နိုင်ငံလုံးချီ အပစ်ရပ်ကြိုးပမ်းမှု အကြား မြန်မာ့တပ်မတော် နိုင်ငံတကာဇာတ်ခုံ စတက်မည်

ပို့စ်တင်ချိန် - 10/27/2013 11:06:00 AM


ပြုပြင် ပြောင်းလဲရေးကဏ္ဍ၏ ထူးခြားသော လက္ခဏာအဖြစ် မြန်မာ့တပ်မတော်မှာ နိုင်ငံတကာ စင်မြင့်သို့ ဝင်ရောက်ရန် ခြေလှမ်းပြင်နေပြီ ဖြစ်သည်။ တပ်မတော် အစိုးရလက်ထက်က မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ စသောနိုင်ငံများက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် မြန်မာ့တပ်မတော်ကို လေ့ကျင့် သင်ကြားပေးရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော်ကို နိုင်ငံတကာ ဇာတ်ခုံပေါ်သို့ ပြန်လည် တက်ရောက်နိုင်ရန် လမ်းဖွင့်ခဲ့ကြသည်။
အဆိုပါ ကမ်းလှမ်းမှုများအနက် နောက်ဆုံး ကမ်းလှမ်းမှုများမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်နေသောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အချို့ကမူ စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်လျက် ရှိသည်။
“အမှန်တကယ်ကတော့ မလုပ်သင့်ဘူး။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ လုပ်နေတဲ့ ခုအချိန်မှာ ဒီလိုမျိုးတွေ စစ်အင်အားနဲ့ ပတ်သက်ပြီး အရည်အသွေးကော အရည်အချင်းတွေပါ တိုးချဲ့တာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး” ဟု ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO အတွင်းရေးမှူး ဦးခွန်သောမက်စ်က ဝေဖန်သည်။
ယင်းကဲ့သို့ တပ်မတော်ကို သီးသန့် စစ်အင်အားတိုးချဲ့ရန် ကူညီခြင်းသည် တိုင်းရင်းသားအားလုံး ပါဝင်မည့် ပြည်ထောင်စု တပ်မတော်ဖြစ်ရေးကို ဆန့်ကျင်သည့်သဘော သက်ရောက်သွားနိုင်ကြောင်း ၎င်းက သတိပေး ပြောကြားသည်။
ယင်းအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မစိုးရိမ်ရန် ယခင်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က မြန်မာ့တပ်မတော် အရာရှိအချို့ကို နာမည်ကျော် ဆင်းဟတ်စ် စစ်တက္ကသိုလ်တွင် လေ့ကျင့် သင်ကြားပေးခဲ့သည့် ဗြိတိန်က ဆိုလိုက်သည်။
“ဗြိတိန်မှာ ခိုင်မာအားကောင်းသော တပ်မတော် ပိုင်ဆိုင်ပါတယ်။ အဲဒီ တပ်မတော်မှာ ဒီမိုကရေစီစနစ်၏ အစိတ်အပိုင်း တစ်ရပ်လည်း အဲဒါကို မြန်မာ့တပ်မတော် အဆင့်မြင့် အရာရှိများက ထိတွေ့ နည်းယူနိုင်ဖို့ သင်တန်းပေးပို့ စီစဉ်ရခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ၏ ကိုလိုနီ အရှင်သခင်ဟောင်း ဗြိတိန်နိုင်ငံ၏ သံအမတ်ကြီးက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ မစိုးရိမ်ကြရန် ရည်ရွယ် ပြောကြားခဲ့သည်။
ယခုရက်ပိုင်းအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တပ်ကိစ္စ ဆွေးနွေးထားသော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဒုတိယဥက္ကဋ္ဌ ဦးခူဦးရယ်ကမူ “ဒီကိစ္စက တရားသေပြောလို့ မရဘူး။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အဆင်မပြေဘူး ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ဖြစ်လာနိုင်တယ်။ ငြိမ်းချမ်းရေးကို ပိုမိုဝေးကွာ သွားစေနိုင်တဲ့ သက်ရောက်မှု ဖြစ်လာမယ်” ဟု သုံးသပ် ပြောