ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ဖက်ဆစ်တွေကို ခေါ်သွင်းခဲ့တာလား?


ဓာတ်ပုံ ဟောင်ကောင်ကို ဝင်ရောက်သိမ်းပိုက်လာသော ဂျပန်ဘုရင့်တပ်မတော်
(၁၉၄၁ ဒီဇင်ဘာလ)

ဗိုလ်ချုပ်အောင်ဆန်းဂျပန်ကို သွားခေါ်လာတယ်ဆိုလို.ပါ။
-------------------------------------------------------------
အဲဒါကြောင့် သခင်ကိုယ်တော်မှိုင်း " အောင်ဆန်းမင်းပင့်လာတဲ့
ဘုရားတွေမင်းပြန်ပင့်သွားဆိုတော့ " ဗိုလ်ချုပ်အောင်ဆန်းက
သခင်ကိုယ်တော်မှိုင်း ကို"ဆရာကြီး အဲဒီဘုရားတွေက ကျနော်မပင့်လဲ သူ့ဟာသူ ကြွ လာမှာဘဲ"လို့ ပြန် ပြောခဲ့တာ။
--------------------------------------------------------------

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ရန်အောင်ဟာ အမွိုင်ကို တရုတ်ထံက အကူ
အညီတောင်းဖို့ ထွက်သွားတာပါ ၊ဟို ရောက်တော့ အမွိုင်ကို ဂျပန်က
သိမ်းထားပြီးပြီ၊ တရုတ်ထံက အကူအညီတောင်းဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ရန်အောင်အမွိုင်မှာ ရှိနေတယ် ဆိုတာကို မြန်မာပြည်တွင်း က ဂျပန် စပိုင်တွေကလှမ်းပြောတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ရန်အောင်ကို
ဂျပန်တွေက တိုကျို မြို့ ဂျပန်ဘုရင် စစ်ဌာနချုပ်ကို ခေါ်သွားပြီးတော့
မြန်မာပြည်စစ်ဆင်ရေးစီမံကိန်းကို ပြတာစစ်ဆင်ရေးမှာ ဖြတ်သန်းမယ့်
မြစ်မပြောနဲ့ချောင်း တွေမှာတောင် ရေစူး ဘယ်လောက်ရှိတယ်ဆိုတာ ဂျပန်ကသိပြီးသား၊ဂျပန်နဲ့မပေါင်းလဲ ဂျပန်ကဝင်တိုက်မှာဘဲ ၊ဗိုလ်ချုပ်
အောင်ဆန်းနဲ့ ဗိုလ်ရန်အောင် မပေါင်းဘူးလို့ပြောရင် ဖြောင် ဖို့တောင်
စီစဉ်ထားပြီးသားပါ။

အဲဒါကြောင့် သခင်ကိုယ်တော်မှိုင်း " အောင်ဆန်းမင်းပင့်လာတဲ့ ဘုရားတွေမင်း ပြန်ပင့်သွားဆိုတော့ " ဗိုလ်ချုပ်အောင်ဆန်းကသခင်
ကိုယ်တော်မှိုင်း ကို"ဆရာကြီး အဲဒီဘုရားတွေက ကျနော်မပင့်လဲ
သူ့ဟာသူ ကြွ လာမှာဘဲ"လို့ ပြန် ပြောခဲ့တာ။

(ဒေါက်တာသန်းထွန်းက အဲဒါကြောင့်ပြောတာသမိုင်းမသိရင် "အ"တယ်လို့)

The Japanese knew little about Burma at the time and had few contactswithin the country. The top Japanese agent in the country was Naval Reservist Kokubu Shozo, who had been resident there for several years and had contacts with most of the anti-British political groups. Suzuki visited Burma secretly in September 1940, meeting with political leaders Thakin Kodaw Hmaing and Thakin
Mya. The Japanese later made contact with a Burmese student
activist in China named Aung San. Aung San had left Burma in 1940 and had entered China in an attempt to make contact with communists in the country.He reached Amoy, where he was detained by Suzuki.

ရေးသားတင်ပြသူ-ဧရာထွဏ်း
Tomorrow

အိန္ဒိယ မုဒိမ်းမှု ဆန္ဒပြသူတွေကို ရဲက ဖြိုခွင်း



အမှုအပေါ် ကိုင်တွယ်ပုံကြောင့် ပြည်သူအကြား အမျက်ဒေါသ ကျယ်ပြန့်လာခဲ့
အိန္ဒိယ နိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ် ပြည်နယ်မှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး အတွက် တောင်းဆို ဆန္ဒပြကြတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ပြည်နယ် ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။

အမျိုးသမီးတွေ အများစု ဖြစ်တဲ့ ဒီ ဆန္ဒပြသူတွေဟာ လက်ခ်နောင်း မြို့က ပြည်နယ် ဝန်ကြီးချုပ် ရုံးကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အဲဒီပြည်နယ်မှာ ဝမ်းကွဲ ညီအမ နှစ်ဦး မတရားပြုကျင့်ခံရပြီး သစ်ပင်မှာ ကြိုးဆွဲချ သတ်ဖြတ်ခံရမှု ဖြစ်ခဲ့ပြီးနောက် အများပြည်သူ အကြားမှာ အမျက်ဒေါသတွေ ကျယ်ပြန့်လာခဲ့ပြီး အခုလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတာပါ။

အဲဒီ ဝမ်းကွဲ ညီအမ နှစ်ဦး ပျောက်ဆုံး သွားလို့ ရဲကို တိုင်းကြားခဲ့တုန်းက ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန် ဆောင်ရွက်မှုဟာ နာရီနဲ့ချီ အချိန်ကြာမြင့်ခဲ့တယ်လို့ ညီအမ နှစ်ဦးရဲ့ ဆွေးမျိုးသားချင်းတွေက ပြောပါတယ်။

အခုတော့ ဒီရာဇဝတ်မှုနဲ့ ဆက်စပ်ပြီး ရဲ ၂ ဦး အပါအဝင် လူ ၅ ဦးကို ဖမ်းဆီးထားပြီလို့ ဆိုပါတယ်။

BBC

မန္တလေးမြို့က ပလက်ဖောင်း ပျိုးခင်း ပရဟိတ အဖွဲ့ကို သွားရောက် လှူဒါန်းခဲ့တဲ့ အေးမြတ်သူ




အေးမြတ်သူက ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို ပညာဒါ နပြုလုပ်ပေးနေတဲ့ မန္တလေးမြို့က ပလက်ဖောင်း ပျိုးခင်း ပရဟိတ အဖွဲ့ကို မေလ၂၆ ရက်နေ့က ငွေကျပ် ၃သိန်း နဲ့ ကြက်ဆီ ထမင်းများကို လှူ ဒါန်းခဲ့ပါတယ်။ ဒီအဖွဲ့အကြောင်း ကို အွန်လိုင်းမှာ ဖတ်ရ တာကြောင့် လှူ ဒါန်းချင် ခဲ့ခြင်းဖြစ်ကြောင်း ကိုအေး မြတ်သူက..

“အခုတလော ကျွန်တော်လည်း ဖေ့စ်ဘုတ် သုံးဖြစ်တော့ အွန်လိုင်း ကနေတွေ့တာ ညဘက်ဆို သူတို့အဖွဲ့က စာသင်ပေးတဲ့ အကြောင်း လေးပေါ့။ စသိကတည်းက စိတ်ထဲမှာ သိ တယ်။ မန္တလေးလည်း မကြုံဘူး။ သွားလေ့ သွားထလည်း သိပ်မရှိဘူး။ အလုပ်ရှိမှ သွားဖြစ်တယ်။ ပြီးခဲ့တဲ့ အပတ်က မန္တလေးကို အလုပ်ကိစ္စနဲ့ သွား ရ တော့ ဒီအဖွဲ့ကို ဘယ်လိုလှူရမှန်း မသိဘူး။ ဘယ်ကို ဆက်သွယ်ရမှန်းလည်း မသိဘူး။ မန္တလေးမှာ မြို့ခံဖြစ်တဲ့ မသက်ထားဦး ကို အဲဒါ လှူချင်တယ် ဆိုပြီး မေး ကြည့်တော့ အစ်မက စုံစမ်းပေးတယ်။ ဘာလှူ ရင်ကောင်းမလဲ။ စာအုပ်လှူရင် ကောင်းမလား ဆိုပြီး စဉ်းစားကြ တယ်။ ပိုက်ဆံဆိုရင် ပိုအဆင်ပြေမယ်။ ကျောင်း အပ်ချင်တဲ့ ကလေးတွေ လည်း ကျောင်းအပ် လို့ရတယ်။ စာသင်ဖို့ အတွက် အထောက်အကူပြု မယ်ဆိုပြီး အနုပညာကြေးက ရရှိတဲ့ ပိုက်ဆံ တချို့ တဝက်ကို လှူလိုက် တယ်။ ကြက်ဆီ ထမင်း လည်း ကျွေးဖြစ်တယ်။ ကိုယ်နိုင်သလောက်ပေါ့။ ဒီပလက်ဖောင်း ပျိုးခင်းအဖွဲ့လေး အရင်က ပလက်ဖောင်းလေး မှာပဲ ညဘက်ဆိုရင် ကလေး တွေကို စုပြီး စာသင်ပေး တယ်။ တချို့ကျတော့ လည်း မိဘဈေးရောင်းတော့ ကျောင်းမထား နိုင်တဲ့ ကလေးတွေ ရှိတယ်။ တချို့ကျတော့ လည်း ကျောင်း တက်နိုင်ပေမယ့် ကျူရှင်မတက်နိုင်တဲ့ ကလေးတွေ ရှိတယ်။ ဆရာမတွေကလည်း အခကြေးငွေ မယူဘဲနဲ့သင်ပေး နေတာ။ ဆရာတော် တစ်ပါး ဦးစီးတယ်။ ပညာရေး အတွက် ဆိုတော့ ကိုယ် လည်း ကျောင်းတွေ လည်း မကြာခင် ဖွင့်တော့မယ်လေ။ လှူဒါန်းချင် သွားတာ ပါ”လို့ ပြောပါတယ်။

ကျောင်း မတက် နိုင်တဲ့ ကလေးတွေကို ပညာဒါန လုပ်ပေး တဲ့ ပလက် ဖောင်းပျိုး ခင်းလို ပရဟိတ အဖွဲ့ကို သဘောကျ မိပြီး တစ် ခါတလေ မန္တလေး မှာ နေဖြစ်ခဲ့ရင် ည ဘက်ကို ကလေး တွေကို စာသွား ပြချင်တဲ့ စိတ်ကူး မျိုး ဖြစ်ပေါ်မိ တယ်လို့ ပြောပါ တယ်။ အခုလို ကိုယ်တိုင်သွား အားပေးတဲ့ အ တွက်လည်း ကလေးတွေ ရဲ့စိတ် ထဲမှာ ပလက်ဖောင်း ပျိုး ခင်းလေးမှာ နေ့ တိုင်း ပိုပြီးကျောင်း တက်ချင် စိတ်ဖြစ် ပေါ်နိုင်သလို ပို လူ သိလာပြီး အလှူ ရှင်တွေလည်း ပို များလာဖို့ မျှော် လင့်ကြောင်း အေး မြတ် သူကပြောပါ တယ်။

ခိုင်ဝေလွင်
ဓါတ်ပုံ - Thet Htar Oo facebook

Popular Journal

ဗြိတိန်တွင် သွေးစုပ်ဖုတ်ကောင် ၁၅ဝဝဝ ခန့်ရှိ



ဝေးလ်- ဝေလမြောက်ပိုင်းရှိ Glyndwr တက္ကသိုလ်မှ စိတ်ပညာရှင် ဒေါက်တာဝီ လီယံက ဗြိတိန်မှာ သွေးစုပ်ဖုတ်ကောင် မြေအောက်ကွန်ရက်အဖွဲ့အစည်း တစ်ခုရှိနေပြီး သွေးသောက်သုံးသူ ၁၅ဝဝဝ ခန့် ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေကျေနပ်နပ်သွေး လှူသူ ၃ဝဝဝဝခန့်ရှိနေတယ်လို့လည်း သိရ ပါတယ်။ ဒေါက်တာဝီလီယံဟာ သွေးစုပ် ဖုတ်ကောင်များကို သုတေသနပြုလုပ်လေ့ လာနေသူတစ်ဦးဖြစ်ပြီး သူတို့တွေကို စိတ် ပိုင်းဆိုင်ရာပုံမှန်မဟုတ်သူ ဒါမှမဟုတ် ရူး သွပ်နေသူများလို့ မယူဆဘူးလို့ ဆိုပါတယ်။ ဒေါက်တာဝီလီယံဟာ သွေးစုပ်ဖုတ်ကောင် များရဲ့ ဆက်သွယ်မှုကွန်ရက်ကို သုတေသန ပြုလုပ်လိုပြီး သူတို့တွေကို အန္တရာယ်ရှိသူ အဖြစ် မသတ်မှတ်ဖို့နဲ့ နားလည်မှုပေးပြီး လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြုပေး ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဒေါက်တာဝီလီယံက သူတို့ရဲ့ အပြုအမူဟာ ဘာသာရေးဆိုင်ရာယုံကြည် မှုတစ်ခုဖြစ်ပြီး လူတိုင်းမှာ မတူညီတဲ့ယုံ ကြည်ချက်တွေရှိကြတယ်လို့ ဆိုပါတယ်။ ဒေါက်တာဝီလီယံက သွေးသောက်သူများ ဟာ နိုင်ငံတိုင်းမှာရှိကြပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ပိုများတယ်လို့ဆို ပါတယ်။ သူတို့ဟာ အစုအဖွဲ့လိုက်ရှိပြီး သူ များဆီက သွေးကိုသောက်သုံးပြီး အင်အား ရယူကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ မှာ ဥပဒေစည်းမျဉ်းရှိပြီး ဘယ်သူ့ဆီက သွေးကို ယူသင့်တယ်၊ မယူသင့်ဘူးဆိုတဲ့ ကန့်သတ်ချက်များရှိတယ်လို့ ဆိုပါတယ်။

တချို့သွေးသောက်သူများဟာ ကြည်ကြည်ဖြူဖြူ သွေးလှူသူများရဲ့သွေး ကိုသာ သောက်သုံးကြပြီး သွေးလှူသူရဲ့ ခန္ဓာကိုယ် တချို့အစိတ်အပိုင်းတွေကသာ သွေးထုတ်ယူနိုင်ပြီး အလွန်တရာရယူခြင်း ကိုလည်း တားမြစ်ထားခြင်းရှိတယ်လို့ သိရပါတယ်။ မြေအောက်သွေးစုပ်ဖုတ် ကောင်(သွေးသောက်သုံးသူများ) အသိုင်း အဝိုင်းဟာ အလွန်လျှို့ဝှက်စွာ သိုသိပ်နေ ထိုင်ကြပြီး ချဉ်းကပ်ဖို့ခက်ခဲပေမယ့် သူ့ အနေနဲ့ သုတေသနပြုလုပ်လိုခြင်းကို သွေး စုပ်ဖုတ်ကောင်များ စိတ်ဝင်စားနိုင်တယ် လို့ ယုံကြည်တယ်လို့ ဝီလီယံကဆိုပါတယ်။

Ref: Daily Mirror
Yangon Media Group

3D printer ဖြင့် ဖန်တီးထားသည့် စက်ရုပ်များကို ရောင်းချရန် Intel အသင့်ရှိနေ


3D printer ဖြင့် ထုတ်လုပ်ထားသည့် အစိတ်အပိုင်း များဖြင့် ပြုလုပ်ထားသော လမ်းလျှောက်နိုင်ပြီး စကားပြော နိုင်သည့် စက်ရုပ် တစ်မျိုးကို Intel က မိတ်ဆက်ပေး ခဲ့သည်။ အဆိုပါ စက်ရုပ်ကို ယခု နှစ်ကုန်ပိုင်းတွင် သုံးစွဲသူ များထံ အမေရိကန်ဒေါ်လာ ၁,၆ဝဝ ဖြင့် ရောင်းချမည် ဖြစ်သည်။

Jimmy ဟုခေါ်သည့် အဆိုပါ စက်ရုပ်ကို Intel ကုမ္ပဏီမှ အမှုဆောင်ချုပ် Brian Krznich က ကယ်လီဖိုးနီးယား ပြည်နယ်၊ ရန်ချိုပါလော့စ်ဗာဒက်စ် မြို့ရှိ Recode Code conference တွင် မိတ်ဆက် ပေးခဲ့ခြင်း ဖြစ်သည်။ အရပ် ၂ ပေရှိသည့် အဖြူရောင် စက်ရုပ်သည် Code conference စင်မြင့်တွင် လမ်းလျှောက်ပြီး လက်ဝှေ့ယမ်းကာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Intel ၏ အဆိုအရ Jimmy စက်ရုပ်သည် သုတေသန စက်ရုပ် တစ်ခု ဖြစ်သော်လည်း ကုမ္ပဏီက 3D printer နှင့် ထုတ်လုပ် ဖန်တီးထား သည့်အတွက် အဆင့်မြင့် စက်ရုပ်ထက် ကုန်ကျစရိတ် နည်းပါးကြောင်း၊ သို့သော် 3D printer ဖြင့် မပြုလုပ်နိုင်သည့် မော်တာများနှင့် Intel Edison ပရိုဆက်ဆာ တို့ကို တွဲဖက် ကုမ္ပဏီ များမှ ဝယ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

Jimmy စက်ရုပ်သည် သီချင်း သီဆိုခြင်း၊ ဘာသာပြန်ပေးခြင်း၊ tweet များ ပေးပို့ခြင်းနှင့် ဘီယာ ငှဲ့ပေးခြင်း တို့ကို ပြုလုပ်ပေး နိုင်သည်။ ထို့အပြင် အဆိုပါ စက်ရုပ်ကို ပိုင်ဆိုင်သူများ အနေဖြင့်လည်း ထူးခြား ဆန်းသစ်သည့် လုပ်ဆောင်ချက် များကို စီစဉ် သတ်မှတ်ပေး ထားနိုင်ကြောင်း၊ ထို့အပြင် app များကို download ပြုလုပ် သကဲ့သို့ ပရိုဂရမ် များကို ပိုင်ရှင် အချင်းချင်း ဝေမျှနိုင်မည် ဖြစ်ကြောင်း သိရသည်။

Intel ကမူ အဆိုပါ စက်ရုပ်များကို ၅ နှစ်အတွင်း အမေရိကန် ဒေါ်လာ ၁,ဝဝဝ အောက်ဖြင့် ရောင်းချနိုင်အောင် ဆောင်ရွက်သွားမည် ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

Internet


ပုတီးကုန်း အထက်တန်းကျောင်း စင်္ကြန်လမ်ပျိုကျ ကျောင်းသား/သူ ၁၇ဦးဒဏ်ရာရ ကျောင်းသူတစ်ဦးကို ရန်ကုန်ဆေးရုံကြီးသို့ နေချင်းပို့ရ




ရေခဲ (ပြည်)
ပုတီးကုန်း၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ပုတီးကုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန်လ ၂ရက် နံနက်က ကျောင်းစင်္ကြန်လမ်း ပြိုကျရာမှ ကျောင်းသား/သူ ၁၇ဦး ဒဏ်ရာရရှိခဲ့သည်ဟု သဲကုန်းမြို့နယ်
လက်ထောက်ပညာရေးမှူး ဦးအေးလွင်က မဇ္ဈိမကို ပြောသည်။

“ကျောင်းသားတွေ အတန်းထဲ ၀င်လာတဲ့အချိန် စင်္ကြန်လမ်းယက်မ မခိုင်တော့ တအိအိနဲ့ ပြုတ်ကျသွားတယ်” ဟု လက်ထောက် မြို့နယ်ပညာရေးမှူး ဦးအေးလွင်ကပြောသည်။

ထိုနေ့နံနက် ၈နာရီ အချိန်က ပုတီးကုန်းအထက်တန်းကျောင်း ပတ္တမြားဆောင် အပေါ်ထပ် စင်္ကြန်လမ်းရှိ အဋ္ဌမတန်း(D) ရှေ့ ၀ရန်တာပြိုကျ သဖြင့် အတန်းထဲဝင်မည့် ၈တန်း ကျောင်းသားများ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြုတ်ကျသွားသဖြင့် ဒဏ်ရာရရှိသည့် ကျောင်းသား/ကျောင်းသူ ၁၇ဦးထဲမှ ၉ဦးမှာ ပုတီးကုန်း ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေရပြီး ၈ဦးမှာ အပြင်လူနာ ဆေးကုသမှုခံယူခဲ့သည်။ အတွင်းလူနာအဖြစ် ကုသနေရသည့်အထဲမှ မသဲပုံချစ်ကိုမူ ထိုနေ့၌ပင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။

ရန်ကုန်သို့ ပို့ဆောင်လိုက်ရသည့် မသဲပုံချစ်မှာ ခါးဆစ်ကျိုးဒဏ်ရာဖြစ်ပြီး ကျန်အတွင်းလူနာများမှာ လက်ကျိုးသူတစ်ဦး၊ လက်ဆစ်ယောင်သူတစ်ဦး နှင့် ပွန်းပဲ့ဒဏ်ရာများသာ ဖြစ်သည်ဟု ပုတီးကုန်းဆေးရုံက တာဝန်ကျဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

အတွင်းလူနာဖြစ်နေသူ မောင်ကျော်ဇင်ခန့်မှာ သတင်းရေးချိန် ဇွန်လ ၂ရက် ညနေ ၆နာရီခန့်အထိ ဒဏ်ရာမသက်သာသေးဘဲ မထိုင်နိုင်သေးကြောင်း ကျောင်းသားမိဘ တစ်ဦးကပြောသည်။
“အဆုတ်ဘက်ကျောကုန်းက အောင့်တယ်လို့ပြောတယ်။ မထိုင်နိုင်သေးဘူး။

အသက်ရှူရင်အောင့်တယ်လို့ပြောတယ်”ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
ယခုပြိုကျခဲ့သည့် ပုတီးကုန်း အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဆောင်ကို ၁၉၅၂ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နှစ်ထပ်ပတ်ကား ကျောင်းဆောင်ဖြစ်သည်။

ပုတီးကုန်း အခြေခံပညာအထက်တန်း ကျောင်းတွင်မူလတန်းမှ အထက်တန်းအထိ ကျောင်းသား/သူ ၁၄၉၉ဦး ပညာသင်ကြားနေသည်။
ပုံစာ- ပြိုကျခဲ့သည့် ပုတီးကုန်းအခြေခံပညာ အထက်တန်းကျောင်း ပတ္တမြားဆောင်ကို ဇွန်လ ၂ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ရေခဲ၊ပြည်)

Mizzima - News in Burmese

Poor posture and Health အနေအထိုင်နဲ့ကျန်းမာရေး


သမီးမသိလို့ပါ။ တစ်ခုလောက်ထပ်မေးချင်ပါတယ်။ သမီးဘုရားရှိခိုးပြီးရင်ခြေထောက်တွေက ပြန်ထဖို့အတွက် ဒူးခေါင်းတွေက မထနိုင်ဘဲနာနေပါတယ် ပြီးတော့ ဆေးကုလည်းခဏပါဘဲ လူကြီးတွေအများဆုံးဖြစ်ပါတယ်။ သူတို့လည်း ကုပေမယ့် မရပါဘူး။ ဘယ်လိုကုရင်သက်သာနိုင်မလဲဆိုတာ သိချင်ပါတယ်ဆရာ။

လူဆိုတာ လျောင်း-ထိုင်-ရပ်-သွား ဣရိယာပုတ်လေးပါး မျှတနေဘို့လိုပါတယ်။ သူများနိုင်ငံတွေကိုသွားပြီး အလုပ်လုပ်ကြရသူတွေဟာ များသောအားဖြင့် အကြာကြီးဆက်တိုက် မတ်တပ်ရပ် အလုပ်လုပ်ရတဲ့ ဒုက္ခကိုခံကြရတယ်။ အရောင်းဆိုင်တွေမှာ ဝယ်သူမလာချိန်မှာတောင် ထိုင်နေဘို့ရာ ထိုင်ခုံပေးမထားပါ။ မြန်မာပြည်မှာ ဆေးလိပ်သမတွေက တချိန်လုံးထိုင်နေရတယ်။ ခုခေတ်လူရွယ်တွေ ကွန်ပြူတာရှေ့မှာ အကြာကြီးထိုင် အလုပ်လုပ်ရတယ်။ ကိုယ်အနေအထား တခုခုမှာ မပြုပြင်ဘဲ အချိန်ကြာကြာနေရလေလေ ကျန်းမာရေးကို သက်ရောက် ထိခိုက်လေဖြစ်ပါမယ်။

“သွေးလေမလျှောက်ဘူး” လို့ အရပ်ပြော ပြောလေ့ရှိတယ်။ မမှားပါ သွေးလှည့်ပတ်မှုကို သက်ရောက်မယ်။ အာရုံကြောကို ဖိထားသလိုနေလို့ ထုံတာကျင်တာဖြစ်မယ်။ သွေးပြန်ရည်စနစ်ကို ဖိထားခံရလို့ ရောင်တာဖြစ်မယ်။ ဖိထားခံရတဲ့ (တစ်ရှူး) တွေ ဒဏ်ခံရမယ်။ ဒါ့ပြင် စိတ်ဖိအားလဲ ဖြစ်စေနိုင်တယ်။

အသက်ကြီးသူတွေမှာ ပိုဆိုးတယ်။ ဆိုးဝါးတဲ့၊ အသက်ကိုပါရန်ရှာနိုင်တဲ့ သွေးကြောထဲ သွေးခဲဖြစ်ပြီး ပိတ်တာမျိုး ဖြစ်လာစေနိုင်တယ်။ ခါးနာ၊ ခါးရိုးဆစ်ထဲကအာရုံကြောအလုပ်နည်းတာ၊ အဆစ်နာ၊ ပခုံးလုံးဝန်းရောဂါ၊ ဗိုက်ပူတာတွေ ဆက်ဖြစ်နိုင်တယ်။ အဆစ်နဲ့ကြွက်သားတွေနာမယ်။ ခေါင်းကိုက်မယ်။ အနေအထား ဂရုမစိုက်နိုင်ရင် အဆစ်နာနေသူတွေကို ပိုဆိုးစေမယ်။ လူရုပ်ကို မလှစေဘူး။

လူတွေကို ဘေးတိုက်ကြည့်လိုက်ရင် ကလေးငယ်ဘဝမှာ အင်္ဂလိပ်စာလုံး “အက်စ်” လိုရှိတာတွေ့ပါမယ်။ အသက်ရလာတာနဲ့ “အက်စ်” ကနေ “စီ” လိုဖြစ်လာတော့တယ်။ အကြံပေးချက်ရိုးရိုးလေးကတော့ “သင့်ကြွက်သားစကား နားထောင်ပါ” တဲ့။ နာလာ-ညောင်းလာရင် ကြွက်သားက ပြောလာလိမ့်မယ်။ ဘာလုပ်ပေးရမလဲဆိုတာကိုလဲ ရိုးရိုးလေး ပြောရရင် “ဖြစ်နေခဲ့တာကို ပြောင်းပြန်လုပ်လိုက်ပါ”။ ကုန်းနေရရင် ဆန့်လိုက်ပါ။ ထိုင်နေရရင် ရပ်လိုက်ပါ။

နားလို့ ထိုင်နေရတာမှာလဲ ဇိမ်ကျကျနေရတာ မကောင်းပါ။ ပြော့အိတဲ့မျက်နှာပြင်မှာ ကြာကြာမထိုင်သင့်ပါ။ ပက်လက် ကုလားထိုင်၊ စပရင်ကိုလားထိုင်၊ ကြိုးတပ်ကုတင်ပေါ်မှာ မှာလဲ ကြာကြာမထိုင်သင့်ပါ။ အိပ်တဲ့အခါ မွေ့ယာဆိုတာ ကိုယ့်ခါးနဲ့ အနေတော်သင့်တယ်။ ခေါင်းအုံးက ကိုယ်လည်ပင်းနဲ့ အနေတော်ရမယ်။ အသက်ရလေလေ မာကြောတဲ့ မျက်နှာပြင်နဲ့ သင့်လေလေဖြစ်တယ်။ မာလွန်း၊ ကြမ်းလွန်းတာလဲ မကောင်းပါ။

စမတ်ကျကျဆုံလည်ကုလားထိုင်မှာထိုင်ပြီး ကွန်ပြူတာရှေ့ အလုပ်လုပ်ရသူတွေမှာလဲ မျက်စိကိုထိခိုက်စေတယ်။ “မိနစ် ၂ဝ ကြာရင် ပေ ၂ဝ အကွာကို စက္ကန့် ၂ဝ ကြာကြည့်ပေးပါ။”

ဖိခံနေရတဲ့ တင်ပါးမှာ သွေးလျှောက်တာနည်းလို့ အနာပေါက်တာဖြစ်နိုင်တယ်။ ဗက်တီးရီးယးတွေက လူ့ကိုယ်မှာ အပြင်မှာရော အထဲမှာပါရှိနေတယ်။ သူတို့ကြိုက်တဲ့အခြေအနေဖြစ်လာရင် ပေါက်ပွါးများပြားလာတယ်။ ဒဏ်ခံနေရတဲ့ အရေပြားထဲကို ဝင်လာနိုင်တယ်။ အနာပေါက်မယ်။ တချို့က ပြည်တည်စေမယ်။ FIA ဂရင်ဂျီနာပေါက်နေသူတွေက ကရွတ်ခွေနဲ့သာ ထိုင်ကြရတယ်။

အမျိုးသမီးကျန်းမာရေးအတွက် သတ်သတ်မှတ်မှတ်ပြောလိုတာရှိပါတယ်။ အထိုင်များရင် စဉ်းစား ကြည့်ပါ။ လေဝင်တာ မရသလောက်နည်းမယ်။ အပူချိန်များမယ်။ ချွေးပိုထွက်မယ်။ ပူအိုက်စိုထိုင်းတာကို ဖန်းဂတ်စ် (မှို) တွေကကြိုက်တယ်။ ဒါကြောင့် မိန်းကလေး အပျိုစစ်စစ်တွေမှာ အဖြူဆင်းတာဖြစ်စေနိုင်တယ်။

ထိုင်နေရရင် ကိုယ်အလေးချိန်က ဘယ်နဲ့ညာပေါ်မှာ ညီနေသင့်တယ်။ ဒူးကိုကွေးရရင် ၉ဝ ဒီဂရီရှိတာက အကောင်းဆုံး ဖြစ်တယ်။ ခြေဖဝါးက ကြမ်းပြင်မျာ ပြားလိုက်ညီညီချထားသင့်တယ်။ အနေအထားတခုမှာ မိနစ် ၃ဝ ထက် မကြာသင့်ဘူး အသက်ကြီးသူတွေက ပိုပြီးအချိန်တိုမှာ ပြင်သင့်ကြတယ်။

ကားမောင်းရသူတွေ ထိုင်ရတာ အနေတော်ဖြစ်အောင် ဂရုစိုက်ပါ။ ခါးနောက်က တခုခု အဆင်ပြေတာရှာပါ။ ဒူးဟာ တင်ပါးနဲ့ တတန်းထဲ၊ ဒါမှမဟုတ် မြင့်နေသင့်တယ်။ စတီယာရင်နဲ့ ကိုယ်နဲ့ အနေတော် ဝေးနေစေပါ။ တခုခုကို မ,စရာရှိရင် ပေါင် ၃ဝ ထက်များတာ မကောင်းပါ။ မ,မခင် ကိုယ့်အောက်ပိုင်းက မြေပြင်-ကြမ်းပြင်မှာ ခိုင်ခိုင်မာမာ ရပ်ထားပါ။ မ,မဲ့အရာက ကိုယ့်ခါးအောက်ကဖြစ်နေတာက ပိုသက်သာတယ်။ ခါးကို မတ်မတ်ထားပြီးမှသာ မ,ပါ။ စားပွဲပေါ်ကအရာကို မမယ်ဆိုရင် စားပွဲစွန်းကို အရင်ဆွဲယူပါ။ အောက်ချတော့မယ်ဆိုရင် ဗိုက်ကြွက်သားတွေတင်းထားပါ။ ခါးနဲ့ ဒူးကွေးထားပါ။ ကုလားထိုင်အမြင့်ဟာ ကိုယ့်အရပ်အမောင်းနဲ့ အနေတော်သင့်တယ်။ အလုပ်စားပွဲကလဲ အဲလိုဖြစ်သင့်တယ်။

ကျွန်တော် တောနယ်၊ မြို့နယ်တွေမှာ ခွဲစိတ်ခဲ့ရတာအားလုံးမှာ ခွဲစိတ်ကုတင်ရယ်လို့ အတင်အချလုပ်နိုင်တာမျိုးကို တခါမှ မသုံးနိုင်ခဲ့ပါ။ ကလေးလူနာ၊ လူကြီးလူနာ၊ ကိုယ်ဝန်ဆောင်ခွဲစိတ်ရတာ အမျိုးမျိုးကို အနိမ့်အမြင့် ညှိရတာမှာ အုတ်ခဲသာ သုံးးနိုင်တယ်။ ဒါလဲ အဆင်ပြေလှတာ မဟုတ်လို့ ခါးနာရောဂါရခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ


ကမ္ဘာ့အမွေအနှစ် ညီလာခံသို့ ပျူမြို့ဟောင်းသုံးမြို့မှ ဒေသခံလေးဦး တက်ရောက်ခွင့်ရ


ရန်ကုန်၊ ဇွန် ၁

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဇွန်လ ၁၅ မှ ၂၅ ရက်အထိ ကျင်းပမည့် ကမ္ဘာ့အမွေအနှစ် ညီလာခံသို့ မြန်မာနိုင်ငံမှ ရှေ့ဟောင်း အမွေအနှစ် စာရင်းဝင်ရန် တင်သွင်းထားသည့် ဟန်လင်း၊ ဗိသာနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့ရှိ ဒေသခံ လေးဦးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လိုက်ပါ တက်ရောက်မည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရှိ ဟန်လင်းမြို့ဟောင်း၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ ဗိသာနိုးတို့မှ ဒေသခံတစ်ဦးစီနှင့် ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်မြို့ရှိ သရေခေတ္တရာ မြို့ဟောင်းမှ ဒေသခံနှစ်ဦးတို့ တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနက သိရသည်။

“ပြည်ထောင်စု ဒုဝန်ကြီး ဒေါ်စန္ဒာခင် ဦးဆောင်တဲ့အဖွဲ့၊ ပြည်ပက ငှားထားတဲ့ ပညာရှင်တွေနဲ့ ဒေသခံတွေပါ ခေါ်သွားမယ်။ ကုန်ကျမယ့်စရိတ်ကို နိုင်ငံတော်က တောင်းတာလည်း ရှိသလို ပြင်ပအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေလည်း ထောက်ပံ့ပေးတယ်” ဟု အဆိုပါဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

သရေခေတ္တရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ခရိုင် အုပ်ချုပ်ရေးမှုးက အဆိုပြုသူ သုံးဦးတွင် နှစ်ဦးကို ရွေးချယ်ပေးခြင်း ဖြစ်ကြောင်း၊ ၎င်းတို့သည် မြို့ဟောင်း တည်ရှိသည့် ကျေးရွာများက မဟုတ်သော်လည်း သရေခေတ္တရာ အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့ဝင်များ ဖြစ်ကြောင်း ကမ္ဘာ့ အမွေအနှစ်စာရင်း ပါဝင်ရေး စီမံခန့်ခွဲရေးရုံး (သရေခေတ္တရာ မြို့ဟောင်းလုပ်ငန်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရွေးထားတဲ့ သူတွေက ညီလာခံမှာ ဆွေးနွေးတဲ့ အချက်တွေသိပြီး ကိုယ့်ဒေသကို ပြန်ရောက်ရင် ရလာတဲ့ အတွေ့အကြုံတွေ ပြန်မျှဝေဖို့နဲ့ ဘာတွေ ဆက်လုပ်ရမယ် ဆိုတာကို သိဖို့အတွက်ပါပဲ” ဟု ၎င်းကဆိုသည်။

ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်း ဆောင်ရွက်ထားသည့် ပျူသုံးမြို့အပြင် ပုဂံဒေသကိုပါ ယူနက်စကိုမှ ရသည့် ထောက်ပံ့ငွေများဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်း ထပ်မံတင်သွင်းနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly

အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင်



ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ် လာသော ပစ္စည်းများ ဖြစ်သည်။

ပလတ်စတစ် ပန်းကန် များသည် ပျော်ပွဲစား ထွက်ရာတွင် လည်းကောင်း၊ အလွယ်စာ များကို ထုတ်ပိုးရာတွင်လည်း ကောင်းလွယ် လင့်တကူ အသုံးပြု လာကြသည်။

သုတေသန တစ်ရပ်တွင် ဖော်ပြထားမှုအရ မယ်လမင်း ပစ္စည်းများ၊ ပလတ်စတစ် အသုံး အဆောင်များတွင် အစားအစာပူပူကို ထည့်သွင်း အသုံးပြုခြင်းသည် ကျောက်ကပ် ကျန်းမာရေးကို ထိခိုက် စေကြောင်း သိရှိရသည်။ ထိုင်ဝမ် သုတေသီများက ပလတ် စတစ် ပန်းကန်များတွင် အပူချိန်မြင့်သော အစားအစာကို ထည့်သွင်း စားသုံး ခြင်းသည် ကျောက်ကပ် ကျောက်တည် စေနိုင်ကြောင်းကို လေ့လာနိုင် ခဲ့သည်။ လေ့လာမှုတွင် ခေါက်ဆွဲ ပူပူ စားသုံးသူများကို လေ့လာ ခဲ့ခြင်း ဖြစ်သည်။ အုပ်စု နှစ်စုခွဲ၍ လေ့လာ ခဲ့ခြင်း ဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်ထဲတွင် စားသုံးစေခဲ့ပြီး ဒုတိယ အုပ်စုတွင် ကြွေပန်းကန် များကို အသုံးပြု စေခဲ့သည်။ စားသုံး ပြီးချိန်နှစ်နာရီ တိုင်းတွင် ဆီးနမူနာ များကို ရယူခဲ့ပြီး၁၂ နာရီကြာသည် အထိ ခြောက်ကြိမ်တိုင် ရယူခဲ့သည်။

သုံးပတ်ကြာသည့် အခါအုပ်စု နှစ်စု အသုံးပြုသည့် ပန်းကန် အမျိုး အစားကို ပြောင်းလဲပြီး ပြန်လည်၍ ဆီးနမူနာ ရယူခဲ့သည်။ ထို့နောက်ရလဒ် များကို ထုတ်ပြန်ခဲ့ရာ ပလတ်စတစ် ပန်းကန် များကို အသုံးပြုပြီး ခေါက်ဆွဲပူပူ များကို စားသုံးသူများတွင် ဆီးနမူနာ၌ ပလတ် စတစ် ကွန်ပေါင်း 8.5 microgram ပမာဏကို တွေ့ရှိခဲ့ပြီး ကြွေပန်းကန် အသုံးပြု စားသုံးသူ များ၏ ဆီးနမူနာတွင်မူ အန္တရာယ်ရှိသော အဆိုပါ ကွန်ပေါင်းများကို မတွေ့ရှိခဲ့ကြောင်း ထုတ်ပြန် ထားသည်။ ထိုင်ဝမ်၊ Kaohsiung Medical University မှသုတေသီ Dr. Chia Fang Wu က အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းသည် ကျောက်ကပ်တွင် ပလတ်စတစ် ကွန်ပေါင်းများကို အနည်ထိုင် စေကြောင်း၊ ပလတ်စတစ်ခွက်နှင့် အပူချိန် မြင့်သော အစားအစာများ ပေါင်းစပ် လိုက်ပါက ကြာလာလျှင် ကျောက်ကပ်တွင်းဝယ် ကျောက်တည် လာနိုင်ကြောင်း၊ ခဏတာ အချိန် အတွင်း၌ အဆိုပါ အာနိသင်က သိသာ ထင်ရှားမည် မဟုတ်သော်လည်း ကြာလာသည်နှင့် ဆီးသွားရ ခက်ခဲခြင်း၊ ဆီးကျောက် တည်ခြင်းများကို တွေ့ကြုံရ နိုင်ပြီးခွဲ စိတ်ရသည့် အခြေ အနေသို့ပင်ရောက်ရှိ နိုင်ကြောင်း ရှင်းပြ ထားပါသည်။

သို့သော်လည်း ကြွေပန်းကန် ခွက်ယောက် များကို အသုံးပြုခြင်းကမူ အဆိုပါ အာနိသင်ကို မတွေ့ရဘဲ အစား အစာပူပူများ ထည့်သွင်းရန် သင့်တော်ကြောင်း၊ တိရစ္ဆာန်များတွင် လေ့လာ မှုအရ ပလတ်စတစ်က ကျောက်ကပ် ပျက်စီးခြင်း၊ ကျောက်တည်ခြင်းနှင့် ကင်ဆာ ရောဂါများကို ဖြစ်စေနိုင်သည် ကိုတွေ့ ရှိခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ယခု လေ့လာမှုကို Journal JAMA Internal Medicine တွင် ဖော်ပြထားခြင်း ဖြစ်သည်။

Health Updates

အသွင်ခိုးသူ


သင်္ကန်းကို အကြောင်းပြုပြီး စိတ်မချမ်းမြေ့စရာတွေ မြင်တွေ့ကြားသိနေရတာမို့ သင်္ကန်းနဲ့ ပတ်သက်ပြီး ပြောပြချင်တာလေးတွေ ရှိလာပါတယ်။ အခုနောက်ပိုင်းမှာ အနုပညာ အသိုင်းအဝိုင်းက သင်္ကန်းကို မရိုမသေ လုပ်တာတွေ မြင်လာတွေ့လာရတာ စိပ်လာပါတယ်။ မရိုမသေ လုပ်တယ် ဆိုတာက ကိုရင်အစစ် ရဟန်းအစစ် မဟုတ်ပါဘဲ သင်္ကန်းကို ဝတ်ရုံပြီး သရုပ်ဆောင်နေကြတဲ့ ပြကွက်တွေကို ဆိုလိုတာပါ။ ပြီးခဲ့တဲ့ သင်္ကြန်တွင်းမှာ ဆိုရင်လည်း လူပုဂ္ဂိုလ်တချို့ သင်္ကန်းကို ဝတ်ရုံပြီး သံချပ်ထိုးနေကြတဲ့ ဓာတ်ပုံတွေကို Facebook မှာ တွေ့လိုက်ရပါတယ်။

သင်္ကန်းကို ပါဠိလို သုံးနှုန်းရာမှာ အရဟတ္တဓဇ၊ ကာသာဝ၊ စီဝရဆိုတဲ့ ပါဠိပုဒ် သုံးပုဒ်က အသုံးများပြီး ထင်ရှားပါတယ်။ ဒီပါဠိသုံးပုဒ်ကို မြန်မာပြန်မယ်ဆိုရင် ရဟန္တာတို့၏ တံခွန်အောင်လံသဖွယ် ဖြစ်သော သင်္ကန်း၊ ဖန်ရည်ဆိုးသော သင်္ကန်း၊ ရသေ့တို့၏ သင်္ကန်းထက်မြတ်သော သင်္ကန်းလို့ အနက်အဓိပ္ပာယ် ထွက်ရှိပါတယ်။ ရဟန္တာဖြစ်ပြီ ဆိုတာနဲ့ လူဝတ်ကြောင်ဘဝနဲ့ နေလို့ မရတော့ပါဘူး။ ရဟန္တာပုဂ္ဂိုလ်ရဲ့ ဂုဏ်ဒြပ်ကို သင်္ကန်းကသာလျှင် ခံယူနိုင်ပါတယ်။ ကေသရာဇာ ခြင်္သေ့မင်းရဲ့ အဆီသည် သိင်္ဂီရွှေခွက်နဲ့သာ ထည့်ထားလို့ရတဲ့ သဘောပါပဲ။ ဒါကြောင့် သင်္ကန်းဆိုတာဟာ အလွန်အင်မတန်မှကို မြင့်မြတ်ပြီး ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ တံခွန်အောင်လံ ဖြစ်ပါတယ်။

သာသနာတော် အစောပိုင်းကာလမှာ သင်္ကန်းနဲ့ ပတ်သက်ပြီး ဘုရားရှင်က စနစ်တကျ စည်းကမ်း သတ်မှတ်ခြင်း မပြုသေးပါဘူး။ နောင်အခါမှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ များပြားလာပြီး သင်္ကန်းကို ကိုယ်နှစ်သက်တဲ့ အရောင်အသွေးများ ဆေးဆိုးကြ၊ ချုပ်ချင်သလို ချုပ်ဝတ်ကြတာကြောင့် ရှင်တော်မြတ်ဘုရားက သင်္ကန်းရောင် သင်္ကန်းကို ဆေးဆိုးရာမှာ သုံးစွဲရမယ့် သစ်ခေါက် သင်္ကန်းချုပ်လုပ်ပုံ ဒီဇိုင်းတွေကို စနစ်တကျ သိက္ခာပုဒ် ပညတ်ပြီး စည်းကမ်းများ သတ်မှတ်ပေးခဲ့ပါတယ်။ သင်္ကန်းရဲ့အရောင် သင်္ကန်းဒီဇိုင်းတို့မှာ အနက်အဓိပ္ပာယ်တွေ အများအပြား ရှိပါတယ်။ အဲဒီအနက်အဓိပ္ပာယ် အများအပြားထဲက ထင်ရှားတဲ့ မှတ်သားရလွယ်တဲ့ သင်္ကန်းဒီဇိုင်းရဲ့ အနက်အဓိပ္ပာယ်နဲ့ သင်္ကန်းဒီဇိုင်း ဖြစ်ပေါ်လာပုံကို ပြောပြချင်ပါတယ်။

ဗိမ္ဗိသာရမင်းကြီး အုပ်ချုပ်တော်မူတဲ့ မဂဓတိုင်းဟာ ဘုရားရှင် လက်ထက်တော် အခါတုန်းက အလွန်အင်မတန် ဖွံ့ဖြိုးတိုးတက်သော တိုင်းနိုင်ငံတစ်ခုပါ။ မဂဓတိုင်းဟာ စစ်အင်အား အကြီးမားဆုံး တိုင်းနိုင်ငံတစ်ခု ဖြစ်သလို လယ်ယာစိုက်ပျိုးရေးစနစ် ပိုင်းမှာလည်းပဲ ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး စည်းစနစ် အင်မတန်ကျသော တိုင်းနိုင်ငံဖြစ်ပါတယ်။ မဂဓတိုင်းရဲ့ လယ်ကွက်တွေဟာ လေးထောင့်ပုံစံများ ဖြစ်ပြီး အဆိုပါ လယ်ကွက်များဆီသို့ တာတမံများမှ နေပြီး တူးမြောင်းများဖြင့် ရေသွယ်ကာ စိုက်ပျိုးသောစနစ်ဖြင့် စိုက်ပျိုးကြပါတယ်။ ဘုရားရှင်လက်ထက်တော်က တခြားသော တိုင်းနိုင်ငံများလည်း မြစ်ရေကို သွယ်တန်းပြီး လယ်ယာတို့ကို စိုက်ပျိုးကြပေမယ့် မဂဓတိုင်းလောက်တော့ စနစ်တကျ မရှိကြပါဘူး။ မိုးမရွာတဲ့အခါမှသာ တက်သုတ်ရိုက်ပြီး မြစ်ရေတင် စိုက်ကြတာမျိုးပါ။

တစ်ခါတုန်းက ရှင်တော်မြတ်ဘုရားဟာ နောက်ပါ ရဟန်းသံဃာတို့နဲ့အတူ မဂဓတိုင်းမှာ ဒေသစာရီ လှည့်လည်ကြွချီတော်မူရင်း မဂဓတိုင်း လယ်ကွက်များကို ညွှန်ပြတော်မူကာ “ချစ်သားအာနန္ဒာ၊ မဂဓတိုင်း လယ်ကွက်များရဲ့ ပုံစံအတိုင်း သင်္ကန်းကို ချုပ်လုပ်နိုင်ပါမည်လော” လို့ မေးမြန်းတော်မူပါတယ်။ အရှင်အာနန္ဒာ မထေရ်မြတ်ကလည်း “ချုပ်လုပ်နိုင်ပါတယ်ဘုရား” လို့ ပြန်လည် လျှောက်ထားလိုက်ပါတယ်။ အရှင်အာနန္ဒာ မထေရ်မြတ်ဟာ မဂဓတိုင်းရဲ့ လယ်ကွက်ပုံစံအတိုင်း လယ်ကွက်များ ရေသွင်းတူးမြောင်းများ စသဖြင့် သင်္ကန်းကို ပုံဖော်ချုပ်လုပ်ပြီး ရှင်တော်မြတ်ဘုရားကို သွားရောက် ဆက်ကပ် ပြသပါတယ်။ ရှင်တော်မြတ်ဘုရားဟာ အရှင်အာနန္ဒာ မထေရ်မြတ် ချုပ်လုပ်ထားတဲ့ သင်္ကန်းကို စေ့စေ့စပ်စပ် ကြည့်ရှုတော်မူပြီး အရှင်အာနန္ဒာမထေရ်မြတ်ကို ချီးကျူးတော်မူကာ “ရဟန်းသာမဏေအားလုံး သင်္ကန်းကို ဒီပုံစံအတိုင်း ချုပ်လုပ် ဝတ်ရုံကြရမယ်” လို့ စည်းကမ်း ချမှတ်တော်မူခဲ့ပါတယ်။ ထိုအခါကစလို့ သင်္ကန်းပုံစံ ဒီဇိုင်းဟာ ယနေ့အချိန်အထိ မပြောင်းမလဲ အတည်ဖြစ်ခဲ့ပါတယ်။

ယနေ့ခေတ် ရဟန်းတော်များ ဝတ်ရုံ သုံးစွဲနေကြတဲ့ သင်္ကန်းပုံစံ ဒီဇိုင်းဟာ အရှင်အာနန္ဒာ မထေရ်မြတ်ရဲ့ ဒီဇိုင်းဆိုရင်လည်း မမှားပါဘူး။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ဘုရားရှင်ရဲ့ အကြံဉာဏ်တော်ကို အရှင်အာနန္ဒာမထေရ်မြတ်က အကောင်အထည် ဖော်ထားခြင်း ဖြစ်ပါတယ်။ ရှင်တော်မြတ်ဘုရားက ရဟန်းတော်များ ဝတ်ရုံ သုံးစွဲကြရတဲ့ သင်္ကန်းကို မဂဓတိုင်းလယ်ကွက် ပုံစံအတိုင်း ချုပ်လုပ်ခိုင်းခြင်းရဲ့ နောက်ကွယ်မှာ အနက်အဓိပ္ပာယ်များ ကိန်းအောင်းနေပါတယ်။ မဂဓတိုင်းရဲ့ လယ်ကွက်များဟာ မျိုးစေ့များ ကြဲချစိုက်ပျိုးရန်အတွက် လယ်ယာမြေကောင်းများ ဖြစ်သလို မဂဓတိုင်းရဲ့ လယ်ကွက်ပုံစံ ချုပ်လုပ်ထားသော ဖန်ရည်ဆိုး အဝတ်သင်္ကန်းကို ဝတ်ရုံသုံးစွဲနေကြတဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများသည်လည်းပဲ ကိလေသာ ဖန်ရည်များကို ထွေးအန်နိုင်ရန် ကြိုးစားနေသောသူများ၊ ထွေးအန်နေဆဲသူများ၊ ထွေးအန်ပြီးသောသူများ ဖြစ်ပြီး ကိုယ်ကျင့်သီလ စင်ကြယ်သောကြောင့် သံသရာ ခရီးသွားများအနေနှင့် ကုသိုလ်ကောင်းမှု မျိုးစေ့များ ကြဲချ စိုက်ပျိုးရန်အတွက် လယ်ယာမြေကောင်းများ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းကို သင်္ကန်းဝတ်ထားတာကို မြင်တာနဲ့ သိရှိ နားလည်နိုင်စေရန်အတွက် သင်္ကန်းကို မဂဓတိုင်းရဲ့ လယ်ကွက်ပုံစံအတိုင်း ရှင်တော်မြတ်ဘုရားက ချုပ်လုပ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဓမ္မပဒပါဠိတော် ယမကဝဂ်ဒေဝဒတ္တ ဝတ္ထုမှာ “ဣနြေ္ဒတို့ကို ဆုံးမခြင်းကင်း၍ မှန်ကန်စွာ ပြောဆိုခြင်း မရှိသော၊ ကိလေသာဖန်ရည် မကင်းဘဲလျက် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းကို ဝတ်သောသူသည် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းနှင့် မထိုက်တန်။ ဣနြေ္ဒတို့ကို ဆုံးမခြင်းရှိ၍ မှန်ကန်စွာ ပြောဆိုခြင်း ရှိသော၊ ကိလေသာဖန်ရည်ကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းနှင့် ထိုက်တန်၏” လို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ဘုရားရှင်လက်ထက်တော် အခါတုန်းက ဆွေကြီးမျိုးကြီးမှ တိမ်ကောလာသော အမျိုးကောင်းသား တစ်ယောက်ဟာ နူးညံ့သိမ်မွေ့ နုနယ်သူ ဖြစ်တာကြောင့် “ငါသည်ကား နုနယ်သူဖြစ်၏။ မရသေးသော စည်းစိမ်ဥစ္စာတို့ကို ရရှိစိမ့်သောငှါ လည်းကောင်း၊ ရရှိပြီးသော စည်းစိမ်ဥစ္စာတို့ကိုလည်း တိုးပွားလာအောင် ပြုလုပ်ခြင်းငှါ လည်းကောင်း မစွမ်းနိုင်။ ငါသည် အဘယ်နည်းဖြင့် မပင်ပန်းဘဲ ချမ်းသာစွာ အသက်မွေးရပါအံ့နည်း” လို့ ကြံစည် စဉ်းစားပါတယ်။ ထို့နောက် “သာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ဤရဟန်းတို့သည် ကောင်းသော အလေ့အကျင့် ရှိကုန်၏။ မွန်မြတ်သော ဘောဇဉ်တို့ကို စားသောက်၍ လေမတိုက်သော အိပ်ရာနေရာတို့၌ အိပ်ရကုန်၏။ ငါသည် ကိုယ်တိုင် သပိတ်သင်္ကန်းကို စီမံ၍ ဆံမုတ်ဆိတ်တို့ကို ပယ်လျက် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းတို့ကို ဝတ်ရုံပြီးလျှင် ရဟန်းတို့နေထိုင်ရာ ကျောင်းအရံသို့ သွား၍ ရဟန်းတို့နှင့်အတူ ပေါင်းသင်းနေထိုင်ရမူ ကောင်းလေစွ” လို့ ထပ်မံကြံစည်မိပြီး အကြံအစည်ကို အကောင်အထည်ဖော်ပြီး ကျောင်းအရံသို့ သွားရောက်ကာ ကျောင်းနေရဟန်းတို့ကို ရှိခိုးကန်တော့ပါတယ်။

ထိုအခါ ကျောင်းနေရဟန်းတို့က “င့ါရှင် သင်သည် အဘယ်မျှ ဝါရပြီနည်း” လို့ မေးမြန်းတဲ့အခါမှာ “ငါ့ရှင်တို့ ဤအဘယ်မျှ ဝါရပြီနည်း ဆိုသည်ကား အဘယ်ကို ဆိုလိုပါသနည်း” လို့ ပြန်လည် မေးမြန်းလိုက်ပါတယ်။ ဒါနဲ့ ကျောင်းနေရဟန်းတို့က “ငါ့ရှင် သင်၏ ဥပဇ္ဈာယ်ဆရာကား အဘယ်သူနည်း” လို့ ထပ်မံ မေးမြန်းတဲ့အခါမှာ “ငါ့ရှင်တို့ ဥပဇ္ဈာယ် ဆရာဆိုသည်ကား အဘယ်ကို ဆိုပါသနည်း” လို့ ပြန်လည် မေးမြန်းပြန်ပါတယ်။ ရဟန်းချင်းတွေ့ဆုံတိုင်း မဖြစ်မနေ မေးမြန်း ဖြေကြားရမယ့် မေးခွန်းနှစ်ခုလုံးကို ဖြေကြားဖို့ နေနေသာသာ မေးခွန်းကိုတောင်မှ နားမလည် ဖြစ်နေတာကြောင့် ကျောင်းနေရဟန်းတို့ဟာ ဝိနည်းအရာမှာ ဧတဒဂ် ရရှိထားတဲ့ အရှင်ဥပါလိ မထေရ်မြတ်ကို “ငါ့ရှင်ဥပါလိ တိုက်တွန်းပါ၏။ ဤရဟန်းကို မေးစိစစ်ပါလော့” လို့ တိုက်တွန်း ပြောဆိုကြပါတယ်။ အရှင်ဥပါလိမထေရ်မြတ်က မေးစိစစ်တဲ့အခါမှာ ဝမ်းရေး အခက်အခဲကြောင့် ကိုယ့်ဘာသာ သင်္ကန်းပတ်လာတဲ့သူက အရှင်ဥပါလိမထေရ်မြတ်ကို ဖြစ်ကြောင်း ကုန်စင် ပြောပြပါတယ်။ အရှင်ဥပါလိ မထေရ်မြတ်ကလည်း တခြားရဟန်းတော်များကိုလည်း အကြောင်းစုံ ပြန်လည် လျှောက်ထားပါတယ်။ အကြောင်းစုံကို သိရှိလိုက်ကြရတဲ့ ရဟန်းတော်များဟာ ထိုအကြောင်းစုံကို ရှင်တော်မြတ်ဘုရားကို ပြန်လည် လျှောက်ထားကြပါတယ်။

ရဟန်းတော်များရဲ့ လျှောက်ထားချက်ကို ကြားသိရပြီးတဲ့အခါမှာ ရှင်တော်မြတ်ဘုရားက “ရဟန်းတို့ ပေါင်းသင်းမှုကို ခိုးသောသူသည် ပဉ္စင်းမဖြစ်။ ပဉ္စင်းခံ မပေးအပ်။ ပဉ္စင်းခံပေးမိသည် ရှိသော် (အသွင်ကို) ဖျက်ရမည်” လို့ သိက္ခာပုဒ် ပညတ်တော် မူလိုက်ပါတယ်။

အသွင်ခိုးသူ ဆိုတာက ရဟန်းအစစ်လည်းမဟုတ် ကိုရင်အစစ်လည်း မဟုတ်ပါဘဲ မိမိဘာသာ သင်္ကန်းကို ဝတ်ရုံသူကို ဆိုလိုတာပါ။ အသွင်ခိုးသူဟာ ဘုရားအမှူးရှိတဲ့ ရဟန္တာအပါး တစ်သောင်းနဲ့ သိမ်ထဲမှာ ရဟန်းခံအပ် ပါသော်လည်း ဒီဘဝမှာတော့ ရဟန်းမဖြစ်တော့ပါဘူး။ ရဟန်းတော်များကလည်း အသွင်ခိုးသူကို ပဉ္စင်းခံ (ရဟန်းခံ) မပေးအပ်ပါဘူး။ အသွင်ခိုးခဲ့ဖူးသူ မှန်းမသိလို့ ရဟန်းခံ ပေးမိရင်တောင်မှ သိရှိတဲ့အချိန်မှာ သိသိချင်း လူထွက်ခိုင်းရပါမယ်။ ဥပမာ-လူတစ်ယောက်က အကြောင်းကြောင်းကြောင့် သင်္ကန်းကို ဝတ်ရုံပြီး ရဟန်းအဖြစ် ကိုရင်အဖြစ် တစ်ခဏလေးဖြစ်ဖြစ် ဟန်ဆောင်ဖူးတယ် ဆိုပါတော့။ သူဟာ နောင်တစ်ချိန်မှာ အိမ်ထောင်ကျ သားသမီးတွေရပြီး အသက်ကြီးရင့်တဲ့ အခါမှာ ဒုလ္လဘရဟန်း ဝတ်ချင်လို့ ကျောင်းသွားပြီး ရဟန်းခံပေးဖို့ ရဟန်းတော်များကို လျှောက်ထားတယ် ဆိုပါစို့။ ရဟန်းတော်များဟာ ဒီလူက အသွင်ခိုးခဲ့ဖူးသူ ဆိုတာ မသိလို့ ရဟန်းခံပေးလိုက်ကြတယ် ဆိုပါစို့။ အဲဒီသူဟာ ရဟန်းမဖြစ်ပါဘူး။ ရဟန်းတော်များကလည်း မသိလို့ ရဟန်းခံပေးလိုက်ပေမယ့် သိတာနဲ့ တစ်ပြိုင်နက် သူ့ကို လူထွက်ခိုင်းရပါမယ်။

တကယ်တော့ ရဟန်းအစစ် မဟုတ်ပါဘဲ၊ ကိုရင်အစစ် မဟုတ်ပါဘဲ သင်္ကန်းဝတ်ရုံခြင်းဟာ အရမ်းအပြစ်ကြီးပါတယ်။ ရဟန်းတစ်ပါးဟာ မေထုန်မှီဝဲခြင်း၊ သူတစ်ပါး ဥစ္စာခိုးယူခြင်း၊ လူ့အသက်သတ်ခြင်း၊ ဈာန်မဂ်ဖိုလ် မရရှိပါဘဲ ရရှိနေတယ်လို့ လိမ်ညာပြောဆိုခြင်းဆိုတဲ့ အပြစ်လေးခုထဲက တစ်ခုခုကို ကျူးလွန်မိရင် ပါရာဇိက ကျပါတယ်။ ပါရာဇိက ကျသူဟာ ဒီဘဝမှာတော့ ရဟန်းအဖြစ်ကို မရရှိနိုင်တော့ပါဘူး။ ဒါပေမဲ့ ပါရာဇိက ကျသူဟာ ကိုရင်အဖြစ်နဲ့ သာသနာ့ဝန်ကို ထမ်းဆောင်ပြီး သာသနာ့ဘောင်မှာ နေလို့ရပါသေးတယ်။ အသွင်ခိုးသူကတော့ ဒီဘဝမှာ ရဟန်းအဖြစ်ရော ကိုရင်အဖြစ်ကိုပါ မရရှိနိုင်တော့ပါဘူး။ ဒါကြောင့် အသွင်ခိုးတဲ့ အပြစ်ဟာ ပါရာဇိက ကျတာထက်တောင်မှ ဆိုးဝါးပါသေးတယ်။

ဒီနေရာမှာ တပည့်တော်တို့က ဘုရားလက်ထက်တော်က အသွင်ခိုးသူလို ရဟန်းယောင်ဆောင်ပြီး ဒကာဒကာမများကို လိမ်ညာစားဖို့ သင်္ကန်းကို ဝတ်တာ မဟုတ်ပါဘူး။ ဇာတ်ဝင်ခန်းအရ အခြေအနေအချိန် အခါအရ သင်္ကန်းကို ဝတ်ရတာပါလို့ စောဒက တက်ချင်ကြလိမ့်မယ် ထင်ပါတယ်။ ဝိနည်းတော်အရ ကိုရင်အစစ် မဟုတ်ဘဲ ရဟန်းအစစ် မဟုတ်ဘဲ ဘယ်လိုလူမှ ဘယ်လို အကြောင်းကြောင်းကြောင့်မှ သင်္ကန်းကို မဝတ်ရုံကောင်းပါဘူး။ သင်္ကန်းကို ဝတ်ရုံမိတာနဲ့ အသွင်ခိုးသူ စာရင်းထဲ အကျုံးဝင်သွားပါတယ်။ တကယ်တော့ သင်္ကန်းဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးပါ။ ဒါကြောင့် သင်္ကန်းကို မထေမဲ့မြင် မပြုသင့်ပါဘူး။ ဆိုင်ရာ သာသနာရေး အရာရှိတွေကလည်း ဒီလိုကိစ္စတွေကို ကြပ်မတ်သင့်ပါတယ်။ သင်္ကန်းဆိုတာ ဘုရားရှင်ရဲ့ အရေတော်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ကိုရင်အစစ် မဟုတ်ပါဘဲ၊ ရဟန်းအစစ် မဟုတ်ပါဘဲ သင်္ကန်းကို ဝတ်ရုံနေခြင်းများ ရှောင်ကြဉ်ကြပါလို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။

မိုးသု (မန္တလေး)
The Voice

အောင်မြင်ပြီးသူတို့ ပြန်လည် ကျရှုံးသည့် အကြောင်းများ



အောင်မြင်ရန် နည်းလမ်းတွေ၊ လမ်းစဉ်တွေပဲ ရေးနေတာ ဒီတစ် ခါတော့ အောင်မြင်ပြီးတော့ ပြန်လည် ကျရှုံးရတဲ့ အကြောင်း အရင်းကိုလည်း မျှဝေ လိုပါတယ်။ ယခု စာက အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုမှာ လုပ်ကိုင်ပြီး စွန့်ခွာသွားသူ၊ အခြားသော အသက်မွေးဝမ်းကျောင်း ပညာရပ်သို့ ကူးပြောင်း သွားသူ များ ရဲ့ အကြောင်းပြချက် များလည်း ဖြစ်ပါတယ်။

၁။ အရင်လိုပဲ ဆက်အောင်မြင်မယ်လို့ ထင်မြင်ခြင်း

နေရာ တစ်ခု၊ ပန်းတိုင် တစ်ခုကို ရရှိထားပြီးသူ၊ ရလဒ်ကောင်း တစ်ခုကို ပိုင်ဆိုင်ပြီးသူဟာ အနာဂတ်မှာ ဆက်လက် အောင်မြင်မယ်လို့ ထင်တတ်ကြ ပါတယ်။ ဘာနဲ့ တူသလဲဆို. လောင်းကစားဝိုင်း မှာ ဆော့တုန်း တစ်ပွဲ နိုင် သွားပြီးရင် နောက်ပွဲတွေလည်း ဆက်နိုင်မယ်လို့ ထင်မြင်တဲ့ ခံစးချက် ဖြစ်ပါတယ်။ ကံကြမ္မာ ဆိုတဲ့ အရာကို ယုံကြည်ခြင်း ကလည်း ကျရှုံးစေတဲ့ အကြောင်း အရင်း တစ်ခု ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲခြင်း ဖြစ်ပါတယ်။

၂။ အသေးစိတ် လေ့လာမှု မရှိတော့ခြင်း

အဆင့်ရာထူး တစ်ခုကို တက်သွားတဲ့အခါ၊ သို့တည်းမဟုတ် အောင်မြင်မှု ရရှိလို့ နောက်ထက် ခြေလှမ်း အသစ်ကို ရွှေ့လျားတဲ့ အခါ အများစု အားနည်းသွားတဲ့ အချက်က အသေးစိတ် စစ်ဆေး လေ့လာမှု မရှိတော့ခြင်း ဖြစ်ပါတယ်။ အလုပ်များတယ်။ မအားဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုအပ်တဲ့ အသေးစိတ် အချက်များကို လစ်လျူရှုပစ် လိုက်ခြင်း ကလည်း ကျရှုံးစေခြင်း ဖြစ်ပါတယ်။

၃။ မိမိ အားသာချက်နှင့် အားနည်းချက် များကို မေ့လျာ့ခြင်း

အချို့က အားသာချက်ကို မှတ်မိတယ်။ အားနည်းချက်ကို မှတ်မထားဘူး။ အချို့က အားနည်းချက်တွေပဲ သိတယ်။ ကိုယ့် အားသာချက်ကို မဖော် ထုတ်တတ်ဘူး။ အချို့ကျတော့လည်း အားနည်းချက်ကော၊ အားသာ ချက် ကော အားလုံးကို မသိပဲ နေတတ်ကြ ပါတယ်။ ယင်း အချက်ဟာလည်း အသက်မွေးဝမ်းကျောင်း ပညာ တစ်ခု၊ လမ်းကြောင်း တစ်ခုကနေ ကျရှုံးစေတဲ့ အကြောင်း အချက် တစ်ခုပဲ ဖြစ်ပါတယ်။

၎။ ကွဲပြားခြားနားသော အိုင်ဒီယာများကို လက်မခံတော့ခြင်း

အဆင့် ရာထူး တစ်ခု တက်သွားတဲ့ အခါ သို့တည်းမဟုတ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုမှာ အောင်မြင်မှု တစ်ခု ရပြီးတဲ့ အခါ ပိုပြီး ကြီးလေးတဲ့ တာဝန်ယူခြင်း၊ လုပ်ငန်း အသစ် တိုးချဲ့ခြင်းတို့ ပြုလုပ်ကြပါတယ်။ ယင်းသို့ ပြုလုပ်တဲ့ အခါ လူအများရဲ့ ထင်မြင်ယူဆချက် အကြံပေးချက် များကို လက်ခံ နိုင်ရ ပါမယ်။ ကိုယ့်ကို အမြဲ Yes လို့ ဖြေနေတဲ့ လူတွေနဲ့သာ အမြဲ ဝန်းရံ ထားစေချင်ရင် ကျရှုံးမှု ဆိုတာကို လှမ်းခေါ် နေသလို ပါပဲ။

၅။ သကြား တစ်မျိုးသ အချိုဓာတ် ရှိသည်ဟု ထင်ခြင်း

ခေါင်းစဉ်ကြောင့် စဉ်းစား သွားကြမယ် ထင်ပါတယ်။ အနောက်တိုင်း စကားပုံ တစ်ခု ရှိပါတယ်။ လှေကား အပေါ်တက်နေတုန်း မိမိ အောက်ကလူတွေကို အောက်ငုံ့ နှုတ်ဆက် ရယ်ပြပါတဲ့။ အကြောင်းကတော့ အကြောင်း အမျိုးမျိုးကြောင့် သူတို့ဟာ မိမိထက် အမြင့်ကို ရောက်သွားနိုင်တဲ့ အတွက် မိမိသာ ပြုံးပြ မထားခဲ့ရင် ကိုယ့်ကိုယ် ပြုံးပြတော့မှာ မဟုတ် ပါဘူး။ ဆိုလိုရင်းက ဒီလိုပါ။ မိမိဟာ အောင်မြင်မှု အတွက် ကြိုးပမ်း နေတုန်း အထက်က လူကြီးတွေ အရာရှိတွေ ကို ပြုံးပြ ကူညီ၊ ချည်းကပ် နေတတ်ပြီး မိမိ အောက်က လူတွေကို ပြုံးပြ၊ ကူညီပေးဖို့တော့ မေ့နေကြပါတယ်။ မထင်မှတ်တဲ့ ကံကြမ္မာကြောင့် သို့မဟုတ် မိမိရဲ့ အားနည်းချက် ကြောင့် တစ်ချိန်ချိန်မှာ နောက်ကျ ကျန်ခဲ့ နိုင်ပြီး ကိုယ့်အောက်ကလူတွေကို ကူညီမထား ခဲ့ရင် ကောင်းကောင်း မဆက်ဆံထားခဲ့ရင် သူတို့လည်း ကိုယ့်ကို လှည့်တောင် ကြည့်တော့မှာ မဟုတ် ပါဘူး။

၆။ မိမိ ကျွမ်းကျင်သည့် နယ်ပယ်မှ ကျော်လွန်၍ လုပ်ဆောင်ခြင်း
ကိုယ် ကျွမ်းကျင် တဲ့ အသက်မွေးဝမ်းကျောင်း ပညာ မဟုတ်ပဲ ငွေအရင်းရှိလို့ သို့တည်းမဟုတ် စိတ်ဝင်စားလို့ ပါ ဆိုပြီး အခြား လုပ်ငန်း နယ်ပယ် တစ်ခုကို ဝင်တာဟာလည်း မှားယွင်းပါတယ်။ အဲ့ဒီလို ဝင်တာက မမှားယွင်းပါဘူး။ အကယ်၍ သေချာ ပြင်ဆင်ထားခြင်း မရှိ။ တကယ်လည်း မတတ်မြောက် ပဲနဲ့ လောဘ နဲ့ ဂုဏ်ပကာသန ကို ရှေ့တန်း တင်လို့ သွားမိမယ် ဆိုရင် ကျရှုံးမှာပဲ ဖြစ်ပါတယ်။

၇။ စွန့်စားလွန်းခြင်း

ဘုရင့်နောင် ဖောင်ဖျက် ထုံး နှလုံးမူလို့ ကြိုးစားရမယ် ဆိုတာ မှန်ပါတယ်။ သို့ပေမယ့် သဘာဝ နည်းလမ်း ကျကျ တွက်ချက်လို့ ကိုယ့် ရဲ့ အောင်မြင် နိုင်ချေက ၅၀ ရာခိုင်နှုန်းတောင် မရှိဘူး ဆိုရင် မစွန့်စားသင့် ပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု ဖြစ်တယ်ဆိုရင် ငွေ အရင်းအနှီး အကုန် ထည့်လိုက်မယ်။ ကုမ္ပဏီ ဝန်ထမ်း ဖြစ်နေရင် ဒီထက် ကြီးတဲ့ တာဝန်ကို ယူပြ လိုက်မယ် ဆိုတာမျိုးတို့က သာမန်ထက် လွန်ကဲတဲ့ စွန့်စားမှု ဖြစ်ပြီး ကျရှုံးစေမယ့် အကြောင်းများထဲက တစ်ခုပဲ ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မီးပွိုင့်မီးနီ၍ရပ်နေသော ရထား၏နောက်တွဲအား မြို့ပတ်ရထားမှ ၀င်ရောက်တိုက်မိ


၂.၆.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာ ကြားရှိ မိုင်တိုင်အမှတ်
AA-102၊ မီးပွိုင့်အမှတ် A-95 တွင် မီးပွိုင့်မီးနီ၍ရပ်နေသော
စက်ခေါင်းအမှတ် RBE-2540(အင်ကြင်း-၂) သီလ၀ါ-ရန်ကုန်
ရထား၏နောက်တွဲအား ရွာသာကြီးဘက်မှ ရန်ကုန်သို့ မောင်းနှင်
လာသော စက်ခေါင်းအမှတ် DD-918 (မင်းသား-၇)မြို့ပတ်ရထားမှ တိုက်မိခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့တိုက်မိမှုကြောင့် အင်ကြင်း-၂ ရထားပေါ်ပါခရီးသည် ကျား(၃)ဦး၊ မ(၁)ဦးနှင့် မင်းသား-၇ မြို့ပတ်ရထားစက်ခေါင်းမောင်းသူတို့တွင်
ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ
(မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါရထား(၂)စင်းတိုက်မိမှုကြောင့် ရထားတွဲများလမ်းချော်သွား
ခဲ့သဖြင့် တာဝန်ရှိသူများ ရောက်ရှိ ပြီး စစ်ဆေးပြုပြင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အစိုးရ၀န်ကြီးဌာနတစ်ချို့ ဘတ်ဂျက်ငွေစာရင်း အသုံးစရိတ် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်ထက် ၅ရာခိုင်နှုန်း ထက်ကျော်လွန်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ အစီရင်ခံစာတင်သွင်း



နေပြည်တော်၊ဇွန် ၂

အစိုးရ၀န်ကြီးဌာနတစ်ချို့ ၏ ဘတ်ဂျက်ငွေစာရင်းအသုံးစရိတ်သည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အမှန်စာရင်းအရ သတ်မှတ်ထားသည့် နုန်းထက်(၅)ရာခိုင်နုန်းထက် ကျော်လွန်ခဲ့သည်ကို တွေ့ ရှိရကြောင်း ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၅/၂၀၁၄)ကို တင်သွင်းခဲ့သည်။ ထိုအစီရင်ခံစာအား ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ တင်သွင်းခဲ့ရာ ဇွန်(၂)ရက် တွင်ကျင်းပသော ပထမအကြိမ် ဒဿမ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက မှတ်တမ်းတင်ခဲ့သည်။ 
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်အတည်ပြုပြီးသည့် အမှန်စာရင်း(Actual)များနင့် စပ်လျှဉ်းသည့် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် ကော်မတီ၏ တွေ့ ရှိချက်အနေဖြင့် ယင်းသို့ ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ တွေ့ ရှိချက်မှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမှန်စာရင်းအရ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးသည် (၂ ဒသမ ၄) ရာခိုင်နှုန်းသာရှိသဖြင့် မျှော်မှန်းသည့် (၃ ဒသမ ၈) ရာခိုင်နှုန်းထက် ပိုမိုတိုးတက်ကောင်းမွန်သည်ကို တွေ့ရှိရပါ ကြောင်းအစီရင်ခံစာတွင်ပါရှိသည်။
သို့သော် မူလခန့်မှန်းသည်ထက် များစွာကွာခြားခြင်းသည် ခန့်မှန်းမှုတွင် တိကျမှုအားနည်းခြင်းနှင့် မူလရည်မှန်း လျာထားသည့်အတိုင်း လုပ်ဆောင်နိုင်မှုတွင် အားနည်းခြင်းများကို တွေ့ရှိရပါသည်ဟုပါရှိသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမှန်စာရင်းအရ အမှန်သုံးငွေသည် မူလခန့်မှန်းသုံးငွေနှင့် (၁၅ ဒသမ ၂) ရာခိုင်နှုန်း ကွာခြားမှုရှိသည်ကိုတွေ့ရပါသကြောင်း ထို့အပြင် နိုင်ငံတကာစံနှုန်းများအရ (၅)ရာခိုင်နှုန်းအတွင်း ဖြစ်သင့်ကြောင်း သိရသဖြင့် ဘတ်ဂျက်၏အချုပ်အားဖြင့် တည့်မတ်မှန်ကန်မှု အားနည်းကြောင်း တွေ့ရှိရပါကြောင်း အစီရင်ခံစာတွင်ပါရှိသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမှန်စာရင်းအရ သုံးငွေတွင် ပါဝင်သောအဖွဲ့အစည်းတစ်ခုချင်း၏ အမှန်အသုံးစာရင်းများသည် မူလခန့်မှန်းခြေထက် (+)/(-) ၅ ရာခိုင်နှုန်းအထက် ကျော်လွန်မှုများ ဖြစ်နေ သည်ကို တွေ့ရှိရပါကြောင်းအဖွဲ့အစည်း/ဝန်ကြီးဌာန(၁၇)ခုသည် (၅)ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့သည်ကို တွေ့ရပြီး ဝန်ကြီးဌာန (၉)ခုသည် (၅)ရာခိုင်နှုန်းထက် ကျော်လွန်လျော့နည်းခဲ့သည်ကို တွေ့ရှိရပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမှန်စာရင်းအရ အမှန်ရငွေသည် မူလခန့်မှန်းရငွေ၏ (၁၂၁) ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရကာ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ စံနှုန်းအရ (၉၇)ရာခိုင်နှုန်းနှင့် (၁၀၆)ရာခိုင်နှုန်း အကြားတွင်သာရှိသင့်ကြောင်း သိရသဖြင့် ရငွေခန့်မှန်းမှုသည် အားနည်းနေသေးကြောင်း တွေ့ရှိရပါကြောင်း ထည့်သွင်းဖတ်ကြားခဲ့သည်။ ရငွေခန့်မှန်းမှုများသည် ၂၀၁၀-၂၀၁၁ မှစ၍ (၃)နှစ်ဆက်တိုက် (၁၀၆)ရာခိုင်နှုန်း ကျော်ခဲ့သည် ကို တွေ့ရှိရပါသည်ဟု အစီရင်ခံစာတွင် တင်သွင်းဖတ်ကြားခဲ့သည်။ ထိုအပြင် ကော်မတီ၏ သဘောထားမှတ်ချက်အနေဖြင့် အသုံးစရိတ်များကို ဦးစားပေးအစီအစဉ်အလိုက် မှန်ကန်စွာခွဲဝေ လျာထားနိုင်ရန်အတွက် ရငွေ (Revenue)များကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်ရန် လိုအပ်ပြီးရသုံးခန့်မှန်းခြေငွေစာရင်းများကို မူလခန့်မှန်းခြေနှင့် အမှန်စာရင်းများ များစွာကွာခြားမှုမရှိရေးအတွက် ဝန်ကြီးဌာနတစ်ခုချင်းအား မူလခန့်မှန်းစဉ်ကပင် တိကျမှန်ကန်စွာ ခန့်မှန်းနိုင်ရေးအတွက် ကဏ္ဍအလိုက် ဦးစားပေး အဆင့်အလိုက် အသုံးစာရင်းလျာထားချက်များကို ကြိုတင်လျာထား သတ်မှတ်ပေးသင့်ပါကာဘတ်ဂျက်အသုံးစာရင်း မူလခန့်မှန်းခြေကို အများဆုံးရရှိနိုင်သည့် ခန့်မှန်းဝင်ငွေဖြင့် ချိန်ဆ၍ နိုင်ငံတော်၏ မူဝါဒနှင့်အညီ ဦးစားပေးအလိုက် အပြီးအပြတ် လျာထားသငသကဲ့သို့ ဖြည့်စွက်ရန်ပုံငွေကို မလွှဲမရှောင်သာသော လုပ်ငန်းများအတွက်သာ ခွင့်ပြုသင့်ပါကြောင်း ဘတ်ဂျက်ကို (၂)ကြိမ်ခွဲတောင်းသည့် အလေ့အကျင့်မျိုး မဖြစ်စေရေးအတွက် ဆောင်ရွက်ရန်လိုအပ်ပါသည်ဟု ကော်မတီမှ မှတ်ချက်ပြုထားသည်။ ထိုအပြင် နှစ်စဉ်ရေးဆွဲတင်ပြအတည်ပြုပြဋ္ဌာန်းရသည့် ရသုံးခန့်မှန်းခြေငွေစာရင်းဥပဒေသည် နိုင်ငံတော်၏ မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ရသည့် ဥပဒေတစ်ခုဖြစ်သဖြင့် ရည်မှန်းချက်လမ်းကြောင်းမှ သွေဖီ မသွားစေရေးအတွက် ဘတ်ဂျက်၏ တည့်မတ်မှန်ကန်မှု (Credibility of the Budget)သည် လွန်စွာအရေးကြီး ပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်၏ သက်ဆိုင်ရာကော်မတီများမှ မိမိနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများ အား စောင့်ကြည့်ထိန်းညှိရန်(Monitor and Oversight)လိုအပ်ပါကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့သည်။

စိုင်းလမင်း


Popular Myanmar News Journal

Miss Globe International 2014 ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် ဂျူးစံသာ



တူုရကီနိုင်ငံမှာကျင်းပမယ့် Miss Globe International 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေနဲ့ အလှမယ် ဂျူးစံသာဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကာလက ဇွန်လ ၁၁ရက်နေ့မှ ဇွန်လ ၂၁ရက်နေ့အထိဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲအတွက်အစွမ်းကုန်ကြိုးစားပြင်ဆင်နေတဲ့ အလှမယ်ဂျူးစံသာက
” ပြိုင်ပွဲ အတွက်လိုအပ်တဲ့ Training တွေကို ပုံမှန်လေ့ကျင့်နေပါတယ်။ ဆရာမခေမီကိုဆီမှာအကသင်နေပါတယ်။ ဥက္ကလာဂေါက်ကွင်းမှာ ဆရာဦးဟန်ထွန်းနဲ့ ဂေါက်ဖ် ရိုက် သင်နေပါတယ်။ Micasa မှာလည်း ပုံမှန်ရေကူးဖြစ်ပါတယ်။ Utopia Tower မှာလည်း ပုံမှန် Fitness ကစားဖြစ်နေပါတယ်။

ဖိလစ်ပိုင်မှာသင်ယူခဲ့တဲ့ Catwalk training တွေ၊ မိတ်ကပ်ပိုင်း ဆိုင်ရာတွေ ကိုလည်း ပြန်ပြီးလေ့ကျင့် ဖြစ်ပါတယ်။ ဖိလစ်ပိုင်က သင်တန်းတွေ ကလည်း ညီမအတွက် အထောက်အကူ အများကြီး ဖြစ်ပါတယ်။ ဒီမှာလေ့ ကျင့်မှုလုပ်မှ ပြိုင်ပွဲမှာ အရာအားလုံးအဆင်ပြေမှာ ဖြစ်တဲ့ အတွက်ညီမ ဒီမှာ လေ့ကျင့် မှု တော်တော် များများပြုလုပ်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ဒီပြိုင်ပွဲရဲ့ Talent show မှာ ဂျူးစံသာ ရခိုင်ဆီမီးခွက်အကဖြင့် ကပြ ယှဉ်ပြိုင်မှာ ဖြစ်ကြောင်းလည်း သိရပါ တယ်။ တူရကီနိုင်ငံမှာကျင်းပမယ့် ၈၉ ကြိမ်မြောက် Miss Globe International 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဦးဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အလှမယ် ဂျူးစံသာကို
၂ဝ၁၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ကကရဝိက်နန်းတော်မှာ Miss Globe Myanmar 2014 အလှမယ်ရွေးချယ်ပွဲ ပြုလုပ်ပြီးနယ် ပယ်အသီးသီးမှ
အကဲဖြတ်ဒိုင်များ ဖြင့်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ခိုင်ဝေလွင်


Popular Journal 

သိုးတွေကန်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ


ကိုလံဘီယာနိုင်ငံက ကျေးရွာလေး တရွာမှာတော့ ကမ္ဘာ့ဖလားကို စိတ်ဝင်စားရူးသွပ်ကြ တဲ့သူတွေ ပြုလုပ်တဲ့ စိတ်ဝင်စားစရာ သိုးကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအလိုက်သင်းတွေရဲ့ အင်္ကျီအရောင်ကို သိုးတွေကို ဝတ်ဆင်စေပြီး ယှဉ်ပြိုင်ကြပါတယ်။

ဇွန်လ ၁ ရက်နေ့ စတင်ယှဉ်ပြိုင်တဲ့ သိုးကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဘရာဇီးအသင်းနဲ့ သူတို့ ကိုလံလီယာအသင်းကို ယှဉ်ပြိုင်စေခဲ့တာပါ။

