သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း၏ စိန်နဂါး ပရိဘောဂလုပ်ငန်းအား တရားမ၀င်သစ်ကိစ္စဖြင့် စစ်ဆေးနေမှု ငါးရက်ကြာသည်အထိ တိကျသောအဖြေ မထွက်သေး

ပို့စ်တင်ချိန် - 4/08/2014 02:51:00 PM




တရားမ၀င်သစ်များဖြင့် ပရိဘောဂလုပ်ငန်း လုပ်ကိုင်နေသည်ဟုဆိုကာ ရှမ်းပြည်နယ် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းပိုင်ဆိုင်သော စိန်နဂါးပရိဘောဂ လုပ်ငန်းအား သီပေါမြို့ခံ တစ်ဦး၏ တိုင်ကြားခဲ့မှုအပေါ် မြို့နယ်သစ်တော ဦးစီးဌာနမှ စစ်ဆေးနေမှု ငါးရက်ကျော်လာသော်လည်း တိကျသော အဖြေထွက်ပေါ် မလာသေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂ ရက်က သီပေါမြို့ ဇာတ်စုရပ်တွင် နေထိုင်သူ ဦးထွန်းရွှေ(ခ) ဦးဒေါ်လာက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းပိုင် စိန်နဂါးပရိဘောဂ လုပ်ငန်းတွင် တရားမ၀င်သစ်များဖြင့် လုပ်ကိုင်နေကြောင်း မြို့နယ်သစ်တော ဦးစီးဌာနသို့ သွားရောက်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။ ၎င်း၏တိုင်ကြားခံရသော ဦးရဲထွန်းပိုင် စိန်နဂါးပရိဘောဂ လုပ်ငန်းမှာ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်တွင် တည်ရှိပြီး ဧပြီ ၂ ရက်က ၀င်ရောက်စစ်ဆေးခဲ့ကာ ထော်လာဂျီနှစ်စီးဖြင့် သစ်အချို့ကို မြို့နယ်သစ်တောဌာနသို့ သိမ်းဆည်းသွားခဲ့ပြီး ကျန်ရှိသည့် သစ်များကို ဧပြီ ၆ ရက်အထိ အဆိုပါ လုပ်ငန်းနေရာ၌ တိုင်းထွာစစ်ဆေး နေဆဲဖြစ်သည်။

"ပရိဘောဂလုပ်ငန်းကို ကျွန်တော့် အမျိုးသမီးက ဦးစီးလုပ်ကိုင်တာဖြစ်ပြီး ကျွန်တော့်အနေနဲ့ ဘာမှဝင်ရောက် မစွက်ဖက်ပါဘူး။ အခုဖြစ်စဉ်က တိုင်တဲ့သူရှိလို့လည်း ဒါတွေကိုစစ်ဆေးပြီး ရှင်းထုတ်သွားတာပေါ့။ ကျွန်တော်တို့ဆီက စာရွက်စာတမ်းတွေလည်း တစ်ခါတည်းပေးပို့ ထားပြီးပါပြီ။ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိသေးပါဘူး" ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

စိန်နဂါး ပရိဘောဂလုပ်ငန်းမှ ဖမ်းဆီးရမိသော သစ်ပမာဏနှင့် ပတ်သက်၍ သီပေါမြို့နယ် သစ်တောဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းရာတွင် တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးစိုင်းအောင်ဖေက "ဦးစီးမှူးက ခရီးသွားနေလို့ မရှိပါဘူး။ သစ်တွေကို တိုင်းထွာစစ်ဆေးဆဲမို့ သစ်တန်ပမာဏ အတိအကျ မသိရသေးပါဘူး" ဟု ပြန်လည်ဖြေဆိုသည်။

"အခုသစ်တွေက အလုံးလိုက်မဟုတ်ပါဘူး။ ခွဲခြမ်းအတိုတွေဆိုတော့ တိုင်းထွာ ရတာကြာတာပေါ့။ အလုပ်ရုံအ၀င်အထွက် လမ်းကလည်း တော်တော်ကျဉ်းတာရယ် စစ်ဆေးတဲ့သူကလည်း နည်းတာကြောင့် အချိန်ကြာနေတဲ့ သဘောပါ။ ကျွန်တော်တို့မှာ သစ်ခွဲစက်အတွက် လုပ်ငန်းလိုင်စင်၊ ပရိဘောဂ လုပ်ငန်းလိုင်စင်တွေ အကုန်ရှိပါတယ်။ သစ်ပါမစ်တွေကိုလည်း ပေးထားပြီးသားပါ" ဟု ဦရဲထွန်းက ဆိုသည်။

"လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ပိုင်ဆိုင်တဲ့လုပ်ငန်းမှာ တရားမ၀င် လုပ်ကိုင်တာမျိုး ရှိနေတာကို အများသိအောင်လို့ သွားတိုင်တယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ အများအကျိုးထက် ကိုယ်ကျိုးအတွက် လုပ်နေတာမျိုး မဖြစ်အောင် ကျွန်တော်ကိုယ်တိုင် သစ်တောရုံးကိုသွားပြီး နေရာအထိ လိုက်လံပြသခဲ့တာ။ အလုပ်ရုံနဲ့ နေအိမ်ခြံဝင်းနှစ်ခုလုံးကို တိုင်ခဲ့ပေမယ့် အလုပ်ရုံကိုပဲ စစ်ဆေးခဲ့တာ။ နေအိမ်မှာရှိတဲ့ သစ်တွေက ညတွင်းချင်း ပြောင်းရွှေ့သွားတယ်လို့ သိရတယ်။ နောက်ပြီးအခုထိ စစ်ဆေးနေဆဲလို့ ပြောနေပြီး သစ်တန်ပမာဏ ဘယ်ရွေ့ဘယ်မျှဆိုတာ မပြောနိုင်သေးဘူး။ ဒါကပွင့်လင်းမြင်သာမှု မရှိတာပါ။ တကယ်တမ်း အခုချိန်မှာ သစ်တန်ဘယ်လောက်ဆိုတာ ထွက်လာသင့်ပြီ။ နောက်ပြီး သစ်ပါမစ် ကိစ္စမှာလည်း ရိုးသားတယ်လို့ မယုံကြည်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်တာကြောင့် အခုလိုအချိန်ကြန့်ကြာနေသလား။ နောက်ဆုံးဘယ်လိုအဖြေ ထွက်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်" ဟု တိုင်ကြားခဲ့သူ ဦးထွန်းရွှေ(ခ) ဦးဒေါ်လာက ပြောကြားသည်။

(တိုင်ကြားခံရသော စိန်နဂါးပရိဘောဂ လုပ်ငန်းအား သက်ဆိုင်ရာက စစ်ဆေးနေသည်ကိုတွေ့ရစဉ်)

Eleven Media Group