သန်းခေါင်စာရင်း ကောက်ယူရန် နော်ဝေနှင့် ဥရောပနိုင်ငံများ ဘဏ္ဍာငွေ ကူညီမည်

ပို့စ်တင်ချိန် - 10/27/2013 11:24:00 AM


ရန်ကုန်၊ အောက်တိုဘာ ၂၆

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုရန် လိုအပ်သော ဘဏ္ဍာငွေများကို နော်ဝေနှင့် အခြားဥရောပ နိုင်ငံများက ကူညီရန် ကမ်းလှမ်းထားကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ၅၈ ဒသမ ၅ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားသော်လည်း အစိုးရက ၁၅ သန်း ချထားပေးပြီး ကုလသမဂ္ဂက ဒေါ်လာငါးသန်းနှင့် သြစတြေးလျနိုင်ငံက ဒေါ်လာသုံးသန်း ကူညီထားကြောင်း ၎င်းကဆိုသည်။
“ဗြိတိန်ကလည်း ပေါင်စတာလင် ၁၀ သန်း ကူညီမယ်လို့ ပြောထားတယ်။ မကူညီရင်တော့လည်း အစိုးရကပဲ အကုန်အကျ ခံရမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး လိုအပ်နေသော ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၃၅ သန်း ကူညီရန် ဥရောပနိုင်ငံများက ကမ်းလှမ်း ထားကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

အဆိုပါ ဘဏ္ဍာငွေများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်မည့် ဝန်ထမ်းများအတွက် နေ့စားခများ ပေးချေခြင်း၊ လိုအပ်သည့် လေ့ကျင့် သင်ကြားမှုများ ပြုလုပ်ခြင်းနှင့် အခြားစက်ပစ္စည်း အသုံးအဆောင်များ ဝယ်ယူရေးနှင့် ဝေးလံသော ဒေသများသို့ သွားရောက် စာရင်းကောက်ယူရာတွင် အသုံးပြုမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ဝန်ထမ်းအင်အား တစ်သိန်းနှစ်သောင်းကျော်ဖြင့် ကောက်ယူမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။