ်။

နေထိုင်သူ တယောက်ကတော့ ဒီအဆောက်အဦမှာ နေတာ ၃ နှစ်ရှိပြီ ရာဇ၀တ်မှု ထူပြောတဲ့ ကာရာကတ်စ်မြို့ထဲက လမ်းတွေပေါ်မှာနဲ့ာရင် ဒီမျှော်စင်ပေါ် နေရတာ ပိုလုံခြုံတယ်လို့ ခံစားရကြောင်း ပြောပါတယ်။

“လူတွေက အဆောက်အဦရှေ့မှာ လမ်းလျှောက်ရတာ အန္တရာယ်များတယ် မလုံခြုံဘူးလို့ ပြောကြတယ်။ အထဲမှာ ဘယ်လိုလဲ လာကြည့်ပါ။”လို့ သူက ပြောပါတယ်။

ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကာရာကပ်စ်မြို့ထဲက တခြားအဆောက်အဦ သိမ်းပိုက်မှုတွေ လိုပဲ ဒီမျှော်စင်ဟာ အကြမ်းဖက်မှုတွေကနေ ကင်းလွတ်နေပါတယ်။

လူသွားစင်္ကြန်တွေကို လတ်လတ်ဆတ်ဆတ် အရောင်တင်ထားပြီး နေရာတိုင်းမှာ စည်းမျဉ်းတွေ ချမှတ်ထားတာ ဖြစ်ပြီး မလိုက်နာသူတွေကို လူမှုရေးလုပ်ငန်းတွေ လုပ်ခိုင်းပြီး အပြစ်ပေးပါတယ်။

မျှော်စင်အထပ်တိုင်းက ကိုယ်စားလှယ်တွေက အစိုးရ အသေးစားလေးတရပ်အဖြစ် ပူးပေါင်း ဆောင်ရွက်ပြီး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။

မျှော်စင်တိုက်ခန်းမှာ မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ တယောက်ကတော့ “နေစရာ တကယ့်ကို လိုအပ်လို့ ဒီမျှော်စင်ကို သိမ်းရပေမယ့် လိုအပ်တဲ့ ရင်းမြစ်တွေ မရှိသလို ကူညီမယ့် သူလဲ မရှိဘူး။ ၂၈ ထပ်အထိ ရေကို ရေပုံးနဲ့ သယ်ရရင် ဒါ တကယ့် အိမ်ယာစခန်းတခုရဲ့ လိုအပ်ချက်ပဲ။”လို့ ပြောပါတယ်။

မျှော်စင်ထဲမှာ ဆိုင်ဖွင့်ထားသူ နောက်တယောက်ကလဲ “သူနေရာမှာ နံရံတွေ မရှိလို့ ဘေးများတယ်။ ဒါပေမယ့် အရင်နေရာက အိမ်လခပေးလိုက်ရင် စားစရာ လေ့လာစရာအတွက် ငွေမကျန်လို့ ဒီကို လာခဲ့တာ ခုတော့ ပိုကောင်းတဲ့ အနာဂတ်ရှိပြီလို့ ခံစားရတယ်။”လို့ ပြောပါတယ်။

ကာရာကတ်စ်ဒေသခံတွေ အများပြားက ဗင်နီဇွဲလားရဲ့ တတိယအမြင့်ဆုံးဖြစ်တဲ့ ဒီမျှော်စင်ကို သူခိုးတွေရဲ့ အသိုက်အမြုံ၊ သူတပါးရဲ့ပိုင်ဆိုင်မှုကို မခန့်လေးစားလုပ်သူတွေရဲ့ သင်္ကေတအဖြစ် ရှုမြင်ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် နေထိုင်သူတွေကတော့ ဒေးဗစ်မျှော်စင်ဟာ သူတို့ကို ရာဇ၀တ်မှု ထူပြောတဲ့ ဆင်းရဲသားရပ်ကွက်ကနေ ကယ်တင်ခဲ့တဲ့ ဘေးကင်းတဲ့ ကောင်းကင်ဘုံအဖြစ် ရှုမြင်ကြပါတယ်။

DVB Burmese 

ထိုင်းနယ်ခြားစောင့် စစ်တပ်နှင့် မူးယစ်ကုန်သည်တွေ ပစ်ခတ်မှုဖြစ် ၂ ဦးသေဆုံး

ဓာတ်ပုံ - thairath.co.th

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ်မှာ  ဧပြီလ ၆ ရက် ညနေက  ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့နဲ့ မူးယစ်ဆေးကုန်သည်တွေ ပစ်ခတ်ကြလို့ ၂ ဦး သေဆုံးတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပါတိန့်ကျေးရွာအုပ်စုအပိုင် မြန်မာနယ်စပ်နဲ့ မီတာ ၅၀၀ အကွာ တောအုပ်ထဲကနေ လူ ၁၀ ဦးလောက် သေနတ်ကိုယ်စီ၊ ကျောပိုးအိတ်ကိုယ်စီနဲ့ ဖြတ်သန်းသွားတာ တွေ့ရကြောင်း သတင်းအရ  ထိုင်းနယ်ခြားစောင့်တပ်က ရပ်ခိုင်းရာကနေ အပြန်အလှန်ပစ်ခတ်ကြတာလို့ ဒုရဲမှူး နိုင်းကဆိခစ် လတ်ကလုတ်က  ပြောပါတယ်။

သေဆုံးသူနှစ်ဦးဟာ မူးယစ်ကုန်သည်တွေဘက်က ဖြစ်ပြီး သူတို့အိတ်ထဲက ရာဘမြင်းဆေး အလုံးရေ တစ်သိန်း နဲ့ ဘိန်းဖြူ  ၇ ကီလိုဂရမ်ကို ဖမ်းဆီးရမိကြောင်းနဲ့ ကျန်သူတွေတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သူက ပြောပါတယ်။

သေဆုံးသူ ၂ ဦးအနက် တဦးက ထိုင်းတောင်ပေါ်တိုင်းရင်းသား နိုင်းကျတူး ကျလာ (အသက် ၂၀ နှစ်)ဖြစ်ပြီး နောက် တဦးမှာတော့ မှတ်ပုံတင် အထောက်အထားမတွေ့ဘဲ တဘက်နိုင်ငံ တိုင်းရင်းသားလက်နက်ကိုင် ၀တပ်ဖွဲ့ဝတ်စုံ ၀တ်ထားကြောင်း ဒုရဲမှူးက ပြောကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ ဒီဖော်ပြချက်နဲ့ ပတ်သက်လို့ ဘယ် တိုင်းရင်းသား ဘက်ကမှ တုံ့ပြန်ရှင်းလင်းခြင်း မရှိကြပါဘူး။

DVB Burmese 

ပြည်ထောင်စု အစိုးရအား အယုံအကြည် မရှိကြောင်း MDCF အဖွဲ့က အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆို


(MDCF အဖွဲ့မှ ကိုထင်ကျော် အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေနေစဉ် (ဓာတ်ပုံ-ကြည်နိုင်))

ပြည်ထောင်စု အစိုးရအား အယုံအကြည် မရှိကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့က အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် ဧပြီ ၇ ရက် နံနက်ပိုင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆိုခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည့် အစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုကို ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ- ၁၈ ဖြင့် တရားစွဲဆို ထားသဖြင့် ရုံးချိန်းလာရောက်ရာမှ ယင်းကဲ့သို့ စာရွက်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖြန့်ဝေတောင်းဆိုရခြင်း အကြောင်းမှာ လက်ရှိပြည်ထောင်စု အစိုးရလက်ထက်တွင် ပြည်သူများမှာ ဆင်းရဲသည်ထက် ပိုဆင်းရဲလာပြီး တရားရေးမဏ္ဍိုင်၏ ယိမ်းယိုင်မှုများ၊ အာဏာပိုင်များ၏ ဥပဒေ လက်တစ်လုံးခြား ပြုလုပ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိသေးဖြင့် အစိုးရကို နုတ်ထွက်ပေးရန် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆိုရခြင်း ဖြစ်သည်ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့မှ ကိုထင်ကျော်က ဆိုသည်။

၎င်းက "တိုင်းပြည်က ငတ်နေပြီ။ တရားစီရင်ရေး စနစ်တွေကလည်း ယိုင်နဲ့နေပြီ။ ခရိုနီတွေက အစိုးရရဲ့ ကာကွယ်မှုကို ရနေတယ်။ တရားသူကြီးတွေကလည်း လာဘ်စားနေတယ်။ လျှပ်စစ်မီတာခတွေ တက်လိုက်တဲ့အတွက် ကုန်ဈေးနှုန်း တက်လာတယ်" ဟု အနောက်ပိုင်းခရိုင် တရားရုံးအနီးတွင် ကြွေးကြော်ကာ စာရွက်များ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ယင်းစာရွက်တွင် အခြေခံလူတန်းစားများ၏ ဘ၀နှင့် ၀င်ငွေကို လေ့လာခြင်းမရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်သည် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အလုပ်လက်မဲ့များနေသော ပြည်သူများ ငတ်နေကြောင်း စသည့်အကြောင်းအရာများ ပါဝင်သည်။


Eleven Media Group

ဆင်းမ်ကတ်ပျောက် အရေးတော်ပုံ


(ဆောင်းပါးရှင် - မောင်စံပေါ)

( ၁ )

နွေနေက တဖြည်းဖြည်း ပူသထက်ပူလာချေ၏။ ယူဗွီဟု အမည်သညာတွင်သော နတ်ရောင်စဉ် လက်နက်ကလည်း ရက်စက်ချေဘိ။ ထိုးမဟ နှက်မဟ ကြာကြာများ နေပူထဲသွားလို့ကတော့ မီးလောင်ဗုံးများ နားပါစေ ဖြစ်သွားမည်။ အရေပြားကင်ဆာဖြစ်၍ မေတစ်ပါး မကြင်နာ ပစ်သွားပေတဲ့။

ဟိုကြား ဒီကြား နွေစကား အပူတရား နာရဖန်များသော် ချောက်ချားလာဘိ၏။ ကြောက်သည့်အလျောက် ဆောက်တည်ရာမှ ရစေတော့ဟု အစဉ်အလာမပျက်အောင် အင်တာနက်တက်ကာ ဂူဂဲလ်မှာ ပြူးပြဲ၍ အဖြေရှာသည်။

ရလာသည့် အဖြေကား ရေမြေခြား ခရီးသွားလျှင်ကောင်း၏ဟု ဆိုသည်။ ကောင်းလှောင်ဟေ့ဟု ဟစ်ကြွေးကာ ဝေဟင်ထက်မှ ခရီးသွားရေးအတွက် လေယာဉ်လက်မှတ်ဈေး စုံစမ်း၏။ ၃၅ ဒေါ်လာဟူသော အသပြာသည် ပြည်တွင်းခရီးစဉ်ထက်ပင် သက်သာနေလေ၏။

ကြီးပွားနေပြီဖြစ်သော ခရီးသွားကုမ္ပဏီမှ အရောင်းမန်နေဂျာမမကို ခယကာလေ ယာဉ်လက်မှတ်မှာ၏။ ခန့်မှန်းထားသော အချိန်ထက်စောစွာ ရောက်လာ၏။ လာပို့သည့် သူငယ်ကို စပ်စုသည့်သကာလ ကားကျပ်၍ လမ်းလျှောက်လာကြောင်း သိရ၏။ မဟာရန်ကုန်၏ အချို့သော ခရီးတာများသည် လမ်းလျှောက်လျှင် ပို၍မြန်ဆန် ခရီးတွင်ကြောင်း မှတ်သားရ၏။

ထီးဆောင်းသွားရန် စေတနာစကား မှာကြားသည်ကို နာထောင်ပြီးသကာလ စာပို့လုလင် (လက်မှတ်ပို့သူငယ်) ပြန်လေ၏။

(၂)

သူငယ်ပြန်သော်ကား လူကြီးအလုပ်များ ချေတော့၏။ ခရီးသွားမည် ဖြစ်သည့်အတွက် ထီးအစ အ၀တ်အစားအလယ် ဖိနပ်အဆုံး ပြင်ဆင်စီစဉ်ရ၏။ အသက်အရွယ် ထောက်လာသည့်အလျောက် သောက်နေကျ ဆေးဝါးများကိုလည်း မမေ့မလျော့ ဆောင်ရ၏။ ခရီးသွားဖို့ ပစ္စည်းစုံပြီ ချီတက်ရုံသာ ရှိချေတော့သည်တကား။

( ၃ )

စုံပြီအောက်မေ့ကာမှာ မေ့သည်က ပေါ်လာချေ၏။ တယ်လီဖုန်းကတ်ပြား (SIM CARD) တော်ကြီး ပျောက်ဆုံးနေခြင်း။ လက်သန်း လက်သည်းခွံအရွယ် ပလတ်စတစ်ကတ်ပြား ပေါက်စနလေးဖြစ်လေရာ ရှာဖွေရခက်ပါဘိခြင်း။

