တစ်နိုင်ငံလုံး၏ ၇၈ ရာခိုင်နှုန်း သန်းခေါင်စာရင်းကောက်ပြီး

ပို့စ်တင်ချိန် - 4/08/2014 08:47:00 PM


 မြန်မာတစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ခံပြီးသည့် အိမ်ထောင်စုပေါင်း ရှစ်သန်းကျော်ရှိပြိး တစ်ပြည်လုံး၏ ၇၈ ရာခိုင်နှုန်းကို ကောက်ခံပြီးဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ဧပြီ ၇ရက်တွင် သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်တွင် ကေအိုင်အေက ဟန့်တား၍ ရွာပေါင်း နှစ်ရာကျော်ကို မကောက်နိုင်ခဲ့ သော်လည်း ဧပြီ ၂ရက်တွင် သန်းခေါင်စာရင်းကောက်ခံသူများအား လုံခြုံရေးဆောင်ရွက်ပေးသည့်အတွက် ဧပြီ ၆ ရက်အထိ ၅၆ရွာ ကောက်ခံပြီးဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်တွင်လည်း ကေအိုင်အေ၏ ဟန့်တားမှုကြောင့် ၅၄ ရွာ မကောက်ခံနိုင်သော်လည်း လုံခြုံရေးဆောင်ရွက်ပေးခြင်းကြောင့် ဧပြီ ၆ရက်အထိ ၃၇ ရွာ ကောက်ခံပြီးဖြစ်ကာ ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ခံမှု၏ ၇၀ ဒသမ ၃ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

‘‘လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ဝန်ထမ်းဦးစီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ မနေ့က ‘၀’အထူးဒေသက ပြန်ရောက်ပါတယ်။ ‘ဝ’ဒေသမှာ ဒေသခံများကို လေ့ကျင့်ပြီးကောက်တာ အားလုံး အဆင်ပြေတယ်။ ကေအိုင်အေနဲ့ ဘင်္ဂါလီတွေပဲ နားလည်မှုလွဲပြီးအဟန့်အတားဖြစ်နေပါတယ်။ ရန်ကုန်ကျောက်တံတားမြို့နယ်မှာ အစ္စလာမ်ဘာသာဝင်အချို့ ရိုဟင်ဂျာလို့ပြောတာရှိတဲ့အတွက် စာရင်းကောက်မှုလုပ်လို့မရတဲ့ ဖြစ်စဉ်အချို့ရှိတယ်လို့သိရပါတယ်။ အများစုကတော့ နောက်ပိုင်းမှာ အမှန်အတိုင်းပြန်ဖြေကြတယ်လို့ သိရပါတယ်’’ဟု အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောသည်။

‘‘တချို့အိမ်တွေထဲက ကျွန်တော်တို့က ရိုဟင်ဂျာပါ။ ပြည်ထောင်စုလူမျိုးပါ။ ဘာလို့ဖောင်ထဲမပါတာလဲမေးတယ်။ ကိုယ်လည်းသေချာရှင်းပြရတယ်။ သူတို့ပြောတာ သေချာမှတ်တယ်။ လွဲသွားရင် အားလုံးနစ်နာမှာ။ သွားကောက်တော့လည်း တချို့ အိမ်တွေက အဆင်ပြေတယ်။ လူမှုရေးသိတတ်တယ်။ တချို့ကျ တော့ တော်တော်လေးဆက်ဆံရတာခက်တယ်။ လူမျိုးစုံပဲ’’ဟု သာကေတမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူသည့် အထက်တန်းပြဆရာမတစ်ဦးက  ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံမှုများမှာ ဧပြီ ၁၀ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

7 Days News