လွှတ်တော်သို့တင်ပြသည့် မေးခွန်းအချို့ လွှတ်တော်ဥက္ကဋ္ဌ ထိမ်ချန်ထားဟု တိုင်းအမတ်စွပ်စွဲ

ပို့စ်တင်ချိန် - 4/08/2014 04:13:00 PM


မင်းမင်း

အရေးကြီးသည့် မေးခွန်းနှင့် အဆိုပြု ချက်အချို့ကို ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေး အစီ အစဉ်တွင် ထည့်သွင်းမပေးဘဲ ထိမ်ချန်ထားသဖြင့် လွှတ်တော်တွင် ပြောဆိုခွင့်မရခဲ့ဟု ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာ ညိုညို သင်းက ပြောဆိုလိုက်သည်။

လွှတ်တော်သက်တမ်းသုံးနှစ်အတွင်း ထိမ်ချန်ခံခဲ့ရသည့် မေးခွန်းနှင့် အဆိုပြု ချက်ပေါင်း အရေအတွက်ကို ပြုစုမထားသော်လည်း တရာစီရင်ရေးကဏ္ဍနှင့် ရဲတပ်ဖွဲ့အားနည်းချက်အပေါ် ထောက်ပြမည့် မေးခွန်း အများစုကို လွှတ်တော်အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းမပေးခြင်းဖြစ်သည်ဟု ဒေါက်တာညိုညို သင်းက ပြောသည်။

“လွှတ်တော်ဥက္ကဋ္ဌတွေက ရည်ရွယ်ချက်ရှိလို့ဖြစ်စေ၊ မရှိလို့ဖြစ်စေ၊ အစီအစဉ်တွေထဲမှာမပါဘဲ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ပြောခွင့်လိုက်ကာချခံရတယ်” ဟု ၎င်းက ဆိုသည်။

လွှတ်တော်တွင် မေးမြန်းဆွေးနွေးလိုသည့် မေးခွန်းများ၊ အဆိုများနှင့် ဥပဒေကြမ်းများအား လွှတ်တော် အစည်းအဝေး စမည့်ရက်မတိုင်မီ လွှတ်တော်ရုံးသို့ အမတ်တို့က ကြိုပြီးတင်ပြရသည်။ ဥပမာအားဖြင့် ဥပဒေကြမ်းတစ်ခု လွှတ်တော်သို့ တင်ပြမည်ဆိုပါက လွှတ်တော်အစည်းအဝေး စမည့်ရက်မတိုင်မီ တစ်လ ကြိုပြီးအကြောင်း ကြားထားရသည်။

ယခုကဲ့သို့ အမတ်တို့၏ မေးခွန်းများနှင့် အဆိုပြုချက်များ ထိန်ချန်ထားမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက “ကြယ်ပွင့်ပြတိုင်းလည်း လွှတ်တော်အစည်းအဝေးမှာ ထည့်လို့မရ ဘူး။ ဘယ်မေးခွန်းတွေကို ထည့်၊ မထည့်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခွင့်ရှိတယ်”ဟု မဇ္ဈိမ ကိုပြောသည်။

လွှတ်တော်သက်တမ်း သုံးနှစ်အတွင်း လွှတ်တော်အမတ်တို့ မေးမြန်းထားသည့် မေးခွန်းပေါင်း ၁,၄၅၅ ခုကိုပင် သက်ဆိုင်ရာက ဖြေဆိုခဲ့ပြီးဖြစ်သည်ဟု ဦးစိန်တင်ဝင်းက ပြောသည်။

“တချို့ကိုယ်စားလှယ်တွေဆို လွှတ်တော်ထဲမှာဖြေပြီးသားကိုတောင် စာနဲ့ပြန်ပို့ပေးရတာရှိတယ်”ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ မေးခွန်းများထိန်ချန်ခြင်းကို ကိုယ်တိုင်ကြုံ့ခဲ့သူ ဆိပ်ကမ်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီအမတ် ဦးနေ မျိုးအောင်က ထိုသို့ဖြစ်ရသည်မှာ လွှတ်တော်အမတ်တို့ တင်ပြထားသည့်မေးခွန်းနှင့် အစည်းအဝေး ကျင်းပ သည့်ရက် မမျှတခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။

ထိုကဲ့သို့ မေးမြန်းပြောဆိုခွင့် ထိန်ချန်ခံထားရသလို အမတ်တို့၏မေးမြန်း၊ တင်ပြချက်များကို တိုင်းအစိုးရ ဖြေရှင်းပေးမှုမှာလည်း ဆယ်တန်းကျောင်းသားများ၏ အောင်မှတ်(၄၀မှတ်)အဆင့်သာရှိသည်ဟုလည်း ဒေါက်တာညိုညိုသင်းက ဝေဖန်ခဲ့သေးသည်။

“စာမေးပွဲတော့ အောင်ပါတယ်။ အောင်မှတ်လောက်နဲ့တော့ နောက်ရွေးကောက်ပွဲမှာ ဘယ်လိုလုပ် စာမေးပွဲအောင်မှာလဲ”ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

ဒေါက်တာညိုညိုသင်းမှာ တိုင်းအစိုးရ၏ လုပ်ဆောင်ချက်များကို အများဆုံး ထောက်ပြဝေဖန်ခဲ့သည့် တစ်သီးပုဂ္ဂလ အမတ်တစ်ဦးဖြစ်သည်။

Mizzima Burmese