မှားတတ်သည်က လူ့သဘောဖြစ်ကာ မေ့တတ်သည်မှာ လူ့မနော ဖြစ်ချေ၏။ မေ့သည့်တိုင် မလျော့အောင် ဆောင်ကြည်းနိုင်သူမှာ လူတော်ဖြစ်၏။ သို့ဖြစ်ရာ မိမိကိုယ်မိမိ လူတော်ဖြစ်ကြောင်း သက်သေပြရန် ဆင်းမ်ကတ်ပျောက် ပြန်ရရေး စီမံချက်ချမှတ်ကာ အကောင်အထည် ဖော်တော့၏။

( ၄ )

"ကိုရင့်နှယ် ဆင်းမ်ကတ်ပျောက်တာများ ရေးကြီးခွင့်ကျယ်လုပ်လို့၊ နိုင်ငံခြားမှာ အလကားတောင် ပေးနေသဟာများ အသစ်တစ်ခုတောင် သုံးရတာပဲဟာ"

မိတ်ရင်းဆွေချာတစ်ဦးက ကြားဖူးနားဝ ဗဟုသုတ အခြေပြုကာ အကြံပေး၏။ အလွယ်တကူ အကြံပေးလျှင် အမှန်နှင့်ဝေးတတ်ကြောင်း သူမသိပါတကား။

ရောင်းရင်းငဲ့၊ အကျွန်ုပ်၏ ဆင်းကတ်သည်ကား နှယ်နှယ်ရရမဟုတ်၊ လှပသော ဖုန်းနံပါတ်အတွဲကို ဈေးကြီးပေးကာ ဆွဲထားခြင်းဖြစ်၏။ ကမ္ဘာတစ်လွှားမှ မိတ်ဆွေများ မှတ်သားထား ကြသည်မှာ ဤမဟာနံပါတ်ဖြစ်၏။ ခက်ပါဘိခြင်း။

( ၅ )

ခက်သည်ကို လွယ်အောင်လုပ်ရာတွင် အကျွန်ုပ်တို့သည်ကား မဟာပါရဂူများ ဖြစ်ကြ၏။ ပါရဂူမှ ရိုးရိုးမဟုတ်၊ ထပ်ကွမ်းပါရဂူ ဖြစ်သည့်အားလျော်စွာ မဟာပါရဂူဟု အမည်တပ်ရတော့၏။

ကံရာဇာငယ်မှ စခဲ့သည့် ဇာတ်လမ်းသည်ကား ယနေ့ခေတ်တိုင် မရိုးနိုင်ခဲ့။ ဟုတ်မဟုတ် ကံသေကံမ အတိအကျ မပြောနိုင်သော်ငြားလည်း ကြားဖူးသည့် ပါးစပ်ပုံပြင် တစ်ခုရှိ၏။

ဖွင့်ပွဲအမီ လမ်းပြီးနိုင်ရေးအတွက် ငှက်ပျောတော တစ်တောလုံးပြောင်အောင်ခုတ် ငှက်ပျောတုံးစီမြေဖို့ ရေဖျန်းပြီး အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည့်အတွက် ငါ့တပည့် တော်တယ်ဟုဆိုကာ ရာထူးတက်သွားသောဟူ၏။

မှန် မမှန် မသေချာဟု ပြောခဲ့သည့်အလျောက် လမ်းနှင့် လူတို့၏ ကံကြမ္မာကို မစောကြောတော့ပြီ။ လုပ်စရာ ရှိသည်ကို ဆက်လုပ်ရပေအံ့။

( ၆ )

ဆင်းမ်ကတ်ပျောက် ရပ်ကွက်၊ မြို့နယ်၊ ရဲစခန်းထောက်ခံစာ စုံစွာရယူ၏။ ရေမြေခြားတွင် သုံးရန်ဖြစ်သည့်အတွက် ဘာသာပြန်ရ၏။ နိုထရီလုပ်ရ၏။ နိုင်ငံသားကတ်ပြား၊ အိမ်ထောင်စု စာရင်းတို့လည်း အတူတူပင်။

မူရင်း၊ မိတ္တူ၊ နိုထရီစုံလင်ပြီဖြစ်သော် ပလတ်စတစ်အိတ် တစ်လုံးတွင် စုရုံးကာထည့်၏။ စုံပြီတကား စရုံသာ ရှိချေတော့သည်။

( ၇ )

အရေးကြီးဆုံးကို အရင်ဆုံးစလုပ်ဟု လူကြီးသူမများ ဆိုစကားရှိ၏။ လူကြီးစကားဆိုလျှင် မှားမှားမှန်မှန် နားထောင်သည့် အကျင့် သန္ဓေတည်ခဲ့ပြီ ဖြစ်သည့်အားလျော်စွာ တစ်နာရီခရီး လေယာဉ်စီးခဲ့ပြီးသကာလ တည်းခိုရာအခန်းတွင် ခရီးဆောင်အိတ်ချကာ ပလတ်စတစ်ထုပ်ပိုက်ပြီး သွားနေကျ ကုန်တိုက်ကြီးအရောက် ခရီးနှင်ခဲ့၏။

ကုန်တိုက်ကြီး ရောက်ပြီဆိုသည်နှင့် ဖုန်းကုမ္ပဏီကြီး၏ ၀န်ဆောင်မှုရုံးခန်းကို ချီတက်၏။ ယခင်ဆင်းမ်ကတ်ကြီးကို ဆင်းမ်ကတ်ငယ်နှင့် ဤရုံးခန်းတွင်ပင် လဲခဲ့ဖူးသည်ဖြစ်ရာ တန်းတန်းမတ်မတ် ချောချောမောမော ရောက်ခဲ့၏။ အ၀င်ဝမှ ကလေးမက မျက်နှာထားချိုသာ ပြုံးရွှင်စွာနှင့် နှုတ်ခွန်းဆက်၏။

"မင်္ဂလာပါရှင်၊ ဘာများဆောင်ရွက် ပေးရပါမလဲရှင်"

ဆင်းမ်ကတ်ပျောက်ကိစ္စ တင်ပြလိုက်သည်တွင် ဖုန်းနံပါတ်မေးပြီး စက်ထဲမှ တိုကင်စာရွက်ထုတ်ပေး၏။ B 54 ကောင်တာတွင် B 53 ကို ၀န်ဆောင်မှုပေးနေ၏။ ကွမ်းတစ်ညက် ကြာအောင်ပင် မစောင့်လိုက်ရ။ မိမိအလှည့် ရောက်ချေ၏။

( ၈ )

ကောင်တာရှေ့တွင်ရပ်၏။ မင်္ဂလာပါရှင်ဟု ချိုလွင်သော အသံနှင့် ပြုံးရွှင်စွာ နှုတ်ခွန်းဆက်လာသည့် မိန်းကလေးကို တိုကင်စာရွက် လှမ်းပေးလိုက်သည်။

"ဆင်းမ်ကတ်ပျောက်သွားတယ်ဟုတ်" ဟူသောအမေးကို ခေါင်းညိတ်ဖြေပြီးသကာလ မူရင်း၊ မိတ္တူ၊ နိုထရီအစုံအညီ ပါဝင်သည့် ပလတ်စတစ် အိတ်ကြီးကို ထုတ်ပြ၏။ အဲဒါဘာတွေလဲဟုမေးရာ ဖြေသည့်ခဏတွင် ကုမ္ပဏီမမ၏ မျက်နှာမှ အပြုံးလှလှကို မြင်ရ၏။ လက်ကာပြ၏။ ပလတ်စတစ်အိတ်ကြီးကို တို့ပင် မတို့ချေ။

ယခင်ဆင်းမ်ကတ် အ၀ယ်ကို ဤနေရာမှာပင် ထုတ်ခဲ့သည်ဖြစ်ရာ ဖုန်းနံပါတ်နှင့်တွဲ၍ အမည်၊ နိုင်ငံကူးလက်မှတ်တို့ အမှတ်တို့ မှတ်တမ်းတွင် ရှိနှင့်ပြီးဖြစ်၏။ ကွန်ပျူတာ ခလုတ်များကို ချောက်ချောက်ချက်ချက်နှိပ်၏။ နိုင်ငံကူးလက်မှတ်ကို ခေတ္တတောင်းကြည့်ပြီး ပြန်ပေး၏။ ဆင်းမ်ကတ်အသစ် ထုတ်ပေး၏။ မြန်လှဘိတကား။

ကျေးဇူးစကားဆိုပြီး သကာလ အလုပ်ချိန်အပြီးတွင် တစ်ခုခုကျွေးမွေး ပြုစုပါရစေဟု ဖိတ်မန္တကပြု၏။ ကျေးဇူးတင်ပါကြောင်း၊ အလုပ်နှင့် ပတ်သက်သူများ ကျွေးမွေးပေးကမ်းသည်ကို လက်ခံခြင်း မပြုရဟူ၍ စည်းကမ်းရှိပါကြောင်း မြန်မာပြည်ကဖြစ်၍ စိတ်ဝင်စားပါကြောင်းနှင့် သူကပင် ကော်ဖီတိုက်ပါရစေဟု ဆိုင်နှင့်နေရာ၊ အချိန်ပြော၏။

( ၉ )

ကောင်တာမှ ထွက်ပြီးသည်နှင့် မြန်မာပြည်သို့ ဖုန်းဆက်ကာ မီးဖိုချောင်ဝန်ကြီးထံ သတင်းပို့၏။ ၀န်ကြီးလည်း တအံ့တသြ ဖြစ်နေ၏။ ဆင်းမ်ကတ်ပြန်တွေ့တာ မဟုတ်လားဟု မယုံသင်္ကာ စကားဆို၏။ အလုံးစုံ အသေးစိတ် ရှင်းပြသောအခါ လက်ခံ၏။ ရင်သပ်ရှုမောဖြစ်၏။ မယုံနိုင်ဖွယ်ရာကြီး ပါတကားဟု မြည်တမ်း၏။

( ၁၀ )

ပြီးသော် ဟိုနားငေးကြည့်၊ ဒီနားငေးကြည့်နှင့် Window Shopping လုပ်၏။ ပုဂ္ဂိုလ်ကြီးတစ်ပါး ပြောဖူးသည့် "သူများနိုင်ငံက ကုန်တိုက်ကြီးတွေမှာ ဈေးဝယ်ထွက်တာများကွာ ပြတင်းတံခါးတွေ ၀ယ်ရတယ်လို့ အံ့ပါရဲ့" ဟူသောစကားကို ကြားယောင်ပြီးပြုံးမိ၏။

အချိန်ရောက်သော် ကော်ဖီဆိုင်သို့ ချီတက်၏။ ကုမ္ပဏီမမနှင့် သူမ၏ ကိုကိုတို့ တည်ခင်းသော ကော်ဖီသောက်၏။ မုန့်စား၏။ စကားများပြောကြ၏။

တစ်ရံရောအခါက မြန်မာပြည်မှ ဆင်းမ်ကတ်ဖိုးသည် သူတို့တိုင်းပြည်တွင် ကားတစ်စီး ၀ယ်နိုင်ကြောင်း သိရသည့်အခါ အံ့သြခြင်းကြီးစွာ ဖြစ်ကြ၏။ အခုရောဟု အမေးကို ဖြေသည့်အခါ ပြုံးတုံ့တုံ့ဖြစ်ကြ၏။ ကုန်တိုက်အတွင်း လမင်းမသာသည့်တိုင် မမနှင့် ကိုကိုတို့ ပြုံးတုံ့လှယ်ကြ၏။

ဖုန်းနဲ့ အင်တာနက်သုံးပြီး အ၀ိုင်းလေး နှိပ်စက်လို့ အ၀ိုင်းလေးစားသွားလို့ မုန့်ဖိုးတွေပါသွားသော ကျောင်းသား၊ ကျောင်းသူများအကြောင်း ပြောပြ၏။ အ၀ိုင်းလည်တာရပ်ပြီး အင်တာနက် စာမျက်နှာ တက်လာတာ စောင့်ရင်း ဂါထာရွတ်ရာက အကြားအမြင် ရသွားကြောင်းပြောရာ တကယ်လားဟု စိတ်ဝင်တစား စောကြောမှုပြု၏။

ဖုန်းကုမ္ပဏီမှ ကိုကို၊ မမတို့ကို ဖုန်းအကြောင်း ပြောပြသည်နှင့်ပင် အချိန်ကုန်လေ၏။
Eleven Media Group

မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှု ၁ သန်း တိုးလာ


မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်မှု အရည်အတွက် ၁ သန်းလောက် တိုးလာပြီး ဒီလုပ်ငန်းကရတဲ့ ၀င်ငွေဟာလည်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးတိုးလာတယ်လို့ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု ၂၀၁၂ ခုနှစ်မှာ ၁၀၅၈၉၉၅ ဦးရှိရာမှ ၂၀၁၃ ခုနှစ်မှာ စုစုပေါင်း ၂၀၄၄၃၀၇ ဦး ဝင်ရောက်ခဲ့တဲ့အတွက် ၁ သန်းခန့် ပိုမို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ခရီးသည် ဝင်ရောက်မှု တိုးလာတာနဲ့အမျှ ဝင်ငွေ ရရှိမှုဟာလည်း ၂၀၁၂ ခုနှစ်မှာ အမေရိ ကန်ဒေါ်လာ ၅၃၄ သန်းရှိရာက ၂၀၁၃ ခုနှစ်မှာ ၉၂၆ သန်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဟိုတယ်နဲ့ တည်းခိုရိပ်သာလုပ်ငန်းတွေလည်း ၂၀၁၂ ခုနှစ်မှာ ၇၈၇ လုံးရှိရာမှ ၂၀၁၃ ခုနှစ်မှာ ၉၂၃ လုံးထိ တိုးတက်လာတယ်လို့ဆိုပါတယ်။

