ကမ္ဘာ့အမြင့်မားဆုံး ကျူးကျော်ရပ်ကွက်ကြီး

ပို့စ်တင်ချိန် - 4/08/2014 07:21:00 AM








Monday, April 7, 2014

ကမ္ဘာ့အမြင့်ဆုံး ကျူးကျော်ရပ်ကွက်ကြီးဟု တင်စားခံရသည့် မျှော်စင်ကြီးသည် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကရာဆက်စ်တွင် တည်ရှိသည်။

(၄၅)ထပ်မြင့်သည်။ ကျယ်ပြန့်သော လသာဆောင်များနှင့် အခန်းပေါင်းများစွာ ပါရှိသည်။ အမိုးပေါ်တွင် ရဟတ်ယာဉ် ဆင်းသက်သည့် ကွင်းတစ်ခုလည်း ရှိသည်။ ဇိမ်ခံ မိုးပျံတိုက် တစ်ခု၏ အင်္ဂါရပ်အားလုံး ပြည့်စုံသော်လည်း Davidမျှော်စင်သည် သာမန်အားဖြင့် ရာဇဝတ်သားများ၊ ဆင်းရဲသားများ၊ အိမ်ခြေရာမဲ့များ ကျူးကျော်နေထိုင်ရာ အဆောက်အအုံကြီး တစ်ခုမျှသာ ဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံး ကျူးကျော်ရပ်ကွက်ကြီးဟု တင်စားခံရသည့် မျှော်စင်ကြီးသည် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကရာဆက်စ်တွင် တည်ရှိသည်။ တစ်ချိန်က Davidမျှော်စင်သည် ကရာဆက်စ်၏ အဓိက စီးပွားရေး အချက်အခြာ အဆောက်အအုံကြီးတစ်ခု ဖြစ်လာမည်ဆိုသော မျှော်လင့်ချက်ဖြင့် တည်ဆောက်ခဲ့သည်။

သို့သော်လည်း စီးပွားရေး ကျဆင်းလာသည့် အခြေအနေများကြောင့် (၁၉၉၄)ခုနှစ်တွင် ယင်းအဆောက်အအုံ တည်ဆောက်မှု စီမံကိန်းကို ရပ်နားလိုက်ရသည်။ (၂၀၀၇)ခုနှစ်တွင်မူ အိမ်ခြေရာမဲ့များ၊ ကျူးကျော်နေထိုင်သူများက Davidမျှော်စင်ကို သိမ်းပိုက်လိုက်သည်။ ယခုအခါတွင်မူ အခြေအနေမဲ့ လူပေါင်း(၃၀၀၀)ကျော်တို့သည် မျှော်စင်ထဲတွင် ကိုယ်ပိုင်အခန်းများနှင့် ဟန်ကျပန်ကျ ရှိနေပြီ ဖြစ်သည်။ ဒေသခံများက အဆိုပါ နေရာကို ပျံကျများ၊ ရာဇဝတ်သားများ ကိန်းအောင်းရာ နေရာအဖြစ် သတ်မှတ်ထားသော်လည်း လက်တွေ့နေထိုင်သူများ အတွက်မူ David မျှော်စင်သည် နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါ မျှော်စင်ကြီးသည် အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Homelandတွင် ရိုက်ကွင်းတည်ခဲ့သည့်နောက် ပိုမို၍ လူသိများလာခဲ့သည်။

မျှော်စင်အထက်ပိုင်းမှ လှမ်းကြည့်ပါက အဗီလာတောင်တန်းများကို လှပဆန်းကြယ်စွာ တွေ့မြင်နိုင်မည် ဖြစ်သည်။ မျှော်စင်ကြီးကို စတင်ဆောက်လုပ်ခဲ့သည့် Developer သေဆုံးသွားသည့်နောက် ယင်းတစ်ဝက်တစ်ပျက် အဆောက်အအုံကြီးကို အပြီးသတ်ရန် မည်သူမျှ ဆန္ဒမရှိတော့ချေ။ (၂၀၀၇)ခုနှစ်က ကျူးကျော်နေထိုင်သူများ မျှော်စင်ပေါ် တက်လာချိန်တွင် ထိုစဉ်က ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗက်စ်၏ အစိုးရက မျက်စိမှိတ်နေခဲ့သည်။ ထို့ကြောင့်လည်း ယခုအခါ ကမ္ဘာ့အမြင့်ဆုံး ကျူးကျော်ရပ်ကွက်ကြီး အနေဖြင့် ထူးထူးခြားခြား ရပ်တည်လာနိုင်ခဲ့သည်။

“လူတွေကသာ ဒီနေရာကို မကောင်းပြောနေကြတာပါ။ တကယ်တမ်းကျတော့ ပြင်ပမှာထက်တောင် မျှော်စင်ထဲမှာ ဥပဒေ လိုက်နာကြပြီး မှုခင်းလည်း ပိုနည်းနေတတ်ပါတယ်”ဟု (၂၇)ထပ်တွင် နေထိုင်သည့် အသက်(၃၆)နှစ်အရွက် သိုင်ယက်စ်ရုဇ်က မှတ်ချက်ပြုခဲ့သည်။ သူမသည် (၂၀၁၀)ပြည့်နှစ်က ကရာဆက်စ် အရှေ့ပိုင်းရှိ ပီတာရီကျူးကျော်ရပ်ကွက်မှာတစ်ဆင့် Davidမျှော်စင်သို့ ပြောင်းရွှေ့လာခဲ့သည်။ သူမသည် မျှော်စင်ထဲရှိ အိပ်ခန်း(၄)ခန်းပါ တိုက်ခန်းတစ်ခုကို ရရှိခဲ့ပြီး ခင်ပွန်းသည်၊ ကလေး(၅)ဦးနှင့်အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်လျှက်ရှိသည်။

ရုဇ်တို့မိသားစုသည် ယခင်က ကွင်းပြင်တွင် ရွက်ဖျင်တဲထိုး၍သာ နေခဲ့ဖူးသည်။ ယခုအခါတွင်မူ (၂၇)ထပ်၌ အုတ်နံရံများ ကာရံထားပြီး ရေတိုင်ကီနှင့် ပရိဘောဂများနှင့် အပြည့်အစုံ တပ်ဆင်ပေးထားသည့် အခန်းထဲ၌ လသာဆောင်တွင် အသားကင်စားရင်း မိသားစုလိုက် ပျော်ရွှင်နေကြပြီ ဖြစ်သည်။ “တစ်ခါမှ တိုက်ခန်းနဲ့ မနေခဲ့ဖူးဘူး။ ခုတော့ အရမ်းကို ဇိမ်ကျနေတယ်။ ပီတာရီမှာက နေ့တိုင်းနေ့တိုင်း ဂိုဏ်းဂဏချင်း သတ်ဖြတ်နေတယ်။ တစ်ခါတုန်းကဆို ကျွန်မတို့ တဲရှေ့မှာ အလောင်းတစ်လောင်း ရောက်နေတာတောင် ကြုံဖူးတယ်။ ဒီမှာတော့ အေးဆေးပဲ။ တံခါးကို အချိန်တိုင်း ဖွင့်ထားလို့တောင်ရတယ်”ဟု ရုဇ်က ဝမ်းပန်းတသာ မှတ်ချက်ပြုခဲ့သည်။

အဆောက်အအုံတွင် (၂၄)နာရီ လုံခြုံရေး စောင့်ကြပ်ကင်းလှည့်မှု စနစ်တစ်ခု ထားရှိရန် အများသဘောတူ ဆုံးဖြတ်ခဲ့ပြီး မိသားစု တစ်စုလျှင် ငွေကြေး ဘိုလီဗာ(၂၀၀) ပေးဆောင်ရန်မူ လိုအပ်ကြောင်း သိရသည်။ Davidမျှော်စင်တွင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ငယ်ရွယ်သော မိန်းကလေးတစ်ဦး နံရံရှိ အပေါက်မှ ကျွံကျပြီး သေဆုံးခဲ့ခြင်း၊ အရက်မူးနေသော မော်တော်ဆိုင်ကယ်သမားတစ်ဦး လမ်းချော်ကာ နံရံနှင့်တိုက်၍ အသက်ဆုံးရှုံးခဲ့ခြင်းတို့မှလွဲပြီး ရာဇဝတ်မှုဟူ၍ မဖြစ်ပေးခဲ့ဖူးချေ။ အဆိုပါ အဆောက်အအုံကို စတင်တည်ဆောက်သူ စီးပွားရေးသမား ဒေးဗစ်ဘရင်လမ်ဘော့ဂ်အား ဂုဏ်ပြုသည့် အနေဖြင့် Davidမျှော်စင်ဟု ခေါ်ဝေါ်ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network