သိုးပိုင်ရှင်တဦးကတော့ အခုလို ပြုလုပ်ပေးတာဟာ သူတို့နိုင်ငံ အသင်းအတွက် အားပေးဂုဏ်ယူတဲ့ သဘောလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအပျော်တမ်းယှဉ်ပြိုင်မှုမှာ ကိုလံဘီယာအသင်းက ဘရာဇီးအသင်းကို တဂိုးသွင်းပြီး အနိုင်ရခဲ့ပေမယ့် သိုးတွေကတော့ ဘောလုံးကန်ဖို့ထက် သူတို့ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ မြတ်တွေကိုသာ စားဖို့ စိတ်ဝင်စားခဲ့တယ်လို့ ပွဲလာရောက်ကြည့်ရှုသူတွေက ပြောဆို ကြပါတယ်။

DVB Burmese

အသက်မပြည့်မိန်းကလေးကို မုဒိန်းကျင့်သူ မြန်မာပြည်သား ပြစ်ဒဏ်နာနာပေးရန် ဆန္ဒပြ


 မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇော်လ်မြို့၊ Dinthar ရပ်ကွက်အတွင်း အသက်မပြည့်မိန်းကလေးကို အလိုမတူ စော် ကားသော မြန်မာနိုင်ငံသာ တစ်ဦးကို ဥပဒေမှ ပြစ်ဒဏ် နာနာပေး ရန် ရပ်ကွက် NGO များဦးဆောင်ပြီး တရားရုံးရှေ့  တွင် မေ ၂၉ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့က အသက်မပြည့် မိန်းကလေးကို မြန်မာနိုင်ငံသားဟု သိရသော Malsawmtluanga (21) မှ အလိုမတူဆက်ဆံခဲ့သည်ကို ရပ်ကွက် လူကြီးများ က ၄င်းအား ဖမ်းဆီးပြီး ပြည်သူလူထုမှ ကိုယ်ထိ လက် ရောက် ရိုက်နှက်ကျုးလွန်မှု မပြုခင်ပြည်သူ့ရဲလက်ထဲသို့ အပ်နှံလိုက်ကြသည်။

Dinthar ရပ်ကွက်အတွင်း အသက်မပြည့်မိန်းကလေးများကို အလိုမတူစော်ကားတာမျိုးနောက်ထပ်မဖြစ်အောင် နှင့် အပြစ်ရှိသူကို ဥပဒေပုဒ်မအရ အပြစ်နာနာပေးရေး ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီးမြို့တော်တရားရုံးရှေ့တွင် လူဦး ရေ ၅၀ ခန့်က ဆန္ဒပြတာဖြစ်သည်။

မေလ ၂၉ ရက်နေ့ဟာ တရားခံ Malsawmtluanga ရဲ့ရုံးချိန်းရက်ဖြစ်သောကြောင့် အခုလို ရပ်ကွက်လူထု နှင့် NGO များလာရောက်ပြီး အပြစ်ရှိသူကို ပြစ်ဒဏ်နာနာ ကျခံဖို့ ဆန္ဒဖော်ထုတ်တာဖြစ်သည်။

ဆန္ဒပြ Dinthar Joint NGO မှ တရားရုံးထံ အပြစ်ရှိသူကိုထိုက်တန်တဲ့အပြစ်ပေးဖို့ နှင့် အာမခံလွတ်ငြိမ်း ခွင့်မပေး ရန်၊ အမျိုးသမီးများ နှင့် သက်မပြည့်မိန်း ကလေးများ ပိုမိုလုံခြုံအောင် Crime Against Women Cell ကို ပိုမို အင် အားရလာနိုင်အောင် စာတစောင်ပေးခဲ့ပြီး ပြည်သူလူထုကလည်းဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ကြောင်း တောင်းဆို ထားကြသည်။

နောက်ထပ် ၁၄ ရက်နောက်ပိုင်းမှ တရားခံ Malsawmtluanga ကို တရားရုံးမှအမိန့်ချသွားမှာဖြစ်တယ်လို့ သိရပါ သည်။

Khonumthung News Group


ဒေါ်အောင်ဆန်းစုကြည်ကို ကော်မရှင်သတိပေးတာ လုံးဝ သင့်လျော်မှုမရှိလို့ NLD တုံ့ပြန်ပြီ

ရွေးကောက်ပွဲကော်မရှင်



 ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေ ပြဌာန်းချက်များမှာ မပါဝင်တဲ့ တာဝန်တွေကို ထမ်းဆောင်ခွင့် မရှိဘူးလို့ NLD ပါတီက ဇွန်လ ၂ရက်နေ့မှာ ကြေညာချက်ထုတ် ပြန်လိုက်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးတာဟာ သင့်လျော်မှု မရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က မေလ ၂၂ရက်နေ့ ရက်စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီး ပေးပို့ခဲ့တဲ့ စာထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ စကားတွေကို လွဲမှားပြီး ရည်ညွှန်းဖော်ပြထားတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကြေညာချက်မှာ ဆိုပါတယ်။

ပုဒ်မ ၄၅၃ (က)အရ မိမိယုံကြည်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေနိုင်ခွင့်ရှိနေတာကြောင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖွဲ့စည်းပုံက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်လွန်နေသည့်သဘော သက်ရောက်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ မမှန်ကန်တဲ့အပြင် NLD ဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ဥပဒေပါ လုပ်ပိုင်ခွင့်တွေကို သုံးစွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူယုံကြည်ကိုးစားပြီး ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်ဖြစ်ရေးအတွက် ကောင်းသောရည်ရွယ်ချက်နဲ့ ပြောဆိုချက်ဖြစ်တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝင်ရောက်သတိပေးမှုဟာ လုံးဝ သင့်လျော်မှုမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Kamayut Media



အစိုးရ ထက်၊ လယ်၊ မူ ကျောင်း ဆရာ ဆရာမများ အပိုငွေ ကောက်ခံပါက ထိထိ ရောက်ရောက် အရေးယူမည်


ရန်ကုန် ဇွန် ၁

နိုင်ငံတစ်ဝန်း ပညာရေး ဝန်ကြီးဌာန အောက်ရှိ အစိုးရပိုင် ထက်၊ လယ်၊ မူ ကျောင်းများမှ ဆရာ ဆရာမများ အနေဖြင့် ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အားကစားကြေး၊ အာစရိယပူဇော်ကြေး၊ ကျောင်း စာကြည့်တိုက်ကြေး၊ စာမေးပွဲကြေး၊ စာရွက် စာတမ်းကြေးကအစ အခြား မည်သည့် အကြောင်းအရာဖိုးမှ ကျောင်းသားများနှင့် ကျောင်းသား မိဘများထံမှ ကောက်ခံမှုကို လုံးဝ ခွင့်ပြုတော့မည် မဟုတ်ဘဲ တိုင်ကြား သိရှိပါက ပညာရေး ဝန်ကြီးဌာန အနေဖြင့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဘက်ပေါင်းစုံမှ ပြုပြင် ပြောင်းလဲမှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက် ရှိရာတွင် နိုင်ငံ အဆင့်အတန်း မြင့်စေရန် အဓိက အခြေခံအချက် ဖြစ်သည့် ပညာရေးကို အစဉ်တစိုက် တစ်ဟုန်ထိုး လုပ်ဆောင်နေပြီ ဖြစ်သည်။ ယခင်နှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ အခမဲ့ မူလတန်းကျောင်း ပညာရေးကို စတင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။ ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်လည်း တစ်ဆင့်မြှင့်၍ အခမဲ့ အလယ်တန်းအဆင့် ပညာရေးကို နိုင်ငံတော် စီမံချက်ဖြင့် စတင်အကောင်အထည် ဖော်လုပ်ဆောင်နေပြီဖြစ်သည်။

" ကျွန်တော်တို့ ယခုနှစ်ကစပြီး အလယ်တန်း အခမဲ့ ပညာရေးစနစ်ကို နိုင်ငံတော် စီမံချက်ဖြင့် လုပ်ဆောင် ပေးနေပါပြီ။ ကျောင်းအပ်ခ၊ ဖတ်စာအုပ်ဖိုးက အစ မည်သည့်ငွေမှ တစ်ပြားတစ်ချပ်မှ မပေးရပါဘူး။ ဒါ့အပြင် အားကစားကြေး၊ ကျောင်းစာကြည့်တိုက်ကြေး၊ စာမေးပွဲကြေး၊ အာစရိယ ပူဇော်ပွဲကြေးကအစ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေထံက ဘာဆိုဘာမှ ကောက်ခံမှု မပြုရတော့ပါဘူး။ ကောက်ခံရင် တစ်ဦး တစ်ယောက်က တိုင်လို့ပဲဖြစ်ဖြစ်၊ သိလို့ပဲ ဖြစ်ဖြစ် ဒီနှစ်ကတော့ အရင်နှစ်တွေကလို မြို့ကနေ နယ်တွေ ပြောင်းတာတို့၊ ရာထူး လျှော့တာတို့ မလုပ်တော့ပါဘူး။ အနည်းဆုံး ပင်စင်ပေးလို့ရရင် ပင်စင်ပေးမယ်။ အပြစ်ပေါ်မှာ မူတည်ပြီးတော့ လုံးဝ ဖြုတ်သင့်ရင်ဖြုတ်၊ အပြစ်ကြီးငယ်ပေါ် မူတည်ပြီး ဒီကိစ္စကို ပညာရေး ဝန်ကြီးဌာန အနေနဲ့ ကင်းစင် ပပျောက်သွားအောင် လုပ်ဆောင်သွားဖို့ စီစဉ် ဆောင်ရွက်မှုတွေ လုပ်နေပါတယ်" ဟု ပညာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိန်က မြန်မာ့အလင်းသို့ ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကို အဆင့်မြင့်စေရန် ရည်ရွယ်ချက်ဖြင့် ယခင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစပြီး နိုင်ငံတစ်ဝန်းရှိ ထက်၊ လယ်၊ မူ ကျောင်းများကို သင့်တင့် လျောက်ပတ်သည့် အသုံးငွေ ဘတ်ဂျက်များ စတင် ချထားပေးခဲ့သည်။ ထို့အပြင် ကမ္ဘာ့ဘဏ်၊ ဩစတြေးလျနှင့် NGO အဖွဲ့အချို့တို့ ကလည်း မြန်မာနိုင်ငံ ပညာရေး အဆင့်မြင့်စေရန် ဒေါ်လာသန်း ၁၀၀ ကို ထောက်ပံ့ လှူဒါန်းမှုပြုခဲ့သည်။

သို့သော် ယခင် ပညာသင်နှစ်တွင် ထက်၊ လယ်၊ မူကျောင်းများသို့ နိုင်ငံတော်က ချထားပေးသည့် အသုံးပြု ရန်ငွေ ဘတ်ဂျက်များကို စည်းကမ်းတကျ သုံးစွဲမှု အလေ့အထ မရှိသော ကျောင်းအချို့က အဆိုပါငွေကိုသုံးစွဲမှု မရှိဘဲ ကျောင်းသားများနှင့် ကျောင်းသား မိဘများထံမှ အချို့ အသုံးစရိတ်ငွေများကို ကောက်ခံမှုများ ရှိခဲ့ခြင်းတို့ကြောင့် ယခုနှစ်တွင် ထိုသို့ မဖြစ်စေရန် ပညာရေးဝန်ကြီးဌာန အနေဖြင့် ထိထိ ရောက်ရောက် အပြစ်ပေး ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ ပညာရေးအနေနဲ့ အရင်နှစ်တွေက အခုလို ဘတ်ဂျက် ချထားပေးတာ မရှိခဲ့ဘူးလေ။ အခုလို ချထားပေးတော့ ဘယ်လို သုံးရမယ်မှန်းလည်း မသိဘူးပေါ့။ ပြီးတော့ စာရင်းစစ်ကိုလည်း ကြောက်ရတယ်လေ။ အဲဒီငွေထဲက သိပ်မသုံးရဲလို့ ကျောင်းမိုးမလုံလို့ ပြင်ဖို့တောင်မှ မတင်ပြခဲ့ဘူး။ ဒီနှစ်တော့ ပညာရေးက လိုက်လံ ကြီးကြပ် စစ်ဆေးတဲ့အဖွဲ့က တကယ် အမှန်လုပ်တာ၊ တိတိကျကျနဲ့ စစ်မှန်တဲ့ ဘောက်ချာ အစစ်နဲ့ဆိုရင် ရဲရဲတင်းတင်း သုံးလို့တော့ မှာထားတယ်။ ဒါ့ကြောင့် ဒီနှစ်မှာတော့ လုပ်သင့် လုပ်ထိုက်တာ၊ ပြင်သင့် ပြင်ထိုက်တာကိုလည်း ပြင်မယ်။ ပြီးတော့ ကလေးတွေ ကျန်းမာရေး အတွက် ကျောင်းနောက်က ချုံနွယ်တွေကို ရှင်းဖို့လည်း အထက်ကို တင်ပြထားပါတယ်"ဟု သာကေတ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာမတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်၍ အခမဲ့မူလတန်း ပညာရေးကို စတင်ခဲ့ပြီး ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေးကို စတင် ဆောင်ရွက်ခဲ့ပြီ ဖြစ်သည်။ အခမဲ့ မူလတန်း ပညာရေး စနစ်တွင် ကျောင်းအပ်နှံခ၊ ဖတ်စာအုပ်၊ ဗလာ စာအုပ်နှင့် ကလေးများကို ခဲတံ၊ ဘောပင် စသည်တို့ကို ဝယ်ယူရန် ငွေကျပ် ၁၀၀၀ နှုန်းကိုလည်း နှစ်နှစ် ဆက်တိုက် ပေးဝေခဲ့ပြီး ယခုနှစ်အခမဲ့ အလယ်တန်း ပညာရေးတွင် ကျောင်းအပ်နှံခနှင့် ကျောင်းသုံး ဖတ်စာအုပ်တို့ကို အခမဲ့ ပေးဝေသည့် အပြင် ပညာသင်နှစ် တစ်ခုလုံးတွင်လည်း ကျောင်းသားနှင့် ကျောင်းသား မိဘများအနေဖြင့် အကုန်အကျခံ ပေးဆောင် သင်ယူရတော့မည် မဟုတ်ကြောင်း သိရသည်။

MOI Webportal Myanma

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု ပြည်ခိုင်ဖြိုးအမတ်များ လက်မှတ်မထိုး


အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ရေးထိုးပြီးသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၀ ကျော်တွင် ပြည်ခိုင်ဖြိုးအမတ်များ မပါဝင်ဟု နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မဇ္ဈိမကို ပြောသည်။

“ပြည်ခိုင်ဖြိုးဘက်က ပါဝင်ပူးပေါင်းတာမရှိပါဘူး” ဟု ၎င်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်း/ပွင့်တို့ ပူးပေါင်းလုပ်ဆောင်နေသော လက်မှတ်ရေးထိုးခြင်းကို မေ ၂၇ရက်မှ စတင်ခဲ့ပြီး တစ်ရက်တည်းတွင် ထောက်ခံလက်မှတ် ရေးထိုးသော လွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော်သာရှိသေးသည်ဟု နေပြည်တော်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းသူက မဇ္ဈိမကို အတည်ပြုပြောသည်။

ယင်းတို့ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်ဟု ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “ကျွန်တော်က ဘာဖြစ်လို့ သွားထိုးရမှာလဲ။ လွှတ်တော်မှာရအောင် ပြင်မှာပေါ့။ အပြင်မှာလုပ်နေတာတွေက ဥပဒေဘောင်တွင်းမှာ မရှိဘူး” ဟု ပြောသည်။

MIZZIMA

ဝန်ကြီးချုပ်အိမ်မီးလောင်မှု တရားစွဲဆိုနိုင်ရန် ရက်ပေါင်း လေးဆယ်ကျော်ကြာမှ မြို့နယ်ဥပဒေရုံးသို့ တင်ပြထား



မျိုးသန့်| တနင်္လာနေ့၊ ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။

မန္တလေးတိုင်း၊ ၀န်ကြီးချုပ်ဦးရဲမြင့်နေအိမ် ဧပြီလ ၁၉ရက်က မီးလောင်ကျွမ်းခဲ့ခြင်းကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် ရက်ပေါင်း လေးဆယ်ကျော်ကြာမြင့်ပြီး မေ ၃၁ ရက်တွင် မြို့နယ်ဥပဒေရုံးထံသို့ တင်ပြထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး ဦးစိန်ထွန်းက ဇွန်၁ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်ချက်တွေကို မြို့နယ်ဥပဒေရုံးကို တင်ပြထားပါတယ်။ အဲဒီက အကြံပြုချက် တွေကျလာပြီးမှ တရားစွဲဆိုဖို့ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ဥပဒေရုံးကို မနေ့က မေ ၃၁ရက်က တင်ပြထားပါတယ်” ဟု ဒု-ရဲမှူးကြီးက ပြောသည်။

မန္တလေးမြို့ ၆၅လမ်း ၂၃-၂၄လမ်း ကြားရှိ မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်နေထိုင်သော ၀င်း အတွင်းတွင် ဧပြီလ၁၉ရက် ည၈နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့သည်။ ဧပြီလ၂၂ ရက်တွင် အောင်မြေသာ စံမြို့နယ် အမှတ်(၁)ရဲစခန်းက အဆိုပါ မီးလောင်ကျွမ်းသည့်နေရာရှိ အိမ်ထောင်ဦးစီးဖြစ်သူ ဖြေရှင်းပေး ရန် ပြစ်မှု ပုဒ်မ၂၈၅အရအမှုဖွင့်ခဲ့သည်။ ယခုအခါတွင် တရားစွဲဆိုရန် မြို့နယ်ဥပဒေရုံးထံသို့ အကြံပြုစာ တင်ပို့ခြင်းဖြစ်သည်။

“ရဲအရေးမပိုင်တဲ့အမှုဆိုရင် ဥပဒေရုံးကို အကြံပြုချက်တောင်းခံဖို့ မလိုပါဘူး။ ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အ တွက် တရားရုံးကို အကြံပြုလွှာတောင်းခံတာဖြစ်ပါတယ်။ တရားရုံးအနေနဲ့လည်း အကြံပြုချက်ကိုပေးမှာ ပါ ” ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်တွဲဖက်အတွင်းရေးမှူး တရားလွှတ်တော်ရှေနေ့ ဦးသိန်းသန်းဦးက ပြောသည်။

မီးလောင်ကျွမ်းမှုသည် နေအိမ်အပေါ်ထပ်ရှိ လေအေးပေးစက်အတွက် အသုံးပြုရန်တပ်ဆင်ထားသော် Safe Guard အပူလွန်ရာမှ လောင်ကျွမ်းရခြင်းဖြစ်ကြောင်း အဆိုပါမီးလောင်မှုနှင့် ပတ်သက်သော စစ် ဆေးချက်များဖော်ပြထားရှိသည်။ မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်နေအိမ် အဆောက်အအုံ မီးလောင် ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ်၁၁သိန်းခန့် ဆုံးရှုံးခဲ့သည်။

ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ခံထားရသူသည် အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခံရပါက ထောင်ဒဏ်သုံးနှစ်(သို့)ငွေ ဒဏ်(သို့)ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေကျ ခံရမည်ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၀န်ကြီးချုပ်၏ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းသော်လည်း မည် သည့်အကြောင်းကိုမှ ပြန်လည်ဖြေကြားခဲ့ခြင်းရှိပေ။

ပြည်ထောင်စုသမ်တ မြန်မာနိုင်ငံတော် အစိုးရပြည်ထောင်စုရှေ့နေချုပ်ရုံးနေပြည်တော်မှ အမှတ် ၁/၂၀၁၄ ဖြင့် မေ၁၄ရက် တွင် တရားစွဲဆိုမှုဆိုင်ရာ ညွှန်ကြားချက်တစ်ခုကို ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ထွန်းရင် က ထုတ်ပြန်ခဲ့ရာတွင် မီး(သို့)မီးလောင်လွယ်သော အရာဝတ္ထုများနှင့် စပ်လျဉ်း၍ ပေါ့လျော့ခြင်း အတွက် သာမန်အားဖြင့် အိမ်ထောင်ဦးစီးကိုသာ အရေးယူလေ့ရှိကြောင်း တွေ့ရသည်။

ဥပဒေပြဋ္ဌာန်းချက်အရ မီးသို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုများနှင့် စပ်လျဉ်း၍အရမ်းသို့မဟုတ် ပေါ့လျော့စွာ ပြုလုပ်မှု၊ ပျက်ကွက်မှုပြုသူကိုသာ အရေးယူရန်ဖြစ်သည်။ သို့ဖြစ်ရာ မီးနှင့် စပ်လျဉ်း၍ အရမ်း သို့မဟုတ် ပေါ့လျော့စွာ ပြုလုပ်ခြင်းအတွက် မည့်သူ့တွင် ပြစ်မှုကြောင်းအရ တာဝန်ရှိသူကို စုံစမ်းဖော် ထုတ် ရန်လိုအပ်သည်ဟု ဖော်ပြထားသည်။

သို့ဖြစ်၍ ဥပဒေရုံးအဆင့်ဆင့်သည် မီးသို့တည်းမဟုတ် မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ အရမ်းသို့မဟုတ် ပေါ့လျော့ခြင်းကြောင့် မီးလောင်မှုများတွင် တရားစွဲမတင်မီ ဥပေဒအကြံဥာဏ်တောင်း ခံလာပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ ပါပြဋ္ဌာန်းချက်၊ စီရင်ထုံးလမ်းညွှန်ချက် များနှင့်အညီ စွပ်စွဲခံရသူက မီးသို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုကိုအရမ်း ပြုလုပ်မှုသို့မဟုတ်ပေါ့လျော့စွာပြုလုပ်မှု ကျူးလွန် ကြောင်းသက်သေခံအထောက်အထားခိုင်လုံသည့် အမှန်တကယ်ပြစ်မှု ကျူးလွန်သူကို တရားစွဲသင့်ကြောင်း ဥပဒေ အကြံပြုပြန်ကြားရန် ညွှန်ကြားထားသည်။

Mizzima Burmese

ဧရာဝတီသတင်းဂျာနယ်မှ အကြီးတန်း သတင်းထောက်ဖြစ်သူကို လှိုင်သာယာ ခ .မ .ရ ၅၃၂ တပ်မှ ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ထားခြင်းအပေါ် ရှင်းလင်းပွဲပြုလုပ်


ရန်မျိုးအောင်
ဧရာဝတီသတင်းဂျာနယ်မှ အကြီးတန်း သတင်းထောက်ဖြစ်သူ ကိုကျော်ထွန်းက ရှင်းပြနေစဉ်
ဧရာဝတီသတင်းဂျာနယ်မှ အကြီးတန်း သတင်းထောက်ဖြစ်သူမှ သတင်းရယူမှုကို လှိုင်သာယာမြို့နယ်ရှိ ခ.မ.ရ ၅၃၂ ခြေမြန်တပ်ရင်းမှ တပ်ပိုင်မြေအတွင်း ၀င်ရောက်မှုဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့မရဲစခန်း၌ အဆိုပါတပ်မှ တပ်ထောက်ဗိုလ်ကြီး ကျော်စိုးလွင်က တရားလိုပြုလုပ်ကာ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်ထားကြောင်း ဇွန် ၁ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းတပ်မြေအတွင်း လယ်လုပ်ငန်းလုပ်ကိုင်သည့် လယ်သမား ကိုအောင်မင်းလှိုင်က ၎င်းတို့အား တပ်မှဖယ်ရှားခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီဂျာနယ်သို့ သတင်းယူရန် ဆက်သွယ်ရာမှ အကြီးတန်း သတင်းထောက်ဖြစ်သူ ကိုကျော်ထွန်းမှ မေ ၃၁ ရက် ညနေပိုင်း ၅ နာရီအချိန်တွင် အဆိုပါနေရာသို့ သတင်းရယူကြောင်း သိရသည်။

“လယ်သမားမိသားစုကို ဖြစ်စဉ်မေးနေတုန်းည ၈ နာရီလောက်မှာ လူအယောက် ၃၀ လောက် တုတ်၊ ဓားတွေကိုင်ပြီး အိမ်ပေါ်တက်လာကြတယ်။ မီးမှိတ်ခိုင်းတယ်။ ဟိုက ထမင်းစားမှာပြောပြပြီး မမှိတ်တော့ မီးချောင်းတွေကို ရိုက်ခွဲတယ်။ ကျွန်တော်ကိုတော့ တပ်ကြပ်ကြီး အေးသိန်းဆိုသူက အိမ်အပြင်ဘက်ကို အတင်းဆွဲချတယ်။ အောက်ရောက်တော့ သုံးယောက်လောက် ၀ိုင်းထိုးတယ်။ ဆိုင်ကယ်နဲ့ သူတို့တပ်ထဲခေါ်သွားပြီး မေးတော့ သတင်းယူတယ်ဆိုတာ ပြောပြတယ်” ဟု ဧရာဝတီ သတင်းဂျာနယ်မှ အကြီးတန်းသတင်းထောက် ကိုကျော်ထွန်းက ပြောကြားသည်။

ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံထားရသည့် ကိုကျော်ထွန်းကို အာမခံဖြင့် ထုတ်ယူခဲ့ပြီး သတင်းထောက် ကိုကျော်ထွန်းဘက်မှလည်း လုယက်မှု၊ နာကျင်စေမှုပုဒ်မဖြင့် အမှုဖွင့်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က တပ်မြေထဲ တရားဝင် နေထိုင်တဲ့သူပါ။ ကျူးကျော်နေတာ မဟုတ်ဘူး။ ဗိုလ်မှူး အဆက်ဆက်ကတည်းက ဒီလယ်လုပ်ပါတယ်ဆိုပြီး စာချုပ်စာတမ်းနဲ့ တစ်ဧက ၂၃ တင်းပေးပြီး လယ်လုပ်နေတာ။ ဒီမြေမှာပဲ တပ်က ဓာတ်အားယူသုံးတဲ့ ကေတီဗီ၊ မာဆက်အပြင် တခြားလုပ်ငန်းတွေလည်း အများကြီးရှိပါတယ်။ အားလုံးကို ဖယ်ခိုင်းရင် ဖယ်မှာပါ” ဟု ယင်း ခ.မ.ရ ၅၃၂ ခြေမြန်တပ်ရင်းအတွင်း လယ်လုပ်ကိုင်သူ ကိုအောင်မင်းလှိုင်က ပြောကြားသည်။

ခ.မ.ရ ၅၃၂ ခြေမြန်တပ်ရင်း ပိုင်မြေပေါ်၌ လုပ်ကိုင်နေသည့် လယ်သမားခြောက်ဦး၏ လယ်ဧကပေါင်း ၁၀၆ ဧကရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လှိုင်သာယာရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

 News Eleven

အရည်အသွေးမကောင်းသည့် ကွန်ကရစ်ဓာတ်တိုင်များ ရောင်းချသည့် ကုမ္ပဏီများကို နာမည်ပျက် စာရင်းသွင်းမည်ဟုဆို


မန္တလေး ဇွန် ၁

မန္တလေး တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားသွယ်တန်းသည့် ကွန်ကရစ်ဓာတ်တိုင်တချို့သည် အရည် အသွေးကောင်းမွန်ခြင်းမရှိသည်ကို တွေ့ရှိရ၍ စစ်ဆေးသွားမည့်အပြင် ရောင်းချသည့်ကုမ္ပဏီကို နာမည် ပျက်စာရင်း သွင်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနမှ သိရသည်။

“ကွန်ကရစ်ဓာတ်တိုင်တွေလဲ သွားတာတွေ့လို့ ကြည့်လိုက်တော့ အထဲမှာ သံချည်သံကွေးမပါဘူး။ ဒါဆိုဘယ်လို ခိုင်ခံ့မှာလဲ။ အရည် အသွေးကောင်းမ ကောင်း စစ်ဆေးဖို့ ဆိုတာ အပြင်ကကြည့်လို့ မသိနိုင်ဘူး။ စက်နဲ့စစ်မှ ရမယ်။ ထုတ်လုပ်တဲ့ကုမ္ပဏီကတော့ သိမှာပါ။ ဈေးသက်သာအောင် ရောင်းကြရင်း အရည်အသွေး ကျဆင်း လာတယ်။ ဒါမျိုးဖြစ်လာရင် ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းမယ်” ဟု လျှပ်စစ်ဝန်ကြီးဦးကျော်မြင့်က ပြောသည်။

လက်ရှိအချိန်တွင် ဈေးကွက် စီးပွားရေးစနစ်အရ ကွန်ကရစ်တိုင်များကို မည်သည့်ကုမ္ပဏီက ဝယ်ယူ ရမည်ဆိုသည့် သတ်မှတ်ချက်ထားရှိခြင်းမရှိဘဲ တိုင်းဒေသကြီး/ခရိုင် လျှပ်စစ်ဌာနများက စစ်ဆေးသွား မည်ဖြစ်ကြောင်း အရည်အသွေးကို အဓိကထား ဝယ်ယူအသုံးပြုသွား ကြရန် လမ်းညွှန် ထားကြောင်း၊ အရည် အသွေးမပြည့်သော ပစ္စည်းများတပ်ဆင်အ သုံးပြုပါက စစ်ဆေးရေး အဖွဲ့များနှင့် ပူးပေါင်းအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။

“မန္တလေးမှာ မေ ၁၀ ရက် ညနေ ပိုင်းက မိုးသည်းထန်ပြီးလေပြင်း တိုက်တော့ မြောက်ပြင် ၁၂ လမ်းနဲ့ ကမ်းနားလမ်းမှာ ကွန်ကရစ်ဓာတ်တိုင်နှစ်တိုင် ကျိုးသွားတယ်။ အဲဒီညပိုင်း ကတည်းက စောင်းနေပြီး မနက်ကျ တော့ ဝုန်းခနဲလဲသွားတယ်။ ထိခိုက်တာတွေရှိတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။
ကွန်ကရစ်တိုင်များ၏ ခံနိုင်ရည်အား တိုင်းတာသည့်စက်သည် ရန်ကုန် မြို့တွင်သာရှိ၍ စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ပေး နေခြင်းဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းအသုံးပြုမည့် ကွန်ကရစ်တိုင်များကို ရန်ကုန် မြို့တွင် စစ်ဆေးနိုင်ကြောင်း သိရသည်။

“ကျေးရွာမီးလင်းရေးကော်မတီ တွေက သူတို့ငွေအားနဲ့လုပ်တဲ့အခါ ဈေးနှုန်းသက်သာတဲ့ ကွန်ကရစ်တိုင် တွေဝယ်ကြတော့ စံချိန်မမီတာ တွေဖြစ်လာတာပါ။ ဒါမျိုးတွေဖြစ်လာရင် ထုတ်လုပ် ရောင်းချတဲ့ ကုမ္ပဏီမှာ တာဝန် ရှိတယ်။ လျှပ်စစ်အင်ဂျင်နီယာတွေသုံးတဲ့ ဓာတ်ကြိုးနဲ့ပစ္စည်းတွေ အပြင် ကွန်ကရစ်တိုင်တွေကိုလည်း စစ်ဆေးတာ လုပ်သွားမယ်” ဟုလျှပ်စစ်ဝန်ကြီးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သစ်သားဓာတ်တိုင်များအစား နိုင်ငံတကာစံချိန်မီ ကွန်ကရစ်ဓာတ်တိုင် များဖြင့် လဲလှယ်စိုက်ထူအ သုံးပြုသွားမည်ဖြစ်ပြီး လာမည့်ဘတ်ဂျက် နှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ ၂၈ မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလုံ လောက်စွာရရှိရန် ထရန်စဖော်မာများ တပ်ဆင်နိုင်ရေးအတွက် ရန်ပုံငွေ တောင်းခံသွား မည်ဖြစ်ကြောင်း သိရသည်။


MOI Webportal Myanmar

အီရန်တွင် Facebook အသုံးပြုသူ ရှစ်ဦး စုစုပေါင်း ထောင်ဒဏ် ၁၂၃ နှစ် ချမှတ်ခြင်းခံရ


အီရန်နိုင်ငံတွင် ဆိုရှယ်မီဒီယာ Website တစ်ခုဖြစ်သည့် Facebook ကို အသုံးပြုပြီး အစိုးရဆန့်ကျင်ရေး ဝါဒဖြန့်မှုများ ပြုလုပ်သည် ဆိုကာ လူရှစ်ဦးကို စုစုပေါင်း ထောင်ဒဏ် ၁၂၃ နှစ် ချမှတ်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ယင်းသို့ Facebook ကို အသုံးပြုပြီး အစိုးရဆန့်ကျင်သူများဟု စွပ်စွဲခြင်း ခံထားရသူ ရှစ်ဦးသည် တစ်ဦးလျှင် ထောင်ဒဏ် ၇ နှစ်မှ နှစ်ပေါင်း ၂၀ အထိ ချမှတ်ခြင်း ခံခဲ့ရပြီး နိုင်ငံတော်အကြီးအကဲ အယာတိုလာ အလီခါမေနီကို စော်ကားပြောဆိုခြင်း၊ အစိုးရအဖွဲ့ လုပ်ဆောင်ချက်များကို လွဲမှားစွာ ဝေဖန် ရေးသားခြင်းများကြောင့် ယင်းသို့ ထောင်ဒဏ်များ ချမှတ်ရခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

အီရန်နိုင်ငံတွင် နာမည်ကြီး ဆိုရှယ်မီဒီယာ Website များကို အသုံးပြုခြင်းသည် အစ္စလာမ် မပီသခြင်း၊ ကိုယ်ကျင့်တရား ဖောက်ပြန်ခြင်း၊ အစ္စလာမ်ဘာသာရေးက ပြဋ္ဌာန်းထားချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်းဟု သတ်မှတ်ပြီး ယင်းဆိုရှယ်မီဒီယာ လိုင်းများကို ရယူသုံးစွဲခြင်း မပြုနိုင်စေရန် ပိတ်ပင်ခဲ့သော်လည်း ယခု ထောင်ဒဏ် အမိန့်ချမှတ်ခြင်း ခံရသူများသည် ပိတ်ဆို့မှုများကို ဖောက်ထွက်နိုင်သည့် ဆော့ဖ်ဝဲများ အသုံးပြုပြီး အစိုးရ ဆန့်ကျင်ရေးစာများ ရေးသားခဲ့ကြခြင်း ဖြစ်သည်။

အီရန်တွင် ပြစ်ဒဏ်သတ်မှတ်ခြင်း ခံရသူများအနက် အီရန်နိုင်ငံတွင် မွေးဖွားသည့် ဗြိတိန်နိုင်ငံသား အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း AFP တွင် ရေးသားထားသည်။

ရိုယာ ဆာဘရီနီယက်နိုဘတ် အမည်ရှိ ဗြိတိန်သူသည် ယမန်နှစ် ဆောင်းရာသီကတည်းက Facebook ကို အသုံးပြုပြီး ဝေဖန် ရေးသားခဲ့မှုများကြောင့် ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

The Voice Weekly


အင်အားပြင်းထန်သည့် နေရောင်ခြည်စက်ဝန်း ပေါက်ကွဲ


 အင်မတန် အင်အား ကြီးမားပြင်းထန်တဲ့ နေရောင်ခြည်စက်ဝန်း ပေါက်ကွဲမှုတရပ် နေရဲ့ဘေးကနေ ပန်းထွက်လာပုံကို အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ)ရဲ့ နေနဲ့ နက္ခတာရာ လေ့လာရေးမျှော်စင် (အိုင်အာအိုင်အက်စ်)က ဖြန့်ချိလိုက်ပါတယ်။
ဒီပုံတွေကို ပြီးခဲ့တဲ့ မေ ၉ ရက်နေ့က ဖမ်းယူ ရရှိခဲ့တာ ဖြစ်ပြီး နေရောင်ခြည် စက်ဝန်း ဖြာထွက်မှု နယ်ပယ်ဟာ ကမ္ဘာ့ကြီးရဲ့ ၅ ဆထိ ကျယ်ပြန့်ပြီး အလျားကတော့ ကမ္ဘာထက် ၇ ဆခွဲ ပိုရှည်တယ်လို့ နာဆာက ဆိုပါတယ်။

ကြီးမားတဲ့ နေရောင်ခြည်စက် ၀န်း ဖြာထွက်မှုတရပ်တည်းမှာ ၁ ဘီလီယံတန်လောက် အလေးချိန်ရှိတဲ့ နေရဲ့ အမှုန်တွေဟာ ၁ နာရီကို မိုင်သန်းပေါင်းများစွာ အရှိန်နဲ့ ပေါက်ကွဲ ထွက်နိုင်ပါတယ်။

တကယ်လို့ ဒီ လျှပ်စစ်သံလိုက်လှိုင်းတွေသာ ကမ္ဘာ့မြေဘက်ခြမ်းပေါ် ကျရောက်ခဲ့မယ်ဆိုရင် ဂြိုဟ်တုတွေနဲ့ လျှပ်စစ် တယ်လီကွန်ဆက်သွယ်ရေးတွေအပေါ် သက်ရောက်နိုင်ပါတယ်။

အိုင်အာအိုင်အက်စ်ရဲ့ လေ့လာရေး မျှော်စင်ဟာ နာဆာရဲ့ အသစ်ဆုံး လေ့လာရေးမျှော်စင် ဖြစ်ပြီး လော့ခ်ဟိမာတင် နေနဲ့ အာကာသရူပဗေဒ ဓာတ်ခွဲခန်းက ပုံစံထုတ် စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

By ဒီဗွီဘီ

ပညာရေးဌာနမှအရာရှိများကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဆိုသည့်ဝန်ကြီးက ယင်းကိစ္စကို ဖြေကြားလိုခြင်းမရှိ


ရန်ကုန်၊ မေ ၃၁- ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ပါးက ပညာရေးဌာန မှအရာရှိများကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဆိုခြင်းနှင့် ပတ်သက်၍ အ ကြောင်းစုံကို ဖြေကြား ပေးလိုသည့် ဆန္ဒမရှိကြောင်း အဆိုပါဝန်ကြီးက ဖလားဝါး နယူးစ်ဂျာနယ်သို့ ပြောသည်။
”ကျွန်တော် ခရီးထွက်နေလို့ပါ၊ ဘာမှမမေးပါနဲ့”ဟု ယင်းကပြောသည်။
ဖလားဝါးနယူးစ်ဂျာနယ်မှ အဆိုပါဝန်ကြီးအား မေ ၃ဝ ရက်က ပညာရေး ဌာနမှ ဆရာများအား ကိုယ်ထိလက်ရောက် ထိုးကြိတ်မှုများဖြစ်သည်ဆိုခြင်းကို သိလိုသည်ဟုမေးမြန်းခဲ့ရာ ယင်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ခိုင်ဖြိုးပါတီဝင် ဝန်ကြီး တစ်ပါးသည် မေ ၂၇ ရက်တွင် ယင်း၏ရုံးခန်းသို့ ပြည်နယ်ပညာရေး ညွှန်ကြားရေး မှူးတာဝန်ကို ခေတ္တတာဝန်ယူထားသူ ဆရာတစ်ဦးနှင့် လက်ထောက်ကြီးကြပ်ရေး မှူးတစ်ဦးတို့ကိုခေါ်ယူပြီး မူလတန်းပြဆရာ၊ ဆရာမ အပြောင်းအရွှေ့ကိစ္စများနှင့် စပ်လျဉ်း၍ ချက်ချင်းအမိန့်ထုတ်ပေးရန်နှင့် ယင်း၏ရှေ့တွင် လက်မှတ်ထိုးခိုင်း ခဲ့ရာ ယင်းပြည်နယ်ပညာရေးညွှန်မှူးတာဝန်ကိုယူထားသူ ဆရာက မိမိအနေဖြင့် အမိန့်ကို ချက်ချင်းထုတ်ပြန်ပေး၍မရကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်ကို ခေတ္တစောင့်ဆိုင်းပေးပါရန် ပြောဆိုခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဝင် ဝန်ကြီးက ခိုင်းတာကို မလုပ်ပေးရကောင်းလားဟုဆိုကာ ပညာရေးညွှန်မှူး၏ မျက်နှာကိုလက် သီးဖြင့်ထိုးရာ ဘေးနားတွင်ရှိသော လက်ထောက်ကြီးကြပ်ရေးမှူးက ဝင်ပြောသည့် အတွက် ယင်းကိုပါ ထပ်ပြီး ပါးရိုက်လိုက်ကြောင်း ရခိုင်ပြည်နယ် ပြည်နယ်ပညာရေး မှူးရုံးမှ ဆရာတစ်ဦးက ဆိုသည်။

”မူလတန်းပြ ဆရာ၊ ဆရာမ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ ရုံးကို ခေါ်ပြီး ချက်ချင်းအမိန့်ထုတ်ခိုင်းတယ်။ လက်မှတ်ပါ တစ်ခါတည်းထိုးခိုင်းတော့ ဆရာက မထိုးဘူး။ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို စောင့်ရပါမယ်။ နှစ် ရက်လောက်စောင့်ပါဆိုတော့ သူခိုင်းတာကို မလုပ်ရကောင်းလားဆိုပြီးတော့ လက် သီးနဲ့ထိုးတယ်။ ဘေးနားကဆရာက ဝင်ပြောတော့ သူ့ကိုပါ ပါးရိုက်တယ်”ဟု ယင်း ပညာရေးမှူးရုံးမှ ဆရာက ဆိုသည်။
အဆိုပါဝန်ကြီးသည် ပြီးခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲက ပြည်ခိုင် ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်ပြီး တပ်မတော်တွင်လည်း ဒုတိယ ဗိုလ်မှူးကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။

မင်းအောင်ခိုင် ၊ Flower News Journal အတွဲ(၁၀) အမှတ်(၂၁)
Yangon Media Group

အမျိုးသမီးများ၏ ရယ်စရာကောင်းသော အလေ့အထလေးများ


၁။       ကျွန်မတို့တွေက နိုးစက်ကိုလိုတာထက် (၁၀)မိနစ်ကြိုပေးတတ်ကြတာတောင်ဘယ်လိုပဲဖြစ်ဖြစ် အိပ်ပျော်သွားမြဲပါပဲ။

၂။       မျက်တောင်ကော့တိုင်းပါးစပ်ဟထားကြတယ်။ ပါးစပ်ပိတ်ဖို့ ကြိုးစားပြန်တော့လည်းမျက်တောင်ကော့ဆေးတွေ စွန်းထင်းကုန်ပါတယ်။

၃။       ကျွန်မတို့ရဲ့ ကြီးမားလှတဲ့ လက်ကိုင်အိပ်ထဲကိုဖုန်းကိုပစ်ထည့်တတ်ကြပါတယ်။အဲဒါနဲ့ ဖုန်းမြည်လာတဲ့အခါဖုန်းကိုရှာမတွေ့လို့ ကမန်းကတန်းဖြစ်တတ်ကြတယ်။

၎။       တစ်ချိန်ချိန်ကျလိုအပ်လာမလားဆိုပြီးလက်ကိုင်အိပ်ကြီးထဲမှာဘယ်တော့မှမသုံးတဲ့ ပစ္စည်းတွေထည့်ပြီးနေရာတကာသယ်သွားတတ်ကြပါတယ်။