ဒီဟိုတယ်တွေထဲမှာ ကြယ်အဆင့် သတ်မှတ်ချက်အရ ကြယ် ၅ ပွင့် ဟိုတယ် ၆ လုံး၊ ကြယ် ၄ ပွင့် ဟိုတယ် ၁၇ လုံး၊ ကြယ် ၃ ပွင့် ဟိုတယ် ၈၃ လုံး၊ ကြယ် ၂ ပွင့် ဟိုတယ် ၁၁၆ လုံးနဲ့ ကျန်တာတွေကတော့ ကြယ် ပွင့် ဟိုတယ် နဲ့ အဆင့်နိမ့်ဟိုတယ်တွေက အများစု ဖြစ်ပါတယ်။

DVB Burmese

မြန်မာ့ဆက်သွယ်ရေး ဂျပန်ဆက်သွယ်ရေးနဲ့ ပူးပေါင်းမည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ လက်ရှိ တင်ဒါအောင်ထားတဲ့ နိုင်ငံတကာ အော်ပရေ တာတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် နာမည်ကြီး ဂျပန် ဆက်သွယ်ရေးကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး အဆင့်မြှင့်တင် လုပ်ကိုင်သွားမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောပါတယ်။

ဧပြီ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ နော်ဝေအခြေစိုက် တယ်လီနော့ကုမ္ပဏီရဲ့ ဒေတာစင်တာ တည်ဆောက်ခြင်း ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးက ဂျပန်ကုမ္ပဏီရဲ့ နာမည်ကို ထုတ်ဖော် ပြောဆိုခြင်း မပြုပေမယ့် ဂျပန် အန်တီတီကုမ္ပဏီ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

လက်ရှိ အနေအထားအရ တင်ဒါအောင်ထားတဲ့ တယ်လီနောကုမ္ပဏီဟာ ဧပြီ ၇ ရက်နေ့က Video Calling စနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး အော်ရီဒူးကလည်း နိုင်ငံတ၀ှမ်း တာဝါတိုင်တွေ စိုက်ထူနေပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ မကြာမီ အော်ပရေတာလုပ်ငန်း လုပ်ကိုင်တော့မယ့် ရတနာပုံ တယ်လီပို့စ်မှာလည်း အစုရှယ်ယာ ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

DVB Burmese

အကြောသေနေတဲ့လူက စက်ရုပ်ဝတ်စုံ ကို ၀တ်ဆင်ပြီး ဘောလုံးကန်၍ ကမ္ဘာ့ဖလား ဖွင့်ပွဲကို ဖွင့်လှစ်ပေးမည်


ကမ္ဘာ့ဖလား ဖွင့်ပွဲ ဟာ တစ်ကမ္ဘာလုံး က စောင့်ကြည့်ရတဲ့ ရင်ခုန် စိတ်လှုပ်ရှားစရာ ပွဲတစ်ခုဖြစ်ပါတယ်။ အိမ်ရှင် ဘရာဇီး နိုင်ငံက အကြောသေနေတဲ့ ဝေဒနာရှင် တစ်ယောက်က စက်ရုပ်ဝတ်စုံ ကို ၀တ်ဆင်ပြီး ဘောလုံးကန်၍ ဇွန်လမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဖွင့်ပွဲ ကို ဖွင့်လှစ်ပေးမယ်လို့ သိရပါတယ်။
စက်ရုပ် ၀တ်စုံ ကို ပေါ့ပါးတဲ့ သတ္တုများ နဲ့ ပြုလုပ်ထားမှာ ဖြစ်ပြီး Hydraulics က မောင်းနှင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ လမ်းလျှောက် စက်ရုပ်ဝတ်စုံ ဟာ တစ်နေ့မှာ Wheelchair အသုံးပြုမှု တွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။
Duke University မှ Professor ဖြစ်သူ Miguel Nicolelis က အကြောသေ ဝေဒနာရှင်များအတွက် စက်ရုပ်ဝတ်စုံ ကို တီထွင်ဖို့ တက္ကသိုလ်ပေါင်းစုံ နဲ့ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ သုတေသန စီမံကိန်း တစ်ခု ကို ဦးစီးနေပါတယ်။ သူတို့ရဲ့ နည်းပညာ ဟာ ၀တ်ဆင်သူကို သက်တောင့်သက်သာ ရှိစေမှာ ဖြစ်ပြီး စက်ရုပ်မဆန်ဘဲ သာမာန်လူအတိုင်းလှုပ်ရှားသွားလာနိုင်မှာ ဖြစ်တယ်လို့ Nicolelis က ပြောပါတယ်။
Nicolelis က စက်ရုပ်ဝတ်စုံ ကို ၀တ်ဆင်အသုံးပြုတတ်ဖို့ ဘရာဇီး မှ အသက် ၂၀ မှ ၄၀ ကြားမှာ ရှိတဲ့ အကြောသေ ဝေဒနာရှင်များ ကို လေ့ကျင့်ပေးနေပါတယ်။ ဝေဒနာရှင်ထဲမှ သုံးယောက် က ဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်ပြီး တစ်ယောက် က စက်ရုပ်ဝတ်စုံ ကို ၀တ်ဆင်ပြီး လမ်းလျှောက်သရုပ်ပြမှာဖြစ်ပါတယ်။
လမ်းလျှောက်စက်ရုပ်ဝတ်စုံ ဟာ ၀တ်ဆင်သူရဲ့ ဦးနှောက် မှ လှိုင်းများ ကို ဖမ်းယူပေးနိုင်ဖို့ Electrodes များနဲ့ တည်ဆောက်ထားတဲ့ ဦးထုပ် နဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ ဦးထုပ် နဲ့ ၀တ်စုံ ဟာ ဦးနှောက် ရဲ့ အချက်ပေးမှုများ ကို ဘာသာပြန်ပေးပြီး လှုပ်ရှားမှု ကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ၀တ်ဆင်သူ ဟာ သာမာန်လူသားတွေ အတိုင်းလှုပ်ရှားမှုများ ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု မှာ ကျောရိုး ထိခိုက်မှုကြောင့် အကြောသေ နေတဲ့ ဝေဒနာရှင် ၂၇၃၀၀၀ ရှိတယ်လို့ ၂၀၁၃ ခုနှစ် က စစ်တမ်း အရ သိရပါတယ်။ အဲဒီ ဝေဒနာရှင် တွေ ဟာ အနာဂတ် မှာ လမ်းလျှောက်နိုင်မှာ ဖြစ်သလို ဘောလုံးတောင်ကန်နိုင်တော့မှာ ဖြစ်ပါတယ်။
=======================
သူရ
Myanmar Digital Life Journal

ရဲတိုက် ထောင် ၆ နှစ် ကျခြင်း နဲ့ အဆိုတော် ရန်ရန်ချန်းရဲ့အားပေးချက်



သရုပ်ဆောင်ရဲတိုက် မူးယစ်ဆေးမှုနဲ့ ထောင် ၆ နှစ် ချခံရကြောာင်းသတင်းကို ဒီကနေ့ထုတ် သတင်းစာ အများအပြားမှာ တွေ့ရပါတယ်။
အွန်လိုင်းမှာ ၂ ရက် ဆက်တိုက် လူပြောများနေတဲ့အကြောင်းအရာတွေထဲမှာလည်း ဒီသတင်းက ထိပ်ဆုံးနားမှာ ရှိနေတာပါ။
အခုလေးတင် အဆိုတော် ရန်ရန်ချန်းက သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ စာကြောင်းတကြောင်း ချရေးလိုက်ပါတယ် - ရဲတိုက် ပြန် ထွက် လာ ရင် အရင် လို ပဲ အားပေးမယ် . . . သ ဘော တူ လားps:ဘာကြောင်းပြချက် မှမရှိဘူး ကိုယ် ချင်းစာ လို့  ဆိုပြီး ရေးထားတာပါ။
သူ့ရေးသားချက်ကို တနာရီဝန်းကျင်အတွင်း Like လုပ်သူ တထောင် ကျော်သွားတာ တွေ့ရပါတယ်။
ဖေ့စ်ဘုတ်သုံးသူ ရုပ်ရှင် ဂီတ အထင်ကရ တချို့က ရဲတိုက်ရဲ့ ဖြစ်ရပ်ကို စာနာကြောင်း၊ ၆ နှစ် ချလိုက်တာကို အံ့သြကြောင်း၊ သဘောမတူကြောင်း စတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့ မှတ်ချက်တွေ ပေးနေတာ တွေ့ရပါတယ်။
ဒါကတော့ အဆိုတော် ရန်ရန်ချန်း ဖေ့စ်ဘုတ်စာမျက် နှာမြင် ကွင်း တစိတ် တဒေသ ဖြစ်ပါတယ်။
ဧရာဝတီ

တမူးတွင် တရုတ်နိုင်ငံလုပ် လက်လုပ်ဗုံးတစ်လုံးတွေ့ရှိ


ဖိုးစိုးသူ

ရန်ကုန်၊ မဇ္ဈိမ။ ။ တမူးမြို့နယ် နန့်ဖာလုံနယ်မြေဈေးအနီး မြို့မ ၁၃ရပ်ကွက်တွင် တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးတစ်လုံးကို ဧပြီလ ၇ရက် နံနက် ၁၁နာရီခန့်က တွေ့ရှိခဲ့သည်ဟု တမူးမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က မဇ္ဈိမကိုပြောသည်။

အဆိုပါလက်ပစ်ဗုံးသည် စနတ်တံဖြုတ်ကာ ပစ်ထားခဲ့သော ဗုံးဖြစ်ပြီး ပေါက်ကွဲမှုမဖြစ်မီ စစ်တပ်မှ စစ်ရေးကျွမ်းသူများက ထိန်းချူပ်ထားနိုင်ခဲ့သည်။ ထိုလက်ပစ်ဗုံးကို နယ်လှည့်ကင်းအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက စတင်တွေ့ရှိခဲ့ခြင်ဖြစ်ပြီး တရုတ်နိုင်ငံထုတ် ၉၁ အမျိုးအစားဖြစ်သည်ဟု တာဝန်ရှိသူများကပြောသည်။

" ပစ်သွားတဲ့ဗုံးကို ဘယ်အဖွဲ့အစည်းတွေကလဲဆိုတာ စုံစမ်းနေတယ်။ လက်ရှိလုံးခြုံရေးကိုတော့ ၂၄ နာရီတာဝန်ယူထားပြီး ဆောင်ရွက်နေတယ်။ လုံခြုံရေးအင်းအား ဘယ်လောက် တာဝန်ယူပေးနေတယ် ဆိုတာပြောလို့မရဘူး"ဟု တမူးမြို့နယ် ရဲစခန်းမှ တပ်ကြပ်ကြီး ဦးသိန်းဦးက ပြောသည်။

တွေ့ရှိထားသည့်လက်ပစ်ဗုံးကို တမှုးခရိုင် အမှတ် (၃၄၇ )တပ်ရင်းက ထိန်းသိမ်းထားပြီး တရားခံဖမ်းမိနိုင်ရန် စုံးစမ်းစစ်ဆေးနေဆဲဟု တပ်ကြပ်ကြီးကဆိုသည်။

တမူးမြို့နယ်တွင် ၂၀၁၃ခုနှစ်ကလည်း ဗုံးတစ်လုံး တွေ့ခဲ့ပြီး အဆိုပါဗုံးကို ကလေးငယ်နှစ်ဦးက ဆော့ကစားမိရာမှ ပေါက်ကွဲခဲ့ပြီး တစ်ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့သည်ဟု တမူးလူငယ်များကွန်ယက် အဖွဲ့ဝင် ကိုရင်ဦးကိုက သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

Mizzima Burmese 

နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ့် မြန်မာစွမ်းအင်ကုမ္ပဏီ စာရင်းကြေညာ


စွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာ့ကမ်းနီး၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် ၂၀ အတွက် တင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ စာရင်း ကြေညာပြီး သိပ်မကြာခင် အဲဒီ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်မယ့် မြန်မာကုမ္ပဏီ ၈ ခု စာရင်း ထုတ်ပြန် ကြေညာပါတယ်။

အဲဒီကုမ္ပဏီတွေထဲမှာ မြန်မာနိုင်ငံထဲက နာမည်ကြီး သူဌေးကြီးတယောက်ဖြစ်တဲ့ ဦးမိုးမြင့် ရဲ့ ပက်ထရိုလီယံ အီးအင်န်ပီ ကုမ္ပဏီ၊ ဦးကျော်ကျော်လှိုင်ရဲ့ စမတ် အီးအင်န်ပီ အင်တာနေရှင်နယ် ကုမ္ပဏီ၊ အေ၀မ်း မိုင်းနင်းကုမ္ပဏီနဲ့ ပါရမီ စွမ်းအင်ဖွံ့ဖြိုးရေး ကုမ္ပဏီတွေ ပါဝင်ပါတယ်။

