ယူကရိန်းကို မတည်ငြိမ်အောင်လုပ်နေတဲ့ ရုရှားအစိုးရ ပြန်ပေးဆပ်ရလိမ့်မည်ဟု အမေရိကန်ပြော

ပို့စ်တင်ချိန် - 4/08/2014 04:13:00 PM

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အမေရိကန်အစိုးရဟာ ယူကရိန်း အရှေ့ပိုင်းက ဖြစ်ရပ်တွေကို အကြီးအကျယ် စိုးရိမ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့်ဗ်ကို ဧပြီ ၇ ရက်နေ့က ပြောပါတယ်။

ယူကရိန်းနိုင်ငံကို မတည်ငြိမ်အောင် လုပ်နေတဲ့ ရုရှားအစိုးရရဲ့ ဘယ်လို လှုပ်ရှားမှုမဆို ရုရှားက ပြန်ပေးဆပ်ရလိမ့်မယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ကယ်ရီက လာ့ဗ်ရော့ဗ်ကို ဖုန်းခေါ်ဆိုရင်း ယူကရိန်းနိုင်ငံတွင်းက ခွဲထွက်ရေးသမားတွေ ကျူးကျော်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေကို လူသိရှင်ကြား ငြင်းဆိုဖို့ ရုရှားကို ဆော်သြခဲ့ကြောင်း အမေရိကန်အစိုးရရဲ့ ပြောခွင့်ရ ဂျန်စာကီက ပြောပါတယ်။
သူတို့ ၂ ယောက်ဟာ လာမယ့် ၁၀ ရက်အတွင်း ကျင်းပမယ့် ယူကရိန်း၊ ရုရှား၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကြား တိုက်ရိုက်ဆွေးနွေးပွဲတွေအတွင်း တင်းမာမှုတွေ ဖြေလျော့ရေး ဆွေးနွေးမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ယူကရိန်းအစိုးရ ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က သိမ်းပိုက်ခံ အစိုးရ အဆောက်အဦတွေ ပြန်ရရေး ညှိနှိုင်းဖို့နဲ့ တင်းမာမှုတွေ လျော့ချရေး ဆွေးနွေးဖို့ ဆန္ဒပြသူတွေ လှုပ်ရှားခဲ့တဲ့ ရုရှားနယ်စပ်မြို့တွေအားလုံးကို ခရီးထွက်ခဲ့တယ်လို့ စာကီက ပြောပါတယ်။

ဗြိတိန်အစိုးရကလဲ ရုရှအစိုးရကို ယူကရိန်းအရှေ့ဘက်က ဖြစ်ရပ်တွေမှာ ပါဝင်မှု မလုပ်ဖို့ ဧပြီ ၇ ရက်က သတိပေးလိုက်ပါတယ်။ ဒီအရေးဟာ ၂ နိုင်ငံကြား တင်းမာမှုတွေ ပိုတိုးလာစေမယ်လို့လဲ ပြောပါတယ်။

ယူကရိန်းအရှေ့ဘက်က ရုရှားစကားပြောတဲ့ စက်မှုလုပ်ငန်း ထွန်းကားရာဒေသအတွင်း မြို့ ၃ မြို့မှာ ပြည်သူပိုင်အဆောက်အဦတွေကို အကြမ်းဖက်သိမ်းယူမှု အစီရင်ခံစာတွေအပေါ် အလွန်စိုးရိမ်တယ်လို့ ဗြိတိန်နို်င်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ်က ရ၀မ်ဒါနိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်းမှာ ပြောပါတယ်။

လတ်တလော ဒီ ၁ ပတ်အတွင်း ယူကရိန်း အရှေ့ဘက်မြို့တွေမှာ ရုရှားလိုလားသူ ဆန္ဒပြသမားတွေက စီတန်းလှည့်လည်ရင်း ကရိုင်းမီးယား လူထုဆန္ဒခံယူပွဲမျိုး လုပ်ပြီး ရုရှားဆီ ဘက်ပြောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ရုရှားကလည်း နယ်စပ်မှာ တပ်အင်အားတွေ စုစည်းထားပြီး တပ်ဖွဲ့ဝင် အင်အားကိုလည်း ထောင်သောင်းချီ တိုးမြှင့် တာဝန်ချထားနေပါတယ်။