ပုဂံခေတ် စောလူးမင်းကျောက်စာနဲ့ပတ်သက်ပြီး ဘာတွေငြင်းခုံနေကြလဲ

ပို့စ်တင်ချိန် - 4/08/2014 08:32:00 AM


မန္တလေးတိုင်း မြစ်သားမြို့နယ်က ပေတောကျောင်းတိုက်မှာ မနှစ်က တွေ့ရှိခဲ့တဲ့ စောလူးမင်းကျောက်စာဟာ ဘုရားစေတီ၊ လယ်မြေနဲ့ ကျွန်တွေကို လှူဒါန်းထားတဲ့အကြောင်း မှတ်တမ်းတင်ကျောက်စာဖြစ်ပါတယ်။ စောလူးမင်းကျောက်စာအပေါ် ပညာရှင်တွေ ဘာကို ငြင်းခုံနေကြတာလဲ။

အလျား ၅ပေ၉လက်မ၊ အနံ ၃ပေ၆လက်မရှိပြီး အထူ ၇လက်မရှိတဲ့ ရာဇာကုမာရ်ကျောက်စာလို့ခေါ်တဲ့ မြစေတီကျောက်စာထက် စောပေမယ့် မြန်မာစာနဲ့ရေးထွင်းထားတယ် မြန်မာစာမပါဘူး စသဖြင့် ငြင်းခုံနေကြပါတယ်။ သေချာတာကတော့ ပါဠိ၊ ဂုံသျှမ်း၊ ယွန်း၊ ပျူ၊ မွန်နဲ့ နာဂရီစာ ၆မျိုးပါပေမယ့် နာဂရီဟာ ရှေးမြန်မာစာ ဟုတ်မဟုတ် သေချာမှုတွေ မရှိသေးပါဘူးလို့ အမျိုးသားပြတိုက်မှာ ဧပြီ ၆ရက်နေ့က ပညာရှင်တွေရဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၄ရက်နေ့မှာ ရှာဖွေတွေ့ခဲ့တဲ့ စောလူးမင်းကျောက်စာကို နိုဝင်ဘာလကျမှ တရားဝင်ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။ ကျောက်စာနဲ့ပတ်သက်လို့ နားလည်မှုမရှိဘဲ ဝေဖန်နေရင် မြန်မာစာပေနဲ့သမိုင်း လေ့လာမှုမှာ အနှောင့်အယှက်တွေ ဖြစ်တတ်ပြီး အသစ်တွေ့ရှိမှုတွေက သမိုင်းကို ပြောင်းလဲစေတယ်လို့ ပါမောက္ခ ဒေါက်တာခင်ဆွေမြင့်က ဆိုပါတယ်။

အနော်ရထာမင်းရဲ့သား စောလူးမင်းဟာ သေရည်သောက်စားပြီး လောင်းကစားနဲ့ ပျော်မွေ့သူဆိုပြီး ခေတ်အဆက်ဆက် ဝေဖန်ခဲ့ပေမယ့် အခုတွေ့ရှိတဲ့ ကျောက်စာအရ စောလူးမင်းဟာ မင်းအင်္ဂါရပ်နဲ့အညီ ဘာသာရေးကို လေးစားမြတ်နိုးပြီး အလှူဒါနပြုတဲ့မင်းတစ်ပါးဖြစ်တယ်လို့ တွေ့ရှိရတဲ့အကြောင်း စာရေးဆရာမ ရွှေရည်ဦးမေတ္တာက ဆိုပါတယ်။

 Kamaryut Media