စွမ်းအင်ဝန်ကြီးဌာနက တင်ဒါပေးလိုက်တဲ့ လုပ်ကွက် ၂၀ အနက် ကမ်းဝေး လုပ်ကွက်တွေကို နိုင်ငံခြားကုမ္ပဏီတွေပဲ သီးခြား လုပ်ကိုင်ခွင့်ရှိပေမယ့် ကမ်းနီးလုပ်ကွက်တွေ အတွက်ကိုတော့ မြန်မာနိုင်ငံသားကုမ္ပဏီတွေနဲ့ ဖက်စပ် ပူးပေါင်း လုပ်ကိုင်ကြဖို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

DVB TV News 

သံလွင်အနောက်ခြမ်း မိုင်းပန်မြို့နယ်အတွင်း UWSA နှင့် RCSS တို့ ဆက်တိုက် တိုက်ပွဲဖြစ်


ဧပြီ ၇ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် (သံလွင်အနောက်ခြမ်း) အတွင်း ဝင်ရောက်လှုပ်ရှားသွားလာ သည့် ၀ တပ်ဖွဲ့ နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသတွင်း သတင်းရပ်ကွက်က ပြောသည်။

မတ်လဆန်းပိုင်းကတည်းက သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် သံလွင်မြစ်အနောက်ဘက်ခြမ်း ဟိုပန် ဟိုခိန်းဒေသ (သံလွင်မြစ် စက်တော် ဟန်းဟုန့်ကူးတို့ဆိပ် နှင့် မျက်နှာချင်းဆိုင်) ရှိ ရွှေကျင် လုပ်ငန်းအား လုံခြုံရေးယူပေးရန် သွားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသလက်အောက် ခံတပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်။

ထိုစဉ်ကတည်းက ဧပြီ ၆ ရက်နေ့အထိ တပ်အင်အားအပြိုင်ဖြည့်ကာ အထပ်ထပ် ဝိုင်းရံ ပိတ်ဆို့ကြပြီး တိုက်ပွဲများလည်း ပြင်းထန်နေဆဲဖြစ်ပါသည်။

“သူတို့က သံလွင်အရှေ့ ခြမ်းမှာဘဲ လှုပ်ရှားတာလေ။ အခုသံလွင်အနောက်ခြမ်းအထိလာပြီး ရွှေကျင် တယ်။ သစ်တွေခုတ်တယ်။ ပြဿနာမကြီးရအောင် အစိုးရ ဘက်ကိုကော၊ UWSA ဘက်ကိုရော အကြောင်းကြားထားတယ်။ လတ်တလောအခြေအနေကတော့ တပ်အင်အားအပြိုင်ဖြည့်နေတယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသအတွင်း RCSS အရာရှိတဦးကပြောသည်။

“အဖွဲ့ရဲ့ ရွှေကျင်လုပ်ငန်းကို လုံခြုံရေးယူဖို့သွားတာပါ၊ သံလွင်အနောက် ဘက်ခြမ်း မြစ်ကမ်းပေါ်မှာဘဲ။ တပ်စခန်းကြီး တည်ဆောက်တာလည်းမရှိပါဘူး၊ RCSS ဘက်က အရင်လာတိုက်လို့ ကျနော်တို့လည်း ပြန်ချရတာပေါ့” - ဟု ၀ အရာရှိတဦးကလည်းပြောသည်။

ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် မိုင်းကျွတ်ဘက်မှ ဝ တပ်များလည်း ယမန်နေ့က စစ်ကား ၁၀ စီး ထက်မနည်း လူသူလက်နက်များ ထပ်မံပို့ဆောင်သည်ဟု သိရသည်။

၁၉၉၀ နှောင်းပိုင်းက သံလွင်အရှေ့ခြမ်း တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင် ထိုင်းနယ်စပ်တလျှောက် နယ်မြေများအား ခွန်ဆာဦးဆောင်သည့် MTA တပ်ဖွဲ့ထံမှ တိုက်ယူနိုင်သမျှ အပိုင်ပေးမည်ဟု န၀တ (ဒု)စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမောင်အေးက ကတိပေးပြောကြားခဲ့သောကြောင့် တရုတ်နယ်စပ်နေ ဝ တပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် တောင်ဘက်ပိုင်းသို့ ဆင်း၍အခြေချနေထိုင်ခဲ့သည်။ ၁၉၉၆ MTA တပ်ဖွဲ့ မြန်မာစစ်တပ်ထံ လက်နက်ချလိုက်သောကြောင့် MTA တပ်စခန်းနေရာအား
ဝ တပ်ဖွဲ့က ဝင်ရောက် နေရာယူခဲ့သည်။ ထို့နောက်ပိုင်း ဝ စစ်သည်များ၊ မိသားစုများ တသိန်း ထက်မနည်း ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့အခြေချကာ တောင်ပိုင်း ၀ နယ်နှင့် မြောက်ပိုင်း ၀ နယ်တို့ တွဲ၍ ပြည်နယ်သတ်မှတ်ပေးရန် မြန်မာအစိုးရထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့များ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် အစိုးရဖိအားပေးလာချိန် ဝ တပ်ဖွဲ့က လက်မခံသောကြောင့် မြောက်ပိုင်း ၀ နယ် သို့ တပ်ရုပ်ပြန်ရန် အစိုးရက အကြိမ်ကြိမ်ပြန်လည်ညွှန်ကြားခဲ့သော်လည်း ယနေ့တိုင် အထမမြောက်ခဲ့ပေ။

RCSS/SSA မှာမူ MTA လက်နက်ချစဉ် (ထိုစဉ်) ဒုဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သည့် စစ်ကြောင်းက ပါဝင်လက်နက်ချခြင်းမရှိပဲ ကျန်ရှိလူအင်အားစုဆောင်းကာ သျှမ်းပြည်တပ်မတော် SSA (တောင်) အမည်ဖြင့် ထိုင်းနယ်စပ် လွယ်တိုင်းလျဲန်း၌ အခြေချနေထိုင်သည်။ ၂၀၀၁ - ၂၀၀၂ နှင့် ၂၀၀၅ က လည်း လွယ်တိုင်းလျဲန်းဌာနချုပ်အား ဝ တပ်ဖွဲ့ နှင့် မြန်မာတပ်တို့ ပူးပေါင်းပြီး အပြင်းအထန် တိုက် ခိုက်ခဲ့ပါသည်။

လက်ရှိမှာမူ ဝ တပ်ဖွဲ့ UWSA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA မှာ ဦးသိန်းစိန်အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များဖြစ်ကြသည်။

သျှမ်းသံတော်ဆင့်

တောင်ကြီးမြို့ မြို့မဈေးကြီးတွင် လက်သည်မပေါ်သော လူသတ်မှုဖြစ်ပွား


ဧပြီလ ၇ ရက် ၂၀၁၄

တောင်ကြီးမြို့၊ မြို့မဈေးကြီး ၊ ဒုတိယထပ် ဆိုင်အမှတ်(E)/42 ငြိမ်းရွက်လှေ ပန်းကန်ဆိုင်မှ အသက်(၅၂) အရွယ် ဆိုင်ပိုင်ရှင် ဒေါ်စိန်စိန်အား အကြောင်းမသိ ဓါးထိုးသတ်မှုဖြစ်ပွါးခဲ့ပါသည်။

ဧပြီလ (၅) ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့် ဈေးပိတ်ချိန်တွင် အသတ်ခံရ ခြင်းဖြစ်ပြီး အိမ်ပြန်ချိန်တွင် အိမ်ပြန်မရောက်သဖြင့် အသတ်ခံရသူဒေါ်စိန်စိန်၏ အမဖြစ်သူက ဈေးစောင့် ၊စည်ပင်ဝန်ထမ်း တို့နှင့်အတူ ဈေးဆိုင်ခန်းသို့လိုက်ကြည့်ရာ ဓါးထိုးမှုဒဏ်ရာတို့ဖြင့် ဆိုင်ခန်းအတွင်း သေဆုံးနေသည်ကို တွေ့ရကြောင်း ၄င်းတို့နှင့် နီးစပ်သူများကပြောသည်။

‘ရန်ငြိုးတွေလည်းမရှိပါဘူး။ ဆိုင်က၀န်ထမ်းတွေနဲ့လည်း အဆင်ပြေနေပါတယ်။ ဘာကြောင့်လဲဘယ်သူ သတ် သလဲ ခုထိမသိဘူး၊ စစ်ဆေးပေးဖို့အတွက်တော့ ရဲတွေဆက်လက်စုံစမ်းပေးနေဆဲဘဲ´ ဟုအမျိုးတော်စပ် သူ တဦး ကပြောသည်။

ကန်အောက်ရပ်၊ ချယ်ရီလမ်းနေ(သေဆုံးသူ) ဒေါ်စိန်စိန်သည် ဈေးပိတ်ချိန်တွင်နေအိမ်သို့ပြန်ရောက်မလာ သည့်အတွက် ၄င်း၏အစ်မဖြစ်သူသည် သွားကြည့်ရာ ဒေါ်စိန်စိန်သည် ၀ဲဘက်လက်ဖျံ ပြတ်ရှဒဏ်ရာ(၂) ချက်၊ ယာဘက် လက်ပြတ်ရှဒဏ်ရာ (၁)ချက် ၊၀ဲယာ ရင်ဘတ်ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေကြောင်း၊ မည်သည့် လက်နက်ဖြင့် အသုံးပြုခဲ့သည်ကို သက်ဆိုင်ရာမှ အတည်ပြုချက်မရသေးကြောင်း ၄င်း၏အသိုင်းအ၀ိုင်း များထံ မှသိရပါသည်။

သေဆုံးသူ၏အစ်မတော်စပ်သူမှ တရားလိုပြုတိုင်တန်းကာ တောင်ကြီးမြို့မရဲစခန်းတွင် (ပ)၉၇ / ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်လှစ်ထားကြောင်းနှင့် တရားခံ ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းမှုများပြု လုပ် လျက်ရှိကြောင်းသိရှိရပါသည်။

ယိင်းတိုင်း

သျှမ်းသံတော်ဆင့်

မတ်လအတွင်း မှုခင်းငါးမျိုးဖြစ်ပွားမှု ၂၄၉၇ မှုရှိ ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးဖြစ်ပွား


နေပြည်တော် ဧပြီ ၇

မြန်မာနိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် မတ်လအတွင်း အများဆုံးဖြစ်ပွားခဲ့သည့် မှုခင်းငါးမျိုး၏ စာရင်းဇယား များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်အရ လွန်ခဲ့သည့် မတ်လအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ဖြစ်ပွားမှုအများဆုံး မှုခင်း ငါးမျိုးမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု ငါးမျိုး၊ နာကျင်(ရိုးရိုး)နှင့် ယာဉ် တိုက်မှုတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ မှုခင်းငါးမျိုးဖြစ်ပွားခဲ့သည့် စုစုပေါင်းအရေအတွက်မှာ ၂၄၉၇ မှုရှိသည်။ ယင်းမှုခင်း ငါးမျိုးတွင် ယာဉ် တိုက်မှု အများဆုံးဖြစ်ပွားပြီး ဖြစ်ပွားမှု
စုစုပေါင်း ၁၃၁၀ ရှိခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်း ရင်းများမှာ မဆင်မခြင်မောင်းနှင်ခြင်း၊ မူးယစ်သောက်စား မောင်းနှင်ခြင်း၊ မီးပွိုင့်အချက်ပြမီးများကို သတိမမူဘဲ မောင်းနှင်ကြခြင်းကြောင့် လည်း
ကောင်း၊ သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်ကြသောကြောင့်လည်း ကောင်း အများဆုံးဖြစ်ပွားရကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်း နာကျင်မှု(ရိုးရိုး)ဖြစ်ပွားမှု အရေအတွက်မှာ ၅၇၆ မှုထိရှိခဲ့ပြီး ဒုတိယနေရာမှ လိုက်နေ သည်။ လူငယ်အချင်းချင်းစနောက်ရာမှ စကားများရန်ဖြစ်ကြ ခြင်းကြောင့် လည်းကောင်း၊ လုပ်ငန်း
ခွင်အတွင်း မတော်တဆထိခိုက်မိရာမှလည်းကောင်းဖြစ်ပွားသည်ဟု ဆိုသည်။
ယင်းနောက်တွင် ဖြစ်ပွားမှုစုစုပေါင်း ၄၁၄ မှုရှိသည့် ခိုးမှု ငါးမျိုးက တတိယနေရာမှ လိုက်နေသည်။ မုဒိမ်းမှုဖြစ်ပွားသည့် အရေအတွက်မှာ၇၄ မှုရှိခဲ့ပြီး လွန်ခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း လစဉ်ပျမ်းမျှ မုဒိမ်းမှု ၁၅ မှုသာဖြစ်ပွားခဲ့သည်နှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားမှုပိုများလာခဲ့သည်။မုဒိမ်းမှု ဖြစ်ပွားမှုအရေအတွက်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ချင်းပြည် နယ်တို့တွင် ဖြစ်ပွားမှုမရှိပေ။

ကယားပြည်နယ်တွင် ယခင်လအတွင်းက လူသတ်မှုဖြစ်ပွားမှု လုံးဝမရှိဘဲ ချင်းပြည်နယ်တွင် လူသတ်မှု တစ်မှုသာဖြစ်ပွားခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လူသတ်မှု နှစ်မှုသာဖြစ်ပွားခဲ့သည်။ နေပြည်တော်၊ တိုင်းဒေကြီး / ပြည်နယ်များအလိုက်လူသတ်မှုဖြစ်ပွားသည့် အရေအတွက် စုစုပေါင်း ၁၂၃ မှုရှိခဲ့သည်။ လွန်ခဲ့ သည့် ၁၀ နှစ်တာ ကာလအတွင်း လစဉ်ဖြစ်ပွားခဲ့သည့် ပျမ်းမျှလူသတ်မှုအရေအတွက်မှာ ၁၀ မှုသာရှိခဲ့သည်။

အဆိုပါမှုခင်း ငါးမျိုးဖြစ်ပွားမှုအများဆုံးဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး စုစုပေါင်း ၆၄၅ မှု ဖြစ်ပွားခဲ့သည်။ ယင်းနောက်တွင်ဖြစ်ပွားမှုစုစုပေါင်း ၂၉၈ မှုရှိသည့် မန္တလေးတိုင်းဒေသကြီးက ဒုတိယ နေရာတွင်ရှိနေသည်။ ချင်းပြည်နယ်သည် မှုခင်း ငါးမျိုးဖြစ်ပွားမှု ရှစ်မှုသာရှိပြီး မတ်လ၏မှုခင်းဖြစ်ပွားမှု အနည်း ဆုံးဒေသဖြစ်သည်။

MOI Webportal Myanmar

လာမယ့်နှစ်သစ်မှာ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲရှိမယ်- ဆရာဇေယျာကို


အခု လာမယ် ဧပြီ ၁၇ ရက်နေ့ဟာ မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်ကို စတင်ကူးပြောင်းပြီ ဖြစ်ပါတယ်။

မြန်မာ သက္ကရာဇ် ၁၃၇၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အခြေအနေတွေ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။

မြန်မာနိုင်ငံရဲ့ ကံဇာတာ အခြေအနေကို မြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့က အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုရဲ့ တွက်ချက် ဟောပြောချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

အသံဖိုင် နားဆင်ရန်


By ကို​ထွေး​(ဒီဗွီဘီ)

ကျွန်ုပ်တို့တီဖြစ်ခဲ့ကြောင်း သက်သေပြနိုင်ကြပြီ


နှစ်ဆယ့်တစ်ရာစုသို့တိုင် ကျွန်ုပ်တို့ လူသားများ ချင်းနင်းဝင် ရောက်နိုင်ခဲ့ လင့်ကစား လူသား မျိုးနွယ်၏ မူလဘူတဟူသည် မည်သည်ကဟု တိတိပပမဆိုနိုင် ခဲ့ကြသလို သမိုင်းအထောက် အထားများ၊ ကျမ်းဂန်စာပေများ၊ ဒဏ္ဍာရီပုံပြင်များ၊ ဘာသာရေး အမြင်နှင့် သုတေသီမှတ်ချက်များ ကလည်း အများ ယုံကြည်လက်ခံ နိုင်လောက်သည့် အဆင့်သို့ မပံ့ပိုး နိုင်သေးပေ။

ဒါဝင်က လူသည်မျောက်မှ ဆင်းသက်လာသည်ဟူသည်တဲ့။ တချို့ကလည်း ဧဒင်ဥယျာဉ်ထဲမှာ ပန်းသီးတစ်လုံး ဝေမျှစားခဲ့ကြ သော အာဒံနှင့်ဧဝမှ စသည်တဲ့။  ဗြဟ္မဏအယူအဆကျပြန်တော့ လည်း ကမ္ဘာကြီးအစ မြေဆီမြေ နှစ်တွေစားသုံးသော ဗြဟ္မာကြီး လေးပါးကတဲ့။ နောက်တစ်မျိုးကျ ပြန်တော့လည်း ကမ္ဘာပျက်သုဉ်း ချိန်တွင် နောဧသင်္ဘောပေါ်၌ ကျန်ရစ်ခဲ့ကြသော လူသားမျိုး ဆက်တွေက စသည်ဆိုလား.. ။ ထိုထိုလားလားများအနက်မှ သင် ဘယ်အချက်ကို လူသားများအစ ဟု ယုံကြည်ပါသနည်း။ ချစ်စွာ သော စာဖတ်သူမိတ်ဆွေ။

(ခ)
ယခုအချိန်သည် မြန်မာ သက္ကရာဇ် ၁၃၇၅ ခုနှစ်ဖြစ်ပါ သည်။ ခရစ်နှစ် ၂၀၁၄ ခုနှစ်ဖြစ် ပါ၏။ သာသနာတော်နှစ် ၂၅၅၇ လည်းဖြစ်ပါ၏။ မကြာမီကာလ အတွင်းတွင်လည်း နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေး ကြောသည်ဆိုသော မြန်မာ့ အတာသင်္ကြန်ပွဲနှင့် နှစ်သစ်သို့ လည်း ကူးပြောင်းတော့မည်ဖြစ် ပါ၏။

ထို့အတွက်ကြောင့် ပြီးခဲ့ သော အတိတ်ကာလမှ ဒဏ်ရာ ဒဏ်ချက်များကို ခေတ္တမေ့ပျောက် ထားပြီး ယခုပစ္စက္ခကာလတွင် ကြုံတွေ့နေရသော အခြင်းအရာ များကိုသာ အတာရေနှင့်ဆေးနိုင် မဆေးနိုင်၊ သိကြားမင်း၏ ပေပု ရပိုက်၌ မှတ်တမ်းဝင်၊ မဝင် သုံး သပ်ကြရအောင်လားမိတ်ဆွေ။

ယခုရက်ပိုင်းအတွင်း ရခိုင် ပြည်နယ်၊ စစ်တွေမြို့၌ သန်း ခေါင်စာရင်းသပိတ်မှောက်မှုနှင့် ဆက်နွှယ်၍ ကုလသမဂ္ဂကိုယ်စား လှယ်ရုံးများ ဖျက်ဆီးခံလိုက်ရပြီး အပြစ်မဲ့ကျောင်းသူလေးတစ်ဦး ပါ သေနတ်ထိမှန်သေဆုံးခဲ့ရပါ သည်။ နောက်ပိုင်း လူစုလူဝေး ဖြင့် အကြမ်းဖက်မှုဖြစ်လာ၍ လူစုခွဲခဲ့ရပြီး နိုင်ငံတော်သမ္မတ ကပါ စုံစမ်းရေးကော်မရှင်ဖွဲ့ရ သည်အထိ ဖြစ်ခဲ့ပါသည်။

အကြောင်းရင်းမှာ သန်း ခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည်ထည့်သွင်းမှတ်သားပါက ရခိုင်အမျိုးသားတို့က သန်းခေါင် စာရင်းကို သပိတ်မှောက်မည်ဟု ကြေညာကာ လွှင့်ထူထားသော သာသနာ့အလံကို အိုင်အင်န်ဂျီအို တစ်ခုမှ နိုင်ငံခြားသူဝန်ထမ်းတစ် ဦးက မဖွယ်မရာလုပ်သည်ဆို သောသတင်းများထွက်ပေါ်လာ ရာမှ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ ရခြင်းဖြစ်သည်။ ထိုအရေးအခင်း ဖြစ်ပွားအပြီး မကြာမီတွင် ဒုတိယ သမ္မတ စစ်တွေမြို့သို့ ရောက်ရှိ လာပြီး အစိုးရက သန်းခေါင်စာ ရင်းတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို လက်မခံကြောင်း တရားဝင်ထုတ်ပြန်လိုက်သော ကြောင့် ရခိုင်ပြည်သူများက သပိတ်လှန်ခြင်းဖြင့် သန်းခေါင် စာရင်းကောက်ယူနိုင်ခဲ့ကြလေ သည်။

ထိုဖြစ်စဉ်အား သုံးသပ် ကြည့်ပါက အစိုးရကသာ အစ ကတည်းက သန်းခေါင်စာရင်း တွင် ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံဟုကြေညာခဲ့ပါက ထို ကဲ့သို့ သပိတ်မှောက်ခြင်းမဖြစ် နိုင်သလို၊ အလံထူလှုံ့ဆော်မှုနှင့် ပတ်သက်၍ ဖြစ်ပွားရသော ဆူပူ အကြမ်းဖက်မှုများလည်း မဖြစ် ပွားနိုင်ကြောင်း တွေ့ရှိရမည်ဖြစ် သည်။
ကျောက်နီမော်အရေးအ ခင်းမှစကာ တအုံနွေးနွေးနှင့် မအေးနိုင်သေးသော ရခိုင်အရေး နှင့် တစ်ဆက်တည်းပင် လှည်း ကူးအရေးကပေါ်လာပြန်၏။ လှည်းကူးဈေးတွင် ဈေးသည်နှစ် ဦး အပြိုင်အဆိုင်ဈေးဝယ်သူခေါ် ကြရာမှ ရန်ဖြစ်ကြရင်း လူစုလူ ဝေးဖြင့် ဆူပူမှုများဖြစ်ပေါ်ခဲ့ရပြန် သည်။

မည်သူကလှုံ့ဆော်၍နည်း။ မည် သည့်အတွက် ရည်ရွယ်၍နည်း။ မြန်မာနိုင်ငံသားအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ရကား ဗုဒ္ဓ ၏ သင်ရိုးညွှန်းတမ်းနှင့်အညီ နေ ကြ၏။ ထင်သာမြင်သာရှိသော ဗုဒ္ဓ၏ ဩဝါဒမှာ မဇ္ဈိမပဋိပဒါဟု ခေါ်သော အလယ်အလတ်လမ်း ပင်ဖြစ်၏။

မကြာမီက နယ်မြို့တစ်မြို့ သို့ ခရီးထွက်ခဲ့ရာ ထိုမြို့မှ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုး သူများက သားသတ်လိုင်စင်တစ် ခုကို သိန်းထောင်ချီပေးကာ မြို့ နယ်စည်ပင်သာယာအာဏာပိုင် များထံမှ လေလံဆွဲမည်ဆိုသော သတင်းတစ်ခုကြားမိပါသည်။ သူတို့လေလံဆွဲမည့်အသားမှာ မြန်မာလူမျိုးအများစားလေ့မရှိ သည့် အသားဖြစ်ပါ၏။ နိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဆန်ရေစပါးအတွက် အဓိကကျ သည့် သက်ရှိယန္တရားများလည်း ဖြစ်ကြပါ၏။ လူတစ်ယောက်က မိမိယုံကြည်ရာကို ကိုးကွယ်ခြင်း၊ မိမိမနှစ်သက်ရာကို ငြင်းပယ်ခြင်း၊ နှစ်ခြိုက်ရာကိုရွေးချယ်ခြင်းဟူ သည်မှာ လူ့အခွင့်အရေးနှင့်ညီ ပါသည်။

သက္ကတဆရာကြီး ဦးရွှေ အောင်က လောကမငြိမ်းချမ်း ခြင်းသည် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို ကျူးခွန်ခြင်းကြောင့် ဟုဆိုပါသည်။ ကမ္မနိယာမအရ လူသည် သူ့အတိုင်းအတာနှင့်သူ ဖြစ်ပါသည်။ မိမိတို့၏အတိုင်း အတာအတွင်း၌ အသုံးအစွဲကို သုံးစွဲပါက ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို လိုက်နာရာရောက် ၏။ မိမိတို့၏ အတိုင်းအတာကို ကျော်လွန်သုံးစွဲပါက ကာမေသု မိစ္ဆာစာရသိက္ခာပုဒ်ကိုကျူးလွန် ရာရောက်၏။ အမှန်အားဖြင့် ကာမေသုမိစ္ဆာစာရာ ဝေရာမဏိ ဟူသည်မှာ မိမိတို့၏ လုပ်ငန်းများ ကို ဆောင်ရွက်မှုပင်ဖြစ်ကြောင်း ဦးရွှေအောင်က ဗုဒ္ဓဒေသနာ တော်ကို ကိုးကားခဲ့ပါသည်။

ဥပမာ အိမ်တစ်အိမ်၌ အိမ် ထောင်အကြီးအမှူးဖြစ်သူက ငါ အမဲသားမစား၍ မိသားစုဝင်များ အားလုံး အမဲသားမစားရ၊ ထို အသားအိမ်ပေါ်မတင်ရဆိုလျှင် ကျန်မိသားစုဝင်တစ်ဦးချင်းက လည်း ကြက်သား၊ ဝက်သား မကြိုက်၍ မချက်မစားရ၊ သက် သတ်လွတ်သမားများကလည်း ဟင်းသီးဟင်းရွက်များကိုသာ စားကြ အသားငါးအိမ်ပေါ်မတင် ရဟု ပြုလုပ်နေပါက ထိုမိသားစု မှာ အာဟာရချို့တဲ့ကြမည်ဖြစ် သလို မိမိ၏အတိုင်းအတာက သူ တစ်ပါး၏ အတိုင်းအတာကိုပါ ဝင်ရောက်စွက်ဖက်ရာရောက် မည်ဖြစ်ပါသည်။

မြန်မာပြည်သူပြည်သားများ က ဒီမိုကရေစီစနစ်ကို ရွေးချယ် ခဲ့ကြပြီးဖြစ်ပါသည်။ အစိုးရမှ အစ လွှတ်တော်ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီများ၊ အရပ် ဘက်လူ့အဖွဲ့အစည်းများ၊ တိုင်း ရင်းသားပြည်သူများ (သံဃာ တော်များ၊ တပ်မတော်သားများ နှင့် ငြိမ်းချမ်းရေးယူကြမည့် လက် နက်ကိုင်အဖွဲ့အစည်းဝင်များ) အပါအဝင်အားလုံးသည် ဒီမို ကရေစီကို မောင်းနှင်ကြမည့် ယန္တရား၏ အစိတ်အပိုင်းများဖြစ် ကြပါသည်။ သည်ပင်နယန်နှင့် ဟိုပင်နယန်၊ သည်ခွေးသွားစိပ် နှင့် ဟိုခွေးသွားစိပ်ချိတ်ဆက်ပြီး လည်ပတ်မှသာ သည်ဒီမိုကရေစီ အင်ဂျင်ကြီးနိုးမည်ဖြစ်ပါသဖြင့် ဘယ်ပင်နယန်ကမှ ပိုကြီးနေရန် မလိုသလို ဘယ်ခွေးသွားစိပ်က မှလည်း ပိုလည်ပတ်နေရန်မလို ပါ။

(ဂ)
ငယ်စဉ်က အဘိုးအဘွား များပြောပြလေ့ရှိသည့် ဗုဒ္ဓဝင် ဇာတ်လမ်းတစ်ခုကို သတိရမိပါ သည်။ ထိုအကြောင်းအရာသည် ပေတဝတ္ထုတော်တွင်ပါရှိသည်ဟု ဆိုပါသည်။
မြတ်စွာဘုရားရှင်သည် တစ်ရံရောအခါ၌ ညီတော် အာနန္ဒာနှင့်အတူ ဒေသစာရီကြွချီ လာစဉ် ဂိဇ္ဈကုဋ်တောင်သို့ အရောက်၌ ပြုံးတော်မူသည်ဟူ ၏။ ထိုအခါ ညီတော်အာနန္ဒာက ဘုရားရှင်အား အဘယ်ကြောင့် ပြုံးတော်မူရသနည်းဟု မေးမြန်း လျှောက်ထားသောအခါ ဂိဇ္ဈကုဋ် တောင်ခြေရှိ တီထွေးကြီးကိုညွှန် ပြပြီး ငါဘုရားပရိနိဗ္ဗာန်ပြုပြီး နောက်နှစ်ပေါင်း ၂၅၀၀ ကျော် အကြာတွင် လူ့ပြည်၌ဖြစ်လာမည့် လူတွေကို တွေ့မြင်ရ၍ဟု ဖြေ ကြားတော်မူခဲ့သည်ဟု ဆိုပါ သည်။

ကလေးဘဝတုန်းကတော့ ပုံပြင်လိုလို ဘာလိုလိုနှင့် ဒီရွံစရာ ကောင်းတဲ့ တီတွေက တစ်ချိန်မှာ လူတွေဖြစ်ရတယ်လို့ဟု တွေးမိခဲ့ ပါသည်။ ယခုတော့ မြန်မာ့ဒီမို ကရေစီခရီးစဉ်ကြီးအတွင်း လိုက် ပါစီးမျောနေကြသူများမှာ တစ် ချိန်က ဂိဇ္ဈကုဋ်တောင်ခြေမှ တီထွေးကြီးပါလားဟု ပြန်တွေးရ မလိုဖြစ်နေပါသည်။ ရွံလည်းရွံ စရာကောင်းပါ၏။ ရှုပ်လည်းရှုပ် ထွေးလွန်းလှပါ၏။

မကြာမီ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်သို့လည်းကောင်း၊ သာသနာတော်သက္ကရာဇ် ၂၅၅၈ သို့လည်းကောင်း ရောက်ရှိပါ တော့မည်။ မြန်မာပြည်သူအ ပေါင်း နှစ်ဟောင်းမှအညစ်အ ကြေးများကို အတာရေနှင့်ဆေး ကာ နှစ်သစ်တွင် မင်္ဂလာရှိစွာဖြင့် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ် သက်သောသူတို့၏ ဘေး အန္တရာယ်မှ ကင်းဝေးကြပါစေ သတည်း။

Author: ဗညားလှိုင်ဦး

7Day Daily

လက်ရှိအစိုးရ နှုတ်ထွက်ပေးရေး လက်ကမ်းစာစောင်တွေ ဝေငှ (ရုပ်/သံ)



လက်ရှိအစိုးရ နှုတ်ထွက်ပေးရေး လက်ကမ်းစာစောင်တွေ ရန်ကုန်မြို့မှာ ဝေငှခဲ့ပါတယ်။ ဦးစိုးသီဟ သတင်းပေးပို့ထားပါတယ်။ DVB TV - 07.04.2014



အမေချက်ကျွေးတဲ့ ထမင်းကို မစားတဲ့ ရည်းစားကို ဓားနဲ့ ထိုးသတ်

ပုံကိုနှိပ်ပြီး ဖတ်ပါ။



အစား မလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့် နည်းလမ်းများ


အစားအသောက်ကို အလွန်အမင်း လျှော့စရာ မလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အိပ်ရေးဝဝ အိပ်ပါ။
မီချီဂန် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ခုအရ တစ်ညမှာ တစ်နာရီ ပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။ အိပ်ရေးဝခြင်းက ဆာလောင်စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
၂။ အိမ်မှာ စားပါ။
အိမ်မှာ ချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ ခန္ဓာကိုယ် သွယ်လျလာတတ်ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက် အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါဝင်မှု များတာကြောင့်ပါ။
၃။ အစားကို ဖြည်းဖြည်းချင်း စားပါ။
အစားအသောက် တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာ အချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရန် ခန္ဓာကိုယ်ကနေ မကြာခင်မှာပဲ ဗိုက်ပြည့်ကြောင်း အချက်ပြပါလိမ့်မည်။ အစားအသောက်ကို အမြန်စားရင်တော့ ဗိုက်ပြည့်ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံ စားဖြစ်သွားပါတယ်။
၎။ ဟင်းသီးဟင်းရွက် များများစားပါ။
အစာ တစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင် စားပါ။ အစားအသောက်ကို များများ စားရမှ ကျေနပ်တတ်သူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်ကို များများ စားပေးလိုက်တာဟာ စိတ်ကျေနပ်မှု ရစေသလို ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါပြီး ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့်ပါ။
၅။ ကောက်နှံတစ်လုံးနဲ့ ပြုလုပ်ထားတဲ့ အစာ စားပါ။
“ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင်ပေါင်မုန့် စတာတွေဟာ ဝိတ်လျှော့လိုသူတို့အတွက် အသင့်တော်ဆုံးပါပဲ။ အကြောင်းကတော့ ကောက်နှံတစ်လုံးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဟာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ကိုလက်စထရော မြင့်တက်စေတာကြောင့်ပါ။
၆။ ဝက်ပေါက်ခြောက် ရှောင်ပါ။
နံနက်စာ စားတဲ့အခါမှာ ဆင်းဒဝစ်ရှ် စားတဲ့အခါ ဝက်ပေါင်ခြောက် မစားပါနဲ့။ ဝက်ပေါင်ခြောက် နှစ်ချောင်းမှာ ကယ်လိုရီ ၁၀၀ လောက် ပါဝင်တဲ့အတွက် တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၀ ပေါင် တက်လာနိုင်ပါတယ်။ ဟမ်ဘာဂါ ဒါမှမဟုတ် ဆင်းဒဝစ်ရှ် စားတဲ့အခါ ဟင်းသီးဟင်းရွက် ပါဝင်တာကိုသာ ရွေးစားပါ။
၇။ သကြား မစားရပါ။
အချိုရည်အစား ရေပြောင်းသောက်လိုက်ရင် သကြား လက်ဖက်စားဇွန်း တစ်ဇွန်းလောက် ရှောင်ရှားရာ ရောက်ပါတယ်။ သကြားဟာ ကိုယ်အလေးချိန် တက်စေတဲ့အပြင် စိတ်ကိုပါ ထိုင်းမှိုင်း ညှိုးနွမ်းစေပါတယ်။
၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ။
အရက်ပါတဲ့ လူမှုရေးဝိုင်းတွေ သွားတဲ့အခါ ကော့တေး၊ ဘီယာ၊ ဝိုင်၊ အရက် စတာတွေကို အရင်ဆုံး လက်လှမ်းမယ့်အစား ရေကို အရင်ဆုံး သောက်ပါ။ အရက်သောက်မိသွားတဲ့အခါ အရက်ကြောင့် ကယ်လိုရီ ရှိစေတဲ့အပြင် အဟာရတန်ဖိုးနည်းတဲ့ အစားအသောက်တွေကိုပါ မဆင်မခြင်ဘဲ စားမိသွားစေနိုင်ပါတယ်။
၉။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ။
လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာဟာ ကိုယ်အလေးချိန် လျော့ကျစေမယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေတာကြောင့်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည် ပမာဏ အနည်းငယ် သောက်ရင်တောင် စိတ်ကို လန်းဆန်းသွားစေနိုင်ပါတယ်။
၁ဝ။ ယောဂ ကျင့်ပါ။
ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ ယောဂ မကျင့်သူတွေထက် ကိုယ်အလေးချိန် နည်းကြကြောင်း အမေရိကန် အာဟာရ အဖွဲ့အစည်းက ဆိုပါတယ်။ အကြောင်းကတော့ ယောဂကျင့်သူတွေဟာ အစားအသောက်ကို အလွန်အကြူး စားတတ်တဲ့အကျင့် မရှိကြတာကြောင့်ပါ။ ယောဂကျင့်တာကြောင့် စိတ်တည်ငြိမ် အေးချမ်းနေတဲ့အတွက် အစားအသောက်ကိုလည်း သင့်တင့်တဲ့ ပမာဏသာ စားသောက်လေ့ရှိတာ ဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။
၁၁။ သကြားမပါသော ပီကေ ဝါးပါ။
သကြားမပါတဲ့ ပီကေ ဝါးတာဟာ သွားရေစာ စားချင်စိတ် လျော့နည်းစေတတ်ပါတယ်။ တီဗီကြည့်ရင်း ဒါမှမဟုတ် အင်တာနက်သုံးရင်း ညစာ စားပါက သွားရေစာ စားချင်စိတ် ပြင်းပြနိုင်ပါတယ်။ သကြားမပါတဲ့ အနံ့မွှေးတဲ့ ပီကေ ဝါးပေးရင် တခြား သွားရေစာတွေ စားချင်စိတ် လျော့သွားနိုင်ပါတယ်။
၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လုပ်ပါ။
အစား မလျှော့ဘဲ တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျချင်ရင် တစ်နေ့မှာ ကယ်လိုရီ ၁၀၀ ကျဖို့အတွက် မိနစ် ၂၀ ကြာ တစ်မိုင် လမ်းလျှောက်ခြင်း၊ မိနစ် ၂၀ ကြာ ဥယျာဉ် စိုက်ပျိုးခြင်း၊ မိနစ် ၃၀ ကြာ အိမ်သန့်ရှင်းရေး လုပ်ခြင်း၊ ၁၀ မိနစ်ကြာ လမ်းအမြန်လျှောက်ခြင်း စတဲ့ နှစ်သက်ရာ လှုပ်ရှားမှုတစ်ခု လုပ်ပေးလိုက်ပါ။
၁၃။ အသားမပါတဲ့ အာဟာရကို မကြာခဏ စားပါ။
သားသတ်လွတ် စားတာဟာ ကိုယ်အလေးချိန်ကို သွယ်လျစေကြောင်း Web MD သုတေသနအရ သိရပါတယ်။ ပျမ်းမျှအားဖြင့် သားသတ်လွတ် စားသူတွေဟာ အသားစားသူတွေထက် ၂၀ ရာခိုင်နှုန်း ကိုယ်အလေးချိန် လျော့ကျနေပါတယ်။ ပဲနီလေး စွပ်ပြုတ်၊ ပဲအမျိုးမျိုးပါတဲ့ ဟင်းလျာတွေဟာ အမျှင်ဓာတ်ပါပြီး အာဟာရဓာတ် ရရှိစေကာ ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။

Myawady News

ယူနီဖောင်းပုံပြင်


‘‘ခုနစ်ထွေအက’’ ဟာ မြန်မာ့ ရိုးရာ ကကြိုးကကွက်တွေထဲမှာ လူကြိုက် တော်တော်များ လှတဲ့ အကပညာ တစ်မျိုးပါ။ ကချေသည် တစ်ယောက်တည်းကနေ အကနည်းနာ ခုနစ်ပါးကို နရီစည်းဝါး အမျိုးမျိုး၊ တီးလုံး အသွယ်သွယ်နဲ့ မရပ်မနား ဖျော်ဖြေကပြရတဲ့ သမားစဉ် ပန်တျာ အနုပညာတစ်ရပ် ဖန်တီးအသုံးတော် ခံရတာက လွယ်လင့်တကူ ကိစ္စမှ မဟုတ်တဲ့ဟာကိုး။

