မြန်မာ့ဆက်သွယ်ရေး ဂျပန်ဆက်သွယ်ရေးနဲ့ ပူးပေါင်းမည်

ပို့စ်တင်ချိန် - 4/08/2014 08:04:00 PM


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ လက်ရှိ တင်ဒါအောင်ထားတဲ့ နိုင်ငံတကာ အော်ပရေ တာတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် နာမည်ကြီး ဂျပန် ဆက်သွယ်ရေးကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး အဆင့်မြှင့်တင် လုပ်ကိုင်သွားမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောပါတယ်။

ဧပြီ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ နော်ဝေအခြေစိုက် တယ်လီနော့ကုမ္ပဏီရဲ့ ဒေတာစင်တာ တည်ဆောက်ခြင်း ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးက ဂျပန်ကုမ္ပဏီရဲ့ နာမည်ကို ထုတ်ဖော် ပြောဆိုခြင်း မပြုပေမယ့် ဂျပန် အန်တီတီကုမ္ပဏီ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

လက်ရှိ အနေအထားအရ တင်ဒါအောင်ထားတဲ့ တယ်လီနောကုမ္ပဏီဟာ ဧပြီ ၇ ရက်နေ့က Video Calling စနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး အော်ရီဒူးကလည်း နိုင်ငံတ၀ှမ်း တာဝါတိုင်တွေ စိုက်ထူနေပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ မကြာမီ အော်ပရေတာလုပ်ငန်း လုပ်ကိုင်တော့မယ့် ရတနာပုံ တယ်လီပို့စ်မှာလည်း အစုရှယ်ယာ ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

DVB Burmese