၅။       ပစ္စည်းတွေကိုသူ့နေရာနဲ့သူစီကာစဉ်ကာထားတတ်ကြပါတယ်။ ပြီးတော့ ထားတဲ့နေရာမေ့နေတတ်ကြတယ်။

၆။       ခေါင်းပေါ်မှာတင်ထားတဲ့ မျက်မှန်ပျောက်လို့ လိုက်ရှာနေတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။       မှန်ကြည့်တိုင်းစဉ်းစားမိတာတစ်ခုကတော့ ဒီပုံစံလေးဓာတ်ပုံရိုက်ထားရင် လှမှာပဲလို့ပေါ့။

၈။       အလောတကြီးဖြစ်နေတဲ့အခါမျိုးမှာလက်ထဲမှာအခုလေးတင် ကိုင်လိုက်တဲ့သော့ကိုပျောက်ပြီဆိုပြီးလိုက်ရှာနေမိတတ်ကြတယ်။

၉။       ကျွန်မတို့အားလုံးခေါင်းလျှော်ရည် နှစ်မျိုးသုံးမျိုး၊ ကွန်ဒီရှင်နာ (conditioner) အမျိုးမျိုးအပြင် ရေချိုးဆပ်ပြာရည်များစွာရေချိုးခန်းထဲမှာထားတတ်ကြတယ်။

၁၀။     ဘယ်အချိန်အခါမဆိုအပြင်မထွက်ခင် ကိုယ့်ကိုယ်ကိုဘယ်လိုနေလဲဆိုတာမှန်ထဲကြည့်လေ့ရှိကြတယ်။

၁၁။     အဝတ်ဘီရိုထဲမှာအဝတ်အစားတွေပြည့်နက်နေပေမယ့် ဝတ်စရာဘာမှမရှိဘူးဖြစ်နေပြန်တယ်။

၁၂။     အိပ်ယာမဝင် ခေါင်းဖြီးတတ်သေးတယ်။

၁၃။     အများသုံးသန့်စင်ခန်းတွေသွားတဲ့အခါ အတင်းအဖျင်းလေးပြောရအောင် အုပ်စုလိုက်သွားတတ်ကြတယ်။

၁၄။     ဘီယာတွေအားလုံးအရသာတူတူပဲလို့ ထင်နေတတ်ကြတယ်။

၁၅။     ဈေးဝယ်ထွက်တာပဲဖြစ်ဖြစ်၊ အမှိုက်သွားပြစ်တာပဲဖြစ်ဖြစ် လှလှပပဝတ်ဆင်ပြီး၊ မိတ်ကပ်လိမ်းပြီးမှ ထွက်လေ့ရှိပါတယ်။

၁၆။     ကျွန်မတို့ အမျိုးသားတစ်ယောက်ကို “ဘာမှမဟုတ်ပါဘူး” လို့ပြောတဲ့အခါ အမှန်တကယ်ကတော့ ဆန့်ကျင်ဘက်ကိုဆိုလိုတာပါ။

၁၇။     ကျွန်မတို့ ဘယ်တော့မှ အမှားမလုပ်ပါဘူး။ အမျိုးသားတွေ စပြီးတောင်းပန်တာကိုပဲစောင့်တာပါ။

၁၈။     ဖြတ်လမ်းကသွားရမှာကိုကြောက်လို့ အမြဲတမ်းရှည်ရှည်ဝေးဝေးလမ်းကပဲသွားလာလေ့ရှိပါတယ်။

၁၉။     ကျွန်မတို့ငိုတဲ့အခါမှာထွေးပွေ့ထားပေးမယ့် တစ်ယောက်ယောက်ကို မြင်စေချင်ကြပါတယ်။

၂၀။     ဖျော်ဖြေရေးအစီအစဉ်တွေကို ကြည့်တဲ့အခါ အမျိုးသားတွေအနေနဲ့တော့ လက်တွေ့ဘဝကနေခဏလွတ်မြောက်မှုကိုရှာဖွေတတ်ကြပါတယ်။ ကျွန်မတို့အမျိုးသမီးတွေကတော့ လက်တွေ့ဘဝအကြောင်းနဲ့တိုက်ဆိုင်လောက်တာတွေကိုစိတ်ကူးရင်ဆန်ဆန် ရှာနေတတ်ကြပါတယ်။

၂၁။     ကျွန်မတို့အားလုံးပိုးကောင်၊ ပင့်ကူ၊ ပိုးဟပ်နဲ့ ကြွက်တွေကိုကြောက်ကြတယ်။

၂၂။     (၃)ရက်ကြာခရီးသွားဖို့အတွက် အဝတ်အစား (၇)စုံပြင်ဆင်လေ့ရှိတယ်။ ဘာဝတ်ရမလဲဆိုတာရွေးချယ်ရအောင်လို့ပါ။

အမျိုးသမီးတွေရဲ့ ရယ်စရာကောင်းတဲ့ အလေ့အထလေးတွေကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးရယ်မောနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။အမျိုးသမီးတွေရဲ့ရယ်စရာအပြုအမူတွေကိုအောက်ဖော်ပြပါ comment section ကနေလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။


ဂန္တဝင် မဂ္ဂဇင်း

မြန်မာ-ဘင်္ဂလာဒေခ်ျ့တင်းမာမူ လျှော့ကျသွားပြီဟု ဘင်္ဂလာဒေခ်ျ့နိုင်ငံခြားရေးဝန်ကြီးပြောကြား

(ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali)



မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် တင်းမာမူ လျှော့ကျသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali ပြောသည်။

ယမန်နေ့က ဒက္ကားမြို့ရှိ ဟိုတည် တစ်ခုဖြစ်သော Ruposhi Bangla တွင် ပြုလုပ်သော အခမ်းအနား တစ်ခုတွင် သူက ထိုကဲ့သို့ ထုတ်ဖေါ်ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ တင်းမာမူကတော့ လျှော့ကျသွားပြီး၊ နယ်စပ်မှာ နဂိုပုံမှန်ကို ပြန်ရောက်ဖို့ကျနော်တို့ ကြိုးစားနေပါတယ်” ဟု အခမ်းအနားအပြီးတွင် သတင်းထောက်များသို့ သူက ပြောဆိုသည်။

ယင်းပြင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့မှာ အိမ်နီးချင်း မိတ်ဆွေများ ဖြစ်ကြပြီး အခုအခါ နှစ်နိုင်ငံအကြားအရေးပါတဲ့ ပြောင်းလဲမူများနှင့် အတူ နှစ်နိုင်ငံဆက်ဆံရေးအောက်တွက် နေရာများစွာမှာ အတူတကွ ပူပေါင်း ဆောင်ရွက်နေကြောင်း သူက ပြောကြားသည်။

ယင်းပြင် ဘင်္ဂလာဒေခ်ျ- တရုတ်- အိန္ဒိယ-မြန်မာ တို့ ပါဝင်သည့် (BCIM)  စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် BIMSTEC တွင်လည်း မြန်မာနိုင်ငံမှာ အဖွဲ့ဝင်နိုင်ငံတစ်ခုပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်နေကြောင်း သူက ဆိုသည်။

ကျနော်တို့အနေဖြင့် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြင့်တင်နေကြောင်း၊ ခင်ဗျားတို့လည်း ဒါကို လိုလားပါလိမ့်မယ်ဟု သူက သတင်းထောက်များတွေ့ဆုံစဉ် ထိုသို့ ပြောဆိုသည်။

ဇွန်လ (၉) ရက်နေ့တွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) အကြီးအကဲ ညွှန်ချုပ် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး နယ်စပ် ရေးရာ ကိစ္စများကို ဆွေးနွေးမည်ဟု သူက ဆိုသည်။

ယင်းပြင် ဇွန်လ (၁၉) ရက်နေ့တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာလက်အောက်တွင် ဖွဲ့စည်းထားသော နိုင်ငံခြားရေးရုံးအဆင့် ညှိနိုင်းရေးအဖွဲ့ဝင်များသည်လည်း ဒက္ကားမြို့တွင် တွေ့ဆုံပြီး ဆွေးနွေးကြမည်ဟု သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့အကြား နယ်စပ်တွင် တင်းမာမူ ဖြစ်ပေါ်ခဲ့ပြီး မေလ (၃၀) ရက်နေ့က အပြန်အလှန် ပစ်ခတ်မူများ ပေါ်ပေါက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် တင်းမာမူ လျှော့ကျရေး သံတမန်နည်းအရ ဖြေရှင်းရန်ကြိုးစားလာကြခြင်း ဖြစ်သည်။

Narinjara

ထိုင်းနိုင်ငံတွင်း ခိုးဝင် မြန်မာ ၆၄ ဦး ရနောင်းတွင် ဖမ်းမိ ( သတင်းတို )


ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ မေ ၃၁ ရက်နေ့က တရားမ၀င် ခိုးဝင်လာတဲ့ မြန်မာ ၆၄ ဦးကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။


နယ်မြေထဲမှာ လူကုန်ကူးအဖွဲ့ လှုပ်ရှားမှုရှိကြောင်း ကြိုတင်သတင်းရထားချက်အရ  အမှတ် ၂၅ အထူးစစ်ဆင်ရေး တပ်လက်အောက်ခံ တပ်မဟာ ၂၅၂ က တပ်ဖွဲ့ဝင်တွေဟာ ကရပူရီမြို့နယ်  ဟင်မိုင်ကျေးရွာအုပ်စုက ဆီအုန်းခြံ တခုထဲကို ၀င်ရောက်စစ်ဆေးရာမှာ ဟိုင်းလပ်ကား ၂ စီးနဲ့ တင်ဆောင်လာတဲ့ အဲဒီလူတွေကို ဖမ်းမိတာလို့ တပ်ခွဲမှူး ဗိုလ်မှူး ဆုရဆဒ်ဒီး ဖိန့်ယမ့်က သတင်းထောက်တွေကို ပြောပါတယ်။

သူတို့တွေဟာ အဲဒီခြံထဲမှာ တထောက်နားနေတာ ဖြစ်ပြီး ကားမောင်းသမား ထိုင်းလူမျိုး ၂ ဦး ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ကျန်တဲ့လူ ၆၄ ဦးကိုတော့ ဆက်လက်အရေးယူဖို့ ရနောင်းခရိုင် လ၀ကရဲစခန်းမှာ ပို့ဆောင်ထားတယ်လို့ တပ်ခွဲမှူးက ပြောပါတယ်။ ဖမ်းမိသူ ၆၄ ဦးမှာ အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၇ ဦး ပါဝင်ကာ အသက် ၂၀ နဲ့ ၄၀ ကြားရှိတယ်လို့ ဆိုပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့တွေဟာ မြန်မာဘက်ခြမ်းကနေ ၀င်လာပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဆုရတ်ဌာနီ၊ ဆုန်ခရာနဲ့ ဖူးခတ်စတဲ့အရပ်ဒေသမှာ အလုပ်သွားလုပ်ဖို့ ဖြစ်ကြောင်း၊ ပွဲစားခ ၁ ဦးကို ဘတ် ၃ ထောင်ကနေ ၈ ထောင်အထိ ပေးရကြောင်း၊ ပွဲစားက အရင်ငွေစိုက် ထားကာ လုပ်ခထဲကနေ ဖြတ်သွားဖို့ သဘောတူထားတယ်လို့ တပ်ခွဲမှူးအပြောကို ကိုးကားပြီး ထိုင်းသတင်းက ဖော်ပြသွားပါတယ်။
DVB Burmese

တရုတ်-မြန်မာနယ်စပ်တွင် ငလျင်ကြီးများဖြစ်ပေါ်နိုင်ကြောင်း မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းက သတိပေးပြောကြား



ရန်ကုန်၊ မေ ၃၁- တရုတ်-မြန်မာနယ်စပ်အနီး တွင် အင်အားအသင့်အတင့်ရှိသော မြေငလျင် များ ခပ်ကျဲကျဲလှုပ်ခတ်လျက်ရှိရာမှ ရက်ခြား၍ လှုပ်ခတ်လာပါက ငလျင်ကြီးများဖြစ်ပေါ်လာ နိုင်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်းက သုံးသပ်ပြောသည်။
မန္တလေးမြေငလျင်စခန်း အရှေ့မြောက် ဘက်တရုတ်-မြန်မာနယ်စပ် မြစ်ကြီးနားမြို့၏အရှေ့တောင်ဘက်အနီးတွင် မေလနောက်ဆုံး ပတ်အတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင် နှစ်ကြိမ်ခန့်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာန မြေငလျင်ဌာနမှ သတင်းထုတ်ပြန် ထားကြောင်းသိရသည်။

''ဒီဒေသမှာ ငလျင်လှုပ်တာ ဖြစ်ရိုးဖြစ် စဉ်တစ်ခုပါ။ တစ်နှစ်ခြားတစ်ခါ လှုပ်လေ့ရှိတတ် တယ်။ ဒါပေမဲ့ ခပ်ကျဲကျဲ လှုပ်ခတ်နေရာကနေ ရက်ခြားရက်ခြား လှုပ်ခတ်လာရင်တော့ ငလျင် ကြီးတွေ ဖြစ်ပေါ်နိုင်လို့ သတိထားရမှာဖြစ်ပါ တယ်''ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဦးစိုး သူရထွန်းက ပြောသည်။
မြန်မာနိုင်ငံနှင့်နီးသော နယ်စပ်တစ် လျှောက်တွင် အင်အားရစ်ခ်ျတာစကေး ၅ နှင့် ၆ ကြားရှိသော မြေငလျင်များသာ လှုပ်ခတ်လေ့ ရှိသော်လည်း တရုတ်နိုင်ငံ နယ်စပ်ဒေသများ တွင် အင်အားကြီးငလျင်များ လှုပ်ခတ်တတ် ကြောင်း သိရသည်။

''ဒီငလျင်တွေ ဘာကြောင့်ဖြစ်လာရ တာလဲဆိုတော့ အကြမ်းဖျင်းအားဖြင့် အိန္ဒိယ တိုက်ကြီးက မြောက်ဘက်ကို လွန်ခဲ့တဲ့နှစ်သန်း ပေါင်း ၆ဝ လောက်ကစပြီး တဖြည်းဖြည်းရွေ့ လာခဲ့ရာကနေ အာရှတိုက်နဲ့ တိုက်မိပြီး တောင် တန်းကြီးတွေဖြစ်လာတာ။ ယနေ့ထိလဲဆက်ရွေ့ လျားနေတဲ့အတွက် ငလျင်တွေ အမြဲတမ်း လှုပ် တယ်'' ဟု ဦးစိုးသူရထွန်းက ပြောသည်။

အဆိုပါ တရုတ်-မြန်မာနယ်စပ်အနီး တွင် မြေငလျင်များလှုပ်ခတ်လေ့ရှိသော်လည်း မြန်မာနိုင်ငံအနေနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်း၊ သို့သော် တစ်ဖက်တရုတ်နိုင်ငံနယ် စပ်တွင်မူ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆုံး ရှုံးနစ်နာမှုများရှိခဲ့ကြောင်းသိရသည်။

တရုတ်နယ်စပ်တွင် မေ ၂၄ ရက်လှုပ် ခတ်သောငလျင်ကြောင့် လူ ၁၃ဦး ဒဏ်ရာရရှိခဲ့ ပြီး မေ ၃ဝ ရက်တွင် လှုပ်ခတ်သောငလျင်ကြောင့် လူ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးမှု ဖြစ်ပေါ်နိုင်ခြင်းမရှိဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အ ဆောက်အအုံများ ပြိုကျပျက်စီးရာမှ သေဆုံးမှု ပိုမိုဖြစ်ပေါ်တတ်ခြင်းကြောင့် မြေငလျင်ဖြစ်ပေါ် နိုင်ခြေများသည့် ဒေသများ၌ဖွံ့ဖြိုးရေးလုပ်ငန်း များပြုလုပ်ရာ၌ သတိထား၌ ပြုလုပ်သင့်ကြောင်း မြေငလျင်ပညာရှင်များက သုံးသပ်ပြောသည်။
စစ်ကိုင်းပြတ်ရွေ့မှာ မြန်မာပြည်တွင် အကြီးဆုံးဖြစ်ပြီး ရွေ့လျားနှုန်းအမြန်ဆုံးပြတ်ရွေ့ ဖြစ်ကြောင်း၊ ယင်းမှာ တစ်နှစ်လျှင် နှစ်စင်တီမီ တာနှုန်းဖြင့် ရွေ့လျားနေခြင်းကြောင့် ¤င်းနှင့် ဆက်စပ်ဒေသများဖြစ်သည့် ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့၌ ငလျင်လှုပ်ခတ်နိုင် ခြေများကြောင်း ဦးစိုးသူရထွန်းက သုံးသပ်သည်။

အင်အားရစ်ခ်ျတာစကေး ၇ ခန့်ရှိလျှင် အင်အားကြီးမြေငလျင်အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် အင်အားကြီးမြေငလျင်နှစ်ကြိမ် ခန့် ဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ ၁၉၁၂ ခုနှစ်တွင် မေမြို့ ၌ အင်အားရစ်ခ်ျစကေး ၈ ရှိသည့် အကြီးဆုံး မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး၊ ယင်းအချိန်တွင် ဖွံ့ဖြိုးမှုမရှိသေးခြင်းကြောင့် လူသေဆုံးမှုမရှိခဲ့ သော်လည်း ၁၉၃ဝ တွင် ပဲခူးမြို့၌အင်အား ၇ ဒသမ ၃ ရှိသည့် အင်အားကြီးမြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူဦးရေ ၅ဝဝ ကျော်ခန့် သေဆုံး ခဲ့ကြောင်းသိရသည်။

Yangon Media Group

ရန်ရှာပြီး ရဲကင်းကိုပါမီးရှို့သော စစ်ကိုင်းအမှုနေပြည်တော်ရဲဌာနချုပ်မှ တိုက်ရိုက်ကိုင်တွယ်မည်



ရွာသား ၁ဝ ဦးကျော်က ရဲကို ရန်ရှာပြီး၊ ရဲကင်းကိုပါ မီးရှို့လိုက်သော စစ်ကိုင်းတိုင်း ဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ဟော့ယော ကျေးရွာ တွင်း ဖြစ်ပွားခဲ့ သည့်အမှု ကို နေပြည်တော် ရဲဌာနချုပ်က တိုက်ရိုက်ကိုင်တွယ်မည်ဟု လုံခြုံ ရေးနှင့် မှုခင်းဌာနက ပြောသည်။

ယခုနှစ် မေလ၂၂ရက်နေ့က တရားခံပြေး ကို သွားဖမ်းသော ရဲနှစ်ဦး အား ယင်းရွာသား တို့က ရိုက်နှက်ခဲ့ခြင်း အမှုတစ်ခုဖြစ်ခဲ့ရာ မန်စီကြီး နယ်မြေရဲစခန်းက အဆိုပါအမှုတွင် ပါဝင်သူများအား တာဝန် ဝတ္တရားနှောင့်ယှက်မှု၊ လူစုလူဝေးဖြင့် ရိုက်နှက်မှု၊ မီးရှို့မှု၊ စသည်တို့ဖြင့် အမှုဖွင့်ထားသည့် ထိုအမှုကို စုံစမ်းစစ် ဆေးရေးအဖွဲ့ဖြင့် ဆောင်ရွက်မည်
ဟု ထိုဌာနမှ ဒုတိယရဲမှူးကြီးမင်းအောင်က ပြောသည်။

”အရင်က ဖြစ်ခဲ့တဲ့အမှုတွေက နှစ်ဖက်အခြေအနေတင်းမာနေတဲ့ အခြေအနေကြောင့် ဖြစ်ခဲ့တဲ့အတွက် အကြောင်းရှာလို့ရခဲ့ပါတယ်။ ဒါပေမဲ့ အခုအမှုက နည်းနည်း ဆန်း တယ်”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သော စက်တင်ဘာလက လူစုလူဝေး ဖြင့် ရဲအားဝိုင်းရိုက်မှုကို နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ဝဲကြီးကျေးရွာ၌လယ်သမားများ၏ အိမ်များကိုဝင်စီးသော ရဲတပ်ဖွဲ့ဝင်တို့အား ဒေသခံတို့ ပြုလုပ်ပြီးနောက် ထပ်မံဖြစ်ပွားခဲ့ သော အမှုတစ်ခုလည်းဖြစ်သည်ဟု ၎င်းထံမှ သိရသည်။

သက်ဆိုင်ရာဌာနက သတင်းပေးပို့မှုများ အရ ရွာသားတို့၏ ရန်ရှာခြင်းခံရသူ ရဲနှစ်ဦးမှာ အသက် မသေဆုံးသော်လည်း ပြင်းထန်သော ဒဏ်ရာနှင့် ထိုဒေသရှိ တိုက် နယ်ဆေးရုံတွင် တက်ရောက်ခံယူနေရသည်ဟု သိရသည်။

မှုခင်းမှတ်တမ်းများအရ ရွာသားတို့က ရဲကိုရိုက်နှက်ပြီး၊ ရဲကင်း ကိုမီးရှို့သည့်အပြင် ဆိုင်ကယ်နှစ်စီးကိုပါ မီးရှို့ ခဲ့သေးသည်ဟု
သိရသည်။ ဒုတိယရဲမှူးကြီးမင်းအောင်က”သမားရိုးကျသွားရုံနဲ့
ပြည်သူက ရန်ရှာတယ်ဆိုတာက မရှိတတ်ဘူးလေ”ဟု ပြောသည်။