တကယ်တော့ ခုနစ်ထွေအကဆိုတာ ဇော်က၊ ဘီလူးက၊ မျောက်က၊ ၀န်က၊ အိုးစည်က၊ ဒိုးပတ်က၊ စည်တော်က ဆိုတဲ့ ကနည်းခုနစ်မျိုးကို စက္ခု ပသာဒမှာ အထပ်မရှိ၊ မရိုးရ အောင် တစ်ဆက်တစ်စပ်တည်း ရောပြွမ်းတင်ဆက်ထားတာလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

ကွယ်လွန်သူ ရုပ်ရှင်မင်း သားကြီး ၀င်ဦး ရိုက်ကူးထုတ်လုပ် သရုပ်ဆောင်ခဲ့တဲ့ မှုန်ရွှေရည် ရုပ် ရှင်ဇာတ်ကားထဲမှာ စွယ်စုံရရုပ် ရှင်မင်းသမီးကြီး ခင်လေးဆွေက (ဂီတလုလင်မောင်ကိုကိုရဲ့ သမီး) စန္ဒာလင်းနဲ့ ဇာတ်ဝင်ခန်း တစ် နေရာမှာ အပြိုင်အဆိုင်ကပြခဲ့ ဖူးတာ အသက်ငါးဆယ်ကျော် တန်း စာဖတ်သူတွေဆို ကြည့်ရှု ခံစားဖူးကြလိမ့်မယ်လို့ တွေးထင် မိပါရဲ့။ ဒေါ်ခင်လေးဆွေ ခုနစ် ထွေအက ကပြတာကို ကလေး ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ စန္ဒာ လင်း နောက်ကနေ အတုခိုးပြီး လိုက်ကနေပုံဟာ အဲဒီဇာတ်ကား ထဲက ထူးခြားပြောင်မြောက်လွန်း လှတဲ့ ကင်မရာရိုက်ချက်တစ်ရပ် လို့ ဆိုနိုင်လောက်ပါရဲ့။

မင်းသမီးတစ်လက်ဟာ အ ၀တ်အစားလဲလှယ်ဝတ်ဆင်စရာ မလိုဘဲ ပွဲကြည့်ပရိသတ်တွေကို အကနဲ့ နောက်ခံဂီတတို့နဲ့တင် ညှို့ယူဖမ်းစားပြီး ခုနစ်ကိုယ်ခွဲ ထားသလို ရှုမြင်လာအောင် ဖန် တီးနိုင်စွမ်းရှိတဲ့ အနုပညာအဆင့် အတန်းက နိမ့်တာမှတ်လို့။ ဒါပေ မဲ့ကျွန်တော်တို့ ညီအစ်ကိုအရင်း အချာနီးပါး ခင်မင်ရင်းနှီးရသူ မိတ်ဆွေလေး တစ်ယောက်က တော့ လွန်လေပြီးခဲ့တဲ့ ၂၂ နှစ် ကြာ စစ်တပ်အုပ်ချုပ်ရေးကာလ တစ်လျှောက်လုံးမှာ ခုနစ်ကိုယ်ခွဲ ပြီး သူတစ်ပါးမျက်ခုံးမွေးပေါ် စင်္ကြံလျှောက်ရင်း အသက်မွေး ၀မ်းကျောင်းနိုင်ခဲ့တာ ဒေါ်ခင်လေး ဆွေတို့၊ မစန္ဒာလင်းတို့ ကြားသိ ကြရရင် အကောင်းပကတိကနေ လန့်ဖျားဖျားသွားလောက်မှာက ကျိန်းသေ။

ကာယကံရှင်ရဲ့ မရှိမဲ့ရှိမဲ့ ဂုဏ်သိက္ခာကို ထောက်ထားလို့ အမည်နာမ၊ နေရပ်လိပ်စာတွေနဲ့ တကွ အသေးစိတ်မဖော်ပြနိုင်တာ ကို စာဖတ်သူအပေါင်းတို့က ခန္တီ စတရား လက်ကိုင်ထားပြီး နား လည်ခွင့်လွှတ်ပေးကြမယ် ယူဆ ရပါတယ်။ အဲဒီအနှီပုဂ္ဂိုလ်လေးရဲ့ ဧည့်ခန်းနံရံက အင်္ကျီချိတ်မှာ တန်းစီချိတ်ဆွဲထားတဲ့ ဒွါဒရာအ၀တ်တန်ဆာတွေကလည်း ဇာတ်မင်းသားတစ်ယောက်ရဲ့ ဇာတ်စင်နောက်ဘက် ယာယီအိပ်ခန်း ကြိုးတန်းပေါ်က ဇာတ်ဝင်ခန်းသုံး ၀တ်စုံတွေလို အမျိုးမျိုးအဖုံဖုံနဲ့မို့ မျက်စိနောက် ခေါင်းမူးချင်စရာ။

ကော်လာ လည်ကတုံးလို့ ခေါ်လေ့ရှိတဲ့ လည်ပင်းရိုးရှင်း အင်္ကျီ၊ အစွန်းအထင်းမရှိ ဖြူစင် တောက်ပြောင်နေတဲ့ ခေါက်ရိုး မပျက်တိုက်ပုံအင်္ကျီ၊ စစ်ပြန်စစ်မှု ထမ်းဟောင်းဝတ်စုံ အစိမ်းရင့် ရောင် ကျူးနစ်အင်္ကျီ၊ ချောက လက်ရောင် ကြက်ခြေနီ အင်္ကျီနဲ့ အပြာရောင်အရန် မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံ။ ယူနီဖောင်းလေးမျိုး နဲ့။ ဟုတ်တယ်နော်။ ခါနာတစ် လုတ်အတွက် ၀ါစာကမာ အား ထုတ်ရတဲ့ လုပ်ငန်းကိုင်ငန်းက လည်း ခုနစ်မျိုး။ ခုနစ်ထွေများ တောင်။ မြန်မာ့နိုင်ငံရေးကနေ ‘‘စိတ်ချလက်ချ’’ အနားယူသွားပြီ ဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲ ဟောင်းကြီး ကမကထပြု ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ ‘‘လူမှုရေး’’ အ သင်းကြီးရဲ့ ရပ်ကွက်အလုပ်အမှု ဆောင်ကော်မတီအဖွဲ့ဝင်၊ ရပ် ကွက် အရန်မီးသတ်တပ်ဖွဲ့မှာ အပွင့်သုံးလေးပွင့် တပ်ဗိုလ်ကြီး၊ မြို့နယ်ကြက်ခြေနီတပ်စိတ်မှူး၊ မြို့ နယ် စစ်ပြန်စစ်မှုထမ်းဟောင်း (ရာထူးမသိ)၊ နယ်မြေခံ ထောက် လှမ်းရေးတပ်ဆွယ်မှူးအတွက် အမာခံသတင်းပေး၊ ရပ်ရေးရွာ ရေး မတည်မငြိမ်ဖြစ်နေချိန်မှာ ဆိုရင် ရပ်ကွက်စွမ်းအားရှင်အဖွဲ့ ခေါင်းဆောင်၊ နောက်ပြီးတော့ အ၀ိညာဏကဂဏန်း (တစ်လုံး၊ နှစ်လုံး၊ သုံးလုံး) လက်ခွဲဒိုင်။

ကျွန်တော်က ‘‘ဟေ့ကောင်၊ မင်းအလုပ်အကိုင်တွေက ဒီ လောက်တောင်ပဲလားဟ’’ လို့ စိတ်အချဉ်ပေါက်ပေါက်နဲ့ သ ဟောက်သဟဲပြုလိုက်ရင်လည်း သူက ဒီမိုကရေစီခေတ် ၀န်ကြီး ချုပ်ဦးနုရဲ့ ‘‘မိတ္တဗလဋီကာ’’ စာအုပ် ကို အရည်ကျိုသောက်ထား သူပီပီ ရယ်ကျဲကျဲမျက်နှာပြောင်နဲ့ မခုတ် တတ်တဲ့ကြောင်တစ်ကောင်လို ‘‘ကျွန်တော်က မြို့လယ်ဘုရား ကြီးမှာလည်း ဂေါပကအဖွဲ့ဝင် လေ’’ တဲ့လေ။ ကဲ .. ကောင်းကြ သေးရဲ့လား အရပ်ကတို့။

သူ့အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေက အကျိုးမှပေးရဲ့ လားလို့တော့ လာမမေးကြနဲ့ လေ။ မြို့လယ်ရပ်ကွက်မှာ နှစ် ထပ်တိုက်တစ်လုံး။ တိုးချဲ့ရပ် ကွက်မှာ သုံးထပ်တည်းခိုခန်းနဲ့ အဖျော်ယမကာဆိုင်။ မြို့နီးချုပ် စပ်ရွာတွေမှာ ကိုယ်ပိုင်စိုက်ပျိုး မြေလယ်ဧက စုစုပေါင်းက ၅၀၀၊ ၆၀၀ လောက်။ မယား ငယ်နံပါတ်ဝမ်း၊ နံပါတ်တူးနဲ့။ စာရင်းမ၀င်နံပါတ်တွေကို ထည့် သွင်းရေတွက်ကြည့်ရင် သိကြားမင်းဦးမာဃရဲ့ နတ်မိဖုရား လေးပါးလောက်တော့ အရင်ခေတ် စကားနဲ့ဆို ‘‘သနားတယ်’’ လို့ မာကျယ်ကျယ်ပြောလောက်နိုင်ပါရဲ့။ သူ့ဘ၀အကျိုးပေးကို လူတော်တော်များများက ရှေးဘ၀ ကုသိုလ်ကောင်းမှု အစုစုတို့ရဲ့ အကျိုးဆက်လို့ (သူ့ရှေ့မှာ ဖားဖားယားယား) ပြောကြပေမယ့် ကျွန်တော့်အနေနဲ့ကတော့ သူ့ဧည့်ခန်းဆောင်မှာ ချိတ်ဆွဲထားတဲ့ ယူနီဖောင်းလေး၊ ငါးစုံရဲ့ တန်ခိုးဣဒ္ဓိပါဒ်အာနုဘော် အရှိန်အ၀ါကြောင့်လို့ပဲ ယိုးစွပ်ချင်စမ်းပါဘိ။ ဟုတ်တယ်လေ။ အဲဒီခေတ်၊ အဲဒီကာလတုန်းက ယူနီဖောင်းဝတ်ဆိုရင် တစ်နေ့လုပ်မှတစ်နေ့စား သာမန်အရပ်သားပြည်သူလူထု လူတန်းစားတွေက မျက်တောင်ပင့်လို့ ရဲရဲတောင် ၀ံ့ကြည့်လို့ ရတာမှ မဟုတ်တာကိုး။

ကျွန်တော် ကိုယ်တိုင်က လည်း ဥပဒေပုဒ်မ ပုဒ်ထီးတွေနဲ့ ထဲထဲဝင်ဝင် မရှိလေတော့ ဟုတ်၊ မဟုတ် တိတိပပ မပြောတတ်ပါ ဘူး။ ‘‘နိုင်ငံ့ဝန်ထမ်းတွေ စိတ်ငြို ငြင်အောင် ပြုကျင့်မှု’’ တဲ့၊ ‘‘၀တ္တ ရားနှောင့်ယှက်မှု’’ တဲ့။ အဲဒီခေတ်၊ အဲဒီအချိန်အခါတုန်းက ယူနီ ဖောင်းတွေရဲ့ အရေးပါအရာ ရောက် ကြီးမားတွင်ကျယ်လိုက်ပုံ များကတော့ ပြောမဆုံးပေါင်၊ တောသုံးတောင်။

