တပ်သိမ်းမြေများအတွက် ကျပ်သိန်း ၄၅၀၀ ကျော် ပေးလျော်

ပို့စ်တင်ချိန် - 10/27/2013 02:03:00 PM



စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ရွှေဘိုမြို့ရှိ အမှတ် (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ်က သိမ်းယူခဲ့သော လယ်မြေ ၆၅၆ ဒသမ ၅ ဧကအတွက် နစ်နာမှု လျော်ကြေး ကျပ်သိန်း ၄၅၉၅ ကျော်ကို ပေးအပ် ခဲ့ကြောင်း ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။

ရွှေဘိုမြို့နယ် တဲကြီး၊ ရွာမိတ်သာ၊ ဖွတ်ကုန်း၊ ပိတ်တောကျေးရွာနှင့် ခင်ဦးမြို့နယ် ဝါးရုံကုန်း ကျေးရွာတို့မှ သိမ်းယူထားသည့် လယ်မြေဧက ၆၅၆ ဒသမ ၅ ဧကအတွက် နစ်နာကြေးငွေကို အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေဘိုအမှတ် (၈) အခြေခံစစ် လေ့ကျင့်ရေး တပ်တွင် တောင်သူများသို့ တိုက်ရိုက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
“အသက်တွေ ကြီးလာလို့ ကိုယ့်လယ်မြေတွေ ပြန်မရတော့ဘူး ထင်ထားတာ။ အခုလို တစ်ဧက ခုနစ်သိန်း ပေးမယ်ဆိုတဲ့ ကတိအတိုင်း ခုနစ်သိန်းရလို့ ကျေနပ်တယ်။ နှစ်ပေါင်း ၂၀ ကျော်မှ ပြန်ရလာတာ” ဟု လယ်မြေဧက ၂၀ သိမ်းခံရတဲ့ ရွှေဘိုမြို့နယ် ရွာမိတ်သာကျေးရွာ ဒေသခံတောင်သူ ဦးဘစက ဆိုသည်။

တပ်သိမ်း လယ်မြေများနှင့် ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က ပထမဆုံးအကြိမ် လယ်ပိုင်ရှင် ၁၁ ဦး ပိုင်ကွင်းအမှတ် ၂၈၂၈ ဖွတ်ကုန်းကျေးရွာရှိ လယ်မြေဧက ၅၅ ဒသမ ၈၅ ဧကအတွက် ကျပ် ၃၉၀ ဒသမ ၉၅ သိန်း ပေးလျော်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့တွင် လယ်ပိုင်ရှင် ၈၂ ဦးအတွက် ကျပ် ၄၂၀၄ ဒသမ ၅ သိန်းကို လျော်ကြေး ပေးအပ်ခဲ့ရာ စုစုပေါင်းလယ်ပိုင်ရှင် ၉၃ ဦးအတွက် လျော်ကြေးကျပ် ၄၅၉၅ သိန်းကျော် ပေးအပ်ပြီး ဖြစ်ကြောင်း ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။

အဆိုပါ လယ်မြေ ၆၅၀ ဧကကို ပြီးခဲ့သည့် ၁၉၉၃ ခုနှစ် အတွင်းက ရွှေဘိုမြို့ လေ့ကျင့်ရေး (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ် အတွက် တပ်ပိုင်မြေအဖြစ် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ လယ်သိမ်းခံ တောင်သူများထံမှ သိရသည်။
The Voice Weekly