ဌာနချုပ်ထံတင်ပြမှု၌ ကျေးရွာအုပ်ချုပ် ရေးမှူးအိမ်သို့ ရွာသားတို့က ဝင်ရောက်ပြီး ရဲနှစ်ဦးကိုခေါ်ထုတ်ကာ ရိုက်ခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရဲ တပ်ဖွဲ့ မှ တာဝန် ရှိသူတစ်ဦးက ဥပဒေအတိုင်း တိကျစွာ ဆောင် ရွက်မည်ဟု ပြောသည်။ နိုင်ငံ၏ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရဲဝန်ထမ်းတို့ကို လက်ရှိတွင် ဥရောပ သမဂ္ဂက ပြည်သူချစ်သောရဲ ဖြစ်စေရန်နှင့် အဓိကရုဏ်းအား စနစ်တကျ နှိမ်နှင်းနိုင်ရန် သင်တန်းများပေးနေချိန်ဖြစ် သည်။

သို့သော်လည်း ရန်ကုန်မြို့ထဲတွင်ပင် လက်နက်မကိုင်သော
ယာဉ်ထိန်းရဲတို့မှာ ဖိနပ်ဖြင့် ရိုက်ခြင်း၊ စကေဘာဖြင့် ထိုးခြင်းတို့ ခံနေရသည်။ ပြည်သူ့လွှတ်တော် တရားစီ ရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံ စာများစိစစ်ဆောင်ရွက်ရေးကော်မတီမှ အတွင်း ရေးမှူးဦးမြင့်ထွန်းက ”ဥပဒေကိုအကောင် အထည်ဖော်ရသူက တိတိကျကျ ဆောင်ရွက် ရသလို ပြည်သူကလည်း မင်းမဲ့စရိုက်ဆန်တာ
တွေ မလုပ်ရပါဘူး”ဟု မှတ်ချက်ပြုသည်။

PN – 051
Popular Myanmar News Journal

နယူးယောက် လမ်းများပေါ်တွင် စိန်ရှာသည့် အလုပ်ဖြင့် တစ်ရက်ကို ဒေါ်လာ ၁၁၀ မက ရရှိ



ပုံမှာ မြင်တွေ့ရတဲ့ သူဟာ Stepanian အမည်ရ အမျိုးသား တစ်ဦး ဖြစ်ပြီး သူ့အလုပ်ကတော့ နယူးယောက်မြို့  လမ်းမပေါ်က စိန်ရှာသမား ဖြစ်ပါတယ်။

သူ့ကိုမြင်တော့ မြန်မာပြည်မှာက ပလပ်စတစ်အိပ်ကောက်တဲ့ ကလေးတွေ ကို သွားသတိရပါတယ်။ သို့ပေမယ့် Stepanian ကတော့ အများကြီး သာပါတယ်။ သူ့ဝင်ငွေက တစ်ပတ်ကို ဒေါ်လာ ၈၂၀ ရှိတယ် ဆိုတော့ တစ်ရက်ပျှမ်းမျှဝင်ငွေက ဒေါ်လာ ၁၁၀ မကပါဘူး။ အလုပ်က နည်းနည်းတော့ ပင်ပန်းပါတယ်။

နယူးယောက်မြို့ ကြီး လမ်းမပေါ်က ရေအိုင်မှာပါမကျန် ကြားတွေကြားတွေ ထဲအထိတောင် လိုက်လံ ရှာဖွေ ရတာ ဖြစ်ပါတယ်။ စိန်၊ရွှေတင်မက အခြားသော အဖိုးတန် ရတနာများကို တွေ့ရှိပါတယ်။ တကယ် တွေ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက နယူးယောက်မြို့ ကြီးက လူတွေဟာ အလုပ်တွေ ရှုပ်ပြီး လမ်းမကြီးကို ငုံ့ကြည့်ဖို့တောင် အချိန်မရကြပါဘူး။ ဒါကြောင့် Stepanian လို့ပဲ စိန်ရှာတဲ့သူ အနည်းစုအတွက် အလုပ်ဖြစ် ပါတယ်။ ပျောက်တာတွေရော၊ ပဲ့ကျထားတာတွေရော အဖိုးတန် ရတနာ အားလုံးကို သူတို့ ပိုင်သွားပါတယ်။ နှစ်ပေါင်း ၆၀ မကတဲ့ အချိန်တွေ ကတည်းက တည်ရိနေတဲ့ စိန်ခဲ၊ ရွှေခဲတွေကိုတောင် တွေ့ရ တတ်တယ်လို့ ဆိုပါတယ်။ အကြောင်း ကတော့ နယူးယောက်မြို့မှာ နေထိုင်သူ၊ သွားလာ သူမျာဟာ ရွှေငွေ အဖိုးတန် ရတနာများ နေ့စဉ် ပျောက်ကျ ပျောက်ဆုံး တာ ကလည်း အဓိက အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် တစ်ပတ်တစ်ပတ် ရှာဖွေထားတာတွေကို ပြန်ရောင်းရင် အနည်း ဆုံး ဒေါ်လာ ၈၂၀ လောက်တော့ ဝင်ငွေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နယူးယောက်မြို့ က စိန်ရှာတဲ့အလုပ်ဟာလည်း ဝင်ငွေ မစိုးတဲ့ အလုပ်မို့ စိတ်ဝင်စားသူ များပြားကြောင်း သိရပါတယ်။
--
Ref: nypost
အောင်ခမ်း (ရိုးရာလေး)

နိုင်ငံရေး အကျင့်ပျက်ခြစားမှုကို တရားဝင် ခွင့်ပြုတော့မှာလား



ယခုနှစ်အတွင်း ၂၀၁၅ ခုနှစ် ပြည်လုံးကျွတ် ရွေးကောက်ပွဲအတွက် အကြိုအားစမ်းပွဲဟု ဆိုနေကြသည့် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန်ရှိနေပြီး ယင်းနှင့်ဆက်စပ်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလအတွင်း ညွှန်ကြားချက်၊ ထုတ်ပြန်ချက်များသည် ရွေးကောက်ပွဲ လွတ်လပ်မျှတရေးအတွက် စိုးရိမ်စရာများ ဖြစ်လာကြောင်း သုံးသပ်မှုများ ရှိနေသည်။

ရွေးကောက်ပွဲ ကော်မရှင်က ပထမဆုံး အနေဖြင့် ပါတီများကို ကန့်သတ်သည့် ညွှန်ကြားချက် မူကြမ်းတစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ညွှန်ကြားချက်မူကြမ်းတွင် မဲဆွယ်စည်းရုံးခွင့် ရက်ပေါင်း ၃၀ သာ ခွင့်ပြုခြင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့်သာ အခြားသူက ကူညီမဲဆွယ် ဟောပြောခွင့်ရမည်ဖြစ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့်သာ မီဒီယာများမှတစ်ဆင့် စည်းရုံးဟောပြောခွင့် စသည့်အချက်များ ပါဝင်ခဲ့သည်။

ယင်းကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်နိုင်ရန် စီစဉ်ခြင်းအပေါ် ဝေဖန်မှုများစွာရှိခဲ့ပြီး ယင်းမှာ ရွေးကောက်ပွဲတွင် လွတ်လပ်စွာမဲဆွယ်ခွင့် ကန့်သတ်လိုခြင်းကြောင့်သာ ဖြစ်ကြောင်းနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းပေးရန် တိုက်တွန်းမှုများ ရှိခဲ့သည်။

ထို့နောက် မေ ၂၂ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေးအပေါ် မန္တလေးမြို့၌ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုအပေါ် သတိပေးမှုများ ပြုလုပ်ခြင်း၊ နိုင်ငံရေးပါတီများသို့ မြေကွက်နှင့် ကားပါမစ်များပေးရန် ခွင့်ပြုနိုင်ရန်အတွက် သမ္မတရုံးသို့ စာပို့ခြင်းများ ပြုလုပ်ခဲ့ရာ ယင်းအပေါ်တွင်လည်း ဝေဖန်မှုများစွာ ရှိခဲ့ပြန်သည်။

အဘယ်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် သံသယ ရှိနေကြတာလဲ

လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှာ ယခင်တပ်မတော် အစိုးရလက်ထက် နံပါတ်ခြောက်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ထို့နောက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း တံတားဦးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး သမ္မတဦးသိန်းစိန်၏ ထောက်ခံချက်ဖြင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်ဟောင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်ဟောင်း တစ်ဦးက ဦးဆောင်ကျင်းပပေးမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု ရှိနိုင်၊ မရှိနိုင်အပေါ် သံသယများ ရှိနေချိန်တွင် ယခုကဲ့သို့ နိုင်ငံရေးပါတီများအား အခွင့်ထူးများပေးရန် ပြင်ဆင်ခြင်းအပေါ် သံသယများ ပိုမိုများပြားလာခဲ့ပြီး နိုင်ငံရေး အကျင့်ပျက်ခြစားမှုများကို တရားဝင်ခွင့်ပြုပေးရန် စီစဉ်ခြင်းလားဟူ၍ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

ဘယ်လို အကြောင်းပြသလဲ

ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ရုံးအဆောက်အအုံ (သို့မဟုတ်) မြေနေရာရရှိရေး ကိစ္စနှင့် နိုင်ငံရေးပါတီများ အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ပြုနိုင်ရေးများအတွက် လမ်းညွှန်ပေးနိုင်ရန်ဟုဆိုကာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် လက်မှတ်ရေးထိုးပြီး သမ္မတရုံးသို့ ခွင့်ပြုချက် တောင်းခံခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်ရာတွင် အဓိကကျသည့် နိုင်ငံရေးအင်အားစုများ ဖြစ်ပါကြောင်း၊ ထိုသို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော နိုင်ငံရေးပါတီများ အနေဖြင့် ဌာနချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ခရိုင်မြို့နယ်များတွင် ပါတီရုံးခန်းများဖွင့်လှစ်ရန် အခက်အခဲ ရှိနေပါကြောင်း စသည်ဖြင့် မြေနေရာပေးရန် ခွင့်ပြုချက်တောင်းသည့် ပေးပို့စာတွင် ပါရှိသည်။

မော်တော်ယာဉ်ငါးစီး အခွန်ကင်းလွတ် တင်သွင်းခွင့်နှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် လည်းကောင်း၊ ပါတီဝင်အင်အား တောင့်တင်းခိုင်မာစေရန် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ဖြစ်စေ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အတွင်းဖြစ်စေ၊ ပါတီဝင် စည်းရုံးရေးနှင့် ပါတီ၏ မူဝါဒသဘောထား ရှင်းလင်းရာတွင်လည်းကောင်း၊ မဲဆွယ်စည်းရုံးရာတွင်လည်းကောင်း သွားလာလွယ်ကူစေရန် စသည်ဖြင့် အကြောင်းပြချက်တွင် ဖော်ပြထားသည်။

သို့သော် ယင်းကဲ့သို့ အကြောင်းပြချက်များ ပေးခြင်းမှာ လုံလောက်မှု မရှိကြောင်းနှင့် အကြောင်းရင်း ခိုင်ခိုင်မာမာမရှိဘဲ နိုင်ငံတော် အကျိုးစီးပွားများကို နိုင်ငံရေးပါတီများကို မပေးသင့်ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

ဘယ်လို သုံးသပ်ကြသလဲ

နိုင်ငံရေးပါတီများကို နိုင်ငံ၏ အကျိုးစီးပွားများကို ခွင့်ပြုခြင်းမှာ မည်သည့်ဥပဒေဖြင့် ခွင့်ပြုသလဲ ဆိုသည်ကို သိရန်လိုကြောင်း၊ နိုင်ငံအကျိုးစီးပွားကို နိုင်ငံရေးပါတီများအား ပေးသည်ဆိုခြင်းမှာ အထူးအခွင့်အရေး ပေးခြင်းဖြစ်ပြီး မည်သည့်အတွက် ပေးသည်ဆိုသည်ကို စဉ်းစားရမည်ဖြစ်ကြောင်း ၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့က ဦးနိုင်းနိုင်းက သုံးသပ်သည်။

“ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းတာဝန်က ဘာလဲဆိုတာကို ပြတ်ပြတ်သားသား၊ ပြည့်ပြည့်စုံစုံ ဆုံးဖြတ်ရမယ်။ ရွေးကောက်ပွဲကော်မရှင်က လုပ်ပိုင်ခွင့် ဘယ်လောက်ရှိသလဲ ဆိုတာကို ဆုံးဖြတ်ရမယ်။ နိုင်ငံရေးပါတီတွေ ရွေးကောက်ခံရဖို့ ကြိုးစားတဲ့အချိန်မှာ လွတ်လပ်ပြီး တရားမျှတဖို့ လိုတယ်။ နိုင်ငံရေးပါတီတွေရဲ့ စီးပွားရေးသဘောအရ လုပ်တယ်ဆိုတာကတော့ နိုင်ငံရေးသဘောအရ သိပ်အဓိပ္ပာယ်မရှိဘူးလို့ ထင်တယ်။ အဲဒီတော့ ကော်မရှင်ဟာ ကော်မရှင်အလုပ်ထက် ပိုပြီးတော့ လုပ်နေတယ်။ ကော်မရှင်က ဘက်မလိုက်သော၊ တရားမျှတသော ကော်မရှင် ဖြစ်ရမယ့်အစား ဘက်ယူပြီး ချွေးသိပ်တာမျိုး ဖြစ်နေမယ်ဆိုရင်တော့ မသင့်တော်ဘူးလို့ ထင်တယ်” ဟု ဦးနိုင်းနိုင်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း နိုင်ငံရေးပါတီများတွင် အစိုးရနှင့် ရင်းနှီးသည့်အုပ်စုနှင့် မရင်းနှီးသည့်အုပ်စုဆိုကာ နှစ်မျိုးရှိပြီး ရင်းနှီးသည့် ပါတီငယ်အချို့က အခွင့်အရေးတောင်းခြင်းမျိုး ရှိကြောင်း၊ ကားများကို အခွန်လွတ် တင်သွင်းခွင့်ပေးခြင်းကြောင့် နိုင်ငံတော် အခွန်အခအတွက် များစွာထိခိုက်နိုင်ကြောင်း၊ သို့သော် ပေးသည့်ပစ္စည်းကိုယူပြီး မူဝါဒ ပြောင်းလဲမသွားရန်သာ အရေးကြီးကြောင်း ပြောကြားသည်။

၎င်းက “ပေးတဲ့ပစ္စည်းတွေကိုယူပြီး မူဝါဒ ပြောင်းလဲမယ်ဆိုရင်တော့ အဲဒီပါတီကို လူထုက ထောက်ခံမှာ မဟုတ်တော့ဘူး။ အသိသာကြီးပဲ။ ပေါ်လာမှာပဲလေ။ ကျွန်တော်တို့က သံသယတော့ ရှိတာပေါ့။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့လေ။ အားလုံးကို ပေးတာဆိုတော့။ ဒါပေမဲ့ သူကတော့ အဲဒီလိုပဲ ပေးရမှာပဲလေ။ ဒါပေမဲ့ လာဘ်ထိုးသည်ဖြစ်စေ၊ လာဘ်မထိုးသည်ဖြစ်စေ မူဝါဒခိုင်မာတဲ့ ပါတီတွေကတော့ ပြောင်းလဲမှာမဟုတ်ပါဘူး” ဟုဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ အစိုးရ၏ အထောက်အပံ့များကို မည်သည့်အရာမျှ ယူသွားမည် မဟုတ်ကြောင်းနှင့် ပြည်သူများ၏ ထောက်ခံမှု၊ ဥပဒေဘောင်အတွင်းမှ အလှူငွေ တောင်းခံမှုများဖြင့်သာ ပါတီအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားသည်။

ဒီလိုမျိုးတွေ ရှိခဲ့ဖူးလား

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံသို့ ကားပါမစ်ပေးမှုများ ရှိခဲ့ပြီး ယင်းကဲ့သို့ ပေးခြင်းကြောင့် နိုင်ငံတော် အခွန်အခများထဲမှ အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ ဆုံးရှုံးနိုင်သည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။ ယင်းကဲ့သို့ပေးခြင်းကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် စာအိတ်ဖြင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ကားတင်သွင်းခွင့် ရရှိခဲ့သည့် KNU အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ပြောကြားသည်။

ငြိမ်းချမ်းရေးကားပါမစ်များ လက်ခံခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCNK)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်ပြီး စုစုပေါင်း အခွန်လုံးဝကင်းလွတ်သည့် အစီးရေ ၂၉ဝ နှင့် ရာခိုင်နှုန်း ၆ဝ အခွန်ဆောင်ရသည့် အစီးရေမှာ ၅၈ဝ အထိ ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နောက်ထပ် အစိုးရကချပေးရန် ရည်မှန်းထားမှုများလည်း ရှိနေပြီး ၎င်းတို့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် (KIO) သို့ အခွန်လုံးဝ ကင်းလွတ်အစီး ၄ဝ နှင့် ရာခိုင်နှုန်း ၆ဝ အခွန်ဆောင်အစီး ၈ဝ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU) များသို့ လုံးဝအခွန်ကင်းလွတ် ၁၅ စီးစီနှင့် ရာခိုင်နှုန်း ၆ဝ အခွန်ဆောင် အစီး ၃ဝ စီဖြစ်ကြောင်း၊ သို့သော် အဆိုပါ အဖွဲ့များမှာ ငြိမ်းချမ်းရေးဆွေးနွေးမှု တိုးတက်မှု မရှိသေးသည့်အတွက် ရယူခြင်း မရှိသေးကြောင်းလည်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတပါ့မလား

ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့် အဖွဲ့များကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ခွင့်ပြုပေးသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသော်လည်း ယခုကဲ့သို့ နိုင်ငံရေး အကျင့်ပျက်ခြစားမှုများ ဖြစ်လာနိုင်သည့် အခြေအနေကို ခွင့်ပြုပေးလာသည့် အပေါ်တွင် သုံးသပ်ဝေဖန်မှုများ ရှိလာသည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အနေဖြင့် တပ်မတော်သား ကိုယ်စားလှယ်လောင်းအချို့ကို ကော်မရှင်သို့ ထည့်သွင်းထားသည့် အပေါ်မှာပင် တရားမမျှတမှု ဖြစ်နေကြောင်း၊ ယင်းအချက်ကို နှုတ်ပိတ်လိုသည့်အတွက် နိုင်ငံရေးပါတီများကို ချော့မြှူခြင်းလား ဆိုသည်ကို သံသယရှိစရာကောင်းကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောကြားသည်။

“ရွေးကောက်ပွဲ နီးလာပြီဖြစ်တော့ ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှု မဖြစ်နိုင်တော့လို့ ကြိုတင်ပြီးတော့ မဲတွေများအောင် ၀ယ်သလား၊ သို့တည်းမဟုတ် ပြဿနာမတက်အောင် ကြိုတင်လာဘ်ထိုးပြီး အညှာကို ကိုင်မှာလားဆိုတာကို စိုးရိမ်မိတယ်” ဟု ကိုကျော်ကိုကိုက ဆိုသည်။

ယင်းကဲ့သို့ နိုင်ငံရေးပါတီများကို အခွင့်အရေးများ ပေးခြင်းမှာ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီကလည်း ရှိခဲ့ဖူးကြောင်း၊ ယင်းအတွက် အကျိုးဆက်အနေဖြင့် နိုင်ငံရေးပါတီများစွာ ထွက်ပေါ်လာခဲ့ကြောင်း၊ ယခုကဲ့သို့ ပေးခြင်းကြောင့် နိုင်ငံတော် အခွန်အခများကို ထိခိုက်သွားစေနိုင်ကြောင်း၊ နိုင်ငံရေးပါတီများကို စည်းရုံးသည့် သဘောမျိုးလည်းဖြစ်ကြောင်း ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

“ဒါကတော့ သူတို့အနေနဲ့ နိုင်ငံရေးပါတီတွေကို စည်းရုံးတဲ့သဘော ပါပါတယ်။ ဒီလိုကာလမှာ ဒီလိုမျိုး ပေးတယ်ဆိုတာက နိုင်ငံရေးပါတီတွေကို သူတို့ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တစ်ဖက်က စည်းရုံးနိုင်တဲ့ အနေအထားလို့လည်း ပြောလို့ရတာပေါ့။ ဘာလို့လဲဆိုတော့ အစိုးရဆိုတာက ကြံ့ခိုင်ရေးပါတီက တင်မြှောက်ထားတာလေ။ အဲဒီတော့ အစိုးရက ပေးတယ်ဆိုတော့ နောင်လာမယ့် ရွေးကောက်ပွဲမှာလည်း သူတို့အတွက် အင်အားတစ်ခု လိုချင်လို့လို့ ယူဆရတာပေါ့” ဟု ၎င်းကပြောကြားသည်။

ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်ကမူ ယင်းကဲ့သို့ ပေးခြင်းမျိုးမှာ မကောင်းသော်လည်း ပါတီငယ်လေးများအတွက်မူ ရန်ပုံငွေ အခက်အခဲရှိသည့်အတွက် ယူကောင်းယူနိုင်ကြောင်း၊ ၎င်းတို့အနေဖြင့်လည်း စိတ်မသန့်သော်လည်း ငွေကြေးအခက်အခဲကြောင့် ယူကောင်းယူနိုင်ကြောင်း၊ ယင်းကဲ့သို့ ပေးခြင်းမျိုးမှာ ဖဆပလခေတ်ကလည်း ရှိခဲ့ဖူးပြီး ဝေဖန်မှုများ ရှိခဲ့ကြောင်း၊ သို့သော် ကားတင်သွင်းခွင့်များ အတွက်မူ ပါတီငယ်အချို့မှာ ကားဝယ်ရန်အတွက်ပင် အခက်အခဲရှိသဖြင့် အဆိုပါ ပါမစ်များကို ရောင်းစားမှုများ ရှိလာနိုင်ကြောင်း သုံးသပ်ပြောကြားသည်။

Eleven Media Group