နွေဦးကာလ မြူမထတတ်၊ ထတတ်အခါသမယမျိုးမှာဆို အ ပြာရောင်ယူနီဖောင်းဝတ်တွေ မြို့ နေရပ်ကွက်တွေသာမက ကျေး လက်တောရွာဇနပုဒ် အိမ်ပေါက် စေ့မှာပါမကျန် ‘မီးသတိပြု’ သတိ ပေးကြော်ငြာကတ်ပြား လက်တစ် ၀ါးလောက်စာတန်းတွေလိုက်လံ ကပ်ချိတ်ရင်း မီးချိတ်မီးကပ်စစ် ဆေးသူက စစ်ဆေး၊ အချိန်ပိုမီး သုံးစွဲမယ့် အိမ်ရှင်တွေဆီက အချိန်ပိုမီးကြေး ကောက်တန်ကောက်။ နောက်ပြီးတော့ ရပ်ကွက်/ကျေး ရွာ မီးသတ်ယူနီဖောင်းကြေး အလှူခံကြ။ အဲဒီလို အတည်ပေါက် လုပ်နေချိန်မျိုးမှာဆို အဲဒီ အပြာ ရောင် ယူနီဖောင်းဝတ်တွေရဲ့ မျက်နှာထားကလည်း တင်းဆိုမှ တင်း။ တစ်လောကလုံးက သူတို့ ရဲ့ လုပ်စာထိုင်စားနေရတဲ့ အချိုး အပေါက်မျိုးပေါ့။ ကျွန်တော့်တူ တစ်ယောက်က နောက်သလို ပြောင်သလိုနဲ့ ‘‘အစ်ကိုတို့ အချိန် ပိုမီးကြေးပေးပြီး သုံးစွဲရတဲ့ မီးမျိုးကရော မလောင်တတ်ဘူးလား’’ လို့ ပြောမိတာလေးနဲ့တောင် မီးသတ်တပ်ဖွဲ့ဝင်တွေကို စိတ်ငြိုငြင်စေပြီး ‘‘အထက်က ပေးအပ်ထားတဲ့’’ တာဝန်ဝတ္တရားကို ဟန့်တားနှောင့်ယှက်ပါတယ်ဆိုတဲ့ စွဲချက်နဲ့ ရဲစခန်းမှာ အမှုဖွင့်လိုက်လို့ တူတော်မောင်ရဲ့ အုပ်ထိန်းသူတွေငွေကုန်ကြေးကျခံ၊ တာဝန်ရှိပုဂ္ဂိုလ်တွေကို မျက်နှာအောက်ကျခံ တောင်းတောင်းပန်ပန်နဲ့ကို မနည်းဖြေရှင်းယူခဲ့ရတာ မှတ်မိပါသေးရဲ့။

အရင်ခေတ်စနစ်တုန်းကဆို ယူနီဖောင်းဝတ်ဆိုရင် အစိမ်း ရောင်ပဲဝတ်ဝတ်၊ စိမ်းပြာရောင် ပဲဝတ်ဝတ်၊ တိုက်ပုံဖြူနဲ့ လုံချည် စိမ်းပဲ ၀တ်ဝတ်။ တစ်ခုခုနဲ့ ငြိ လိုက်လို့က အတောမသတ်တဲ့ ဒုက္ခကြီးငယ်ရွယ်လတ်ဆိုက်တစ်မျိုးစီနဲ့ နှစ်ပါးသွားပြီး မြိုင်ထကသွားရမှာ အသေအချာပေါ့။ ကျောင်းဆရာဘ၀တုန်းက တပည့်ဟောင်းဖြစ်ခဲ့ဖူးသူ တာဝန်ကျ နယ်ထိန်းရဲဝန်ထမ်းတစ်ယောက်ကတော့ အနေမတတ်၊ အထိုင်မတတ်တဲ့ ကျွန်တော့်ကို သတိပေးရှာပါတယ်။

‘‘ဆရာနော် . . . ဒီခေတ်မှာ နယ်မြေထောက်လှမ်းရေးတို့၊ ရဲတို့ကအစ မီးသတ်အလယ် ကြက်ခြေနီအဆုံး ယူနီဖောင်းဝတ်အကုန်လုံးနဲ့ ပြဿနာမဖြစ်ပါစေနဲ့’’ တဲ့။ ‘‘သူတို့ ညှိုးတာဟာ စုန်းညှိုးတာထက် ပိုပြီးကြောက်စရာ ကောင်းတယ်’’တဲ့။

ယူနီဖောင်းဝတ် ရဲတပည့်က သံယောဇဉ်မပြတ်တဲ့ ဆရာ ဟောင်းကို မေတ္တာရှေ့ထား စိုး ရိမ်စိတ်ပွားလိုက်ပုံက။ သူ့သတိ ပေးစကားကလည်း ဟုတ်တုတ် တုတ်လေ။ ယူနီဖောင်းဝတ်ဆို တာ ကုန်ကုန်ပြောရရင် စည်ပင် သာယာ အောက်ခြေ၀န်ထမ်း တောင် အရွယ်သေးပေမယ့် (သူ့ ခွင်ထဲဝင်လာချိန်မှာတော့) အ စွယ်ကလည်း အဖွေးသားနဲ့ကိုး။ ဒါကြောင့်မို့လည်း သာမန်ပြည်သူ လူထုတွေခမျာ အဲဒီလိုမျိုး ခေတ် ဆိုးခေတ်ကျပ်ကြီးမှာ သတိနဲ့ သွား၊ သတိနဲ့စားလို့ သတိသမ္ပဇဉ် တရား လက်ကိုင်ထားပြီး ‘‘အပ္ပမာ  ဒေးထ၊ သမ္မာဒေးထ’’ လုပ်ခဲ့ကြရ တာကြောင့် အပါယ်ပိတ်ကြောင်း တရားတွေကို အထူးတလည် အားထုတ်ကျင့်ကြံပွားများ ရှုမှတ် စရာမလိုတာ အဆိုးထဲက အ ကောင်းလို့ ဆိုရမှာပဲပေါ့။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေနဲ့အညီ ‘‘အရပ်သား’’ အ စိုးရပေါ်လာချိန်မှာ ခေတ်မှိန်သွား တဲ့ ယူနီဖောင်းဟောင်းတွေ နေ ရာမှာ ယူနီဖောင်းအသစ်တွေ နေ ရာဝင်ယူလာကြတာကို တွေ့ရ မြင်ရ၊ မှတ်သားရပြန်တော့ ကျွန် တော်တို့နိုင်ငံရဲ့ ရှေ့ရေးက ရ တက်မအေးစရာ။ နဂိုခေတ် ဟောင်းတုန်းကဆို အဖိုးတန် ကိုယ်ပိုင်ကားရှေ့ခန်းမှာ စစ်တပ် အရာရှိဦးထုပ်တစ်လုံးလောက် တင်ထားလိုက်ရင် ဘယ်သူကမျှ မမေးဝံ့၊ မစမ်းဝံ့နဲ့။ စိတ်ထင်တိုင်း ကြဲကြပေရော့။ အခု ‘‘မြန်မာနွေ ဦးခေတ်’’ မှာကျတော့ ကားခေါင်း ခန်းမှာ ဘုန်းကြီးအတုတစ်ပါး လောက် ပင့်ထားရုံနဲ့ မှောင်ခိုပဲ ချချ၊ မူးယစ်ဆေးဝါးပဲ ကုန်ကူး ကူး ဒါမှမဟုတ် ရိုဟင်ဂျာခေါ် ဘင်္ဂါလီကုလားတွေကိုပဲ ရခိုင်က နေ ပြည်မကြီးထဲ ခိုးသွင်းသွင်း တော်ရုံတန်ရုံ စစ်ဆေးရေးဂိတ် တွေက မစစ်ရဲ၊ မဆေးရဲနဲ့။

ကျွန်တော်တို့နိုင်ငံမှာက ခေါင်းတုံးတုံး၊ သင်္ကန်းပတ်ထားရင် (သံဃာ့မှတ်ပုံတင် စစ်ဆေးမ ကြည့်ဘဲနဲ့) အတုအစစ်ကလည်း ခွဲခြားရတာ အခက်သားလား။ ဒါ ကြောင့်မို့လို့လား မသိရပါဘူး။ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခ တွေ ဆူပွက်လာချိန်မျိုးမှာဆို သက်ဆိုင်ရာအာဏာပိုင်တွေအ နေနဲ့ ဟန်ချက်ပျက်နေတဲ့ အခြေ အနေတစ်ရပ်ကနေ ပြန်ပြီးတော့ တည်ငြိမ်အေးချမ်းလာအောင် ထိန်းသိမ်းဆောင်ရွက်ရတာက အင်မတိအင်မတန် လက်ဝင်နေခဲ့ ရတာကိုး။

လောလောဆယ်အချိန်က ၂၀၁၄ ခုနှစ် နှစ်ဦးအစပိုင်းလေ။ နောင်နှစ်ကုန်ခါနီးဆို တစ်နိုင်ငံ လုံးအနှံ့အပြားက လွှတ်တော်အ ဆင့် ရွေးကောက်ပွဲတွေ ကျင်းပ ဖြစ်ဖို့ အခါသမယကလည်း တစ် စတစ်စ နီးကပ်လို့ လာနေပြီ ကော။ မြန်မာ့နွေဦးနဲ့ အထာကျ နေခါစ ကျွန်တော်တို့နိုင်ငံကို အာ ရပ်အီဂျစ်နွေဦးလို သမိုင်းဘီး နောက်ပြန်လှည့်သွားဖြစ်အောင် အောက်လမ်းသာမက အထက် လမ်းတွေပါမကျန် နည်းပေါင်းစုံ သုံးပြီး အကောက်ကြံ ခလောက် ဆန်ချင်ကြတဲ့ အဖျက်အမှောင့် အင်အားစုတွေအနေနဲ့ ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲက ရွှေဝါ ရောင် ယူနီဖောင်းဝတ် မုဆိုးကြီး သောနုတ္တရလို လူမျိုးတွေ အသုံး ပြုပြီး ခြေရှုပ်လာကြမယ့် အရေး ကိုတော့ (အနာရှိရင်၊ ဆေးရှိ တယ်ဆိုပေမယ့်) အဲဒီဆေးကြောင့် နဲ့ပဲ ထပ်ပြီးလေးနေမှာမျိုးတော့ တွေးတွေးမိတိုင်း အာရုံနောက်နေ ရပါကြောင်း။

Author: ကျော်အုန်းမြင့်

7Day Daily

Ooredoo ဆင်းမ်ကတ် ရောင်းသူများ Telenor ဆင်းမ်ကတ် ရောင်းရမည်မဟုတ်


အတွဲ (၁၅)၊ အမှတ် (၁၅)
Ooredoo သည် မြန်မာတယ်လီကွန်း ဈေးကွက်အတွင်း ၎င်း၏ မိုဘိုင်းဖုန်းဆင်းမ်ကတ် ရောင်းချလိုသူများကို စာချုပ်ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်အရ ၎င်း၏ အဓိက ဈေးကွက်ပြိုင်ဘက်ဖြစ်သည့် Telenor ကုမ္ပဏီ၏ မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ရောင်းချခွင့်ပြုမည် မဟုတ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

Telenor အနေဖြင့် ၎င်း၏အရောင်းဆိုင်များကို စာချုပ်ချုပ်ဆိုခြင်း မရှိသေးသည့်အတွက် Ooredoo ၏ စာချုပ်နှင့် ကွာခြားပုံကို မသိရှိရသော်လည်း Ooredoo ၏ စာချုပ်အရ Telenor မှအပ ကျန်အော်ပရေတာများ၏ မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချခွင့်ရှိသည်ဟု သိရသည်။

“Telenor နဲ့ အလုပ်တွဲလုပ်ဖို့ ဆက်သွယ်တယ်။ ဒါပေမယ့် သူတို့ကဈေးကွက်ထဲကို ဆင်းမလာဘူး။ စာချုပ်လည်း လိုက်ပြီးမချုပ်ကြသေးဘူး။ Ooredoo ကတော့ ဈေးကွက်ထဲကို အိမ်အရောက်လာပြီးတော့ စာချုပ်ချုပ်ဆိုသွားတာပဲ” ဟု Ooredoo နှင့် လုပ်ငန်းစာချုပ်ချုပ်ဆိုခဲ့သူ ကိုဥာဏ်လင်းမြင့်က ဆိုသည်။

Ooredoo သည် ၎င်း၏ မိုဘိုင်းဖုန်းငွေဖြည့်ကတ်များအတွက် ရောင်းချသူများကို ၄.၅ ရာခိုင်နှုန်း အမြတ်ငွေပေးအပ်မည်ဟု စာချုပ်ချုပ်ဆိုထားပြီး အဆိုပါစာချုပ်သည် မတ်လနှင့် ဧပြီလအတွက်သာ အကျုံးဝင်သည်ဟု သိရသည်။ “ အခု အစမ်းချုပ်ထားတဲ့ သဘောပါ။ သူတို့တွေ ကတ်တွေစရောင်းတဲ့အခါ ပြန်ပြီးချုပ်ရမှာပါ။ ဆင်းမ်ကတ်ရောင်းရရင်လည်း အမြတ်က ရာခိုင်နှုန်းအနေနဲ့ရမှာပါ” ဟု ကိုဥာဏ်လင်းမြင့်က ပြောသည်။

Ooredoo သည် စာချုပ်ကို ရွှေ၊ ငွေ၊ ကြေးဟူ၍ အမျိုးအစားသုံးမျိုး ခွဲခြားချုပ်ဆိုခဲ့ပြီး အမျိုးအစားအလိုက် လစဉ်ရောင်းအားကို သတ်မှတ်ပေးထားကြောင်း သိရသည်။ လက်ရှိအချိန်၌ စာချုပ်ချုပ်ဆိုထားသူများသည် ၎င်းအတွက် ဈေးကွက်စစ်တမ်းများကို ကောက်ယူပေးနေရသည်ဟု စာချုပ်ချုပ်ဆိုထားသူက ဆိုသည်။

အထက်ပါ အော်ပရေတာနှစ်ခုသည် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုကိုလည်း လုပ်ကိုင်ကြမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းအတွက်လည်း စာချုပ်များ ချုပ်ဆိုလုပ်ကိုင်သွားမည်ဟု သိရသည်။


မြင့်ကျော်လှိုင်
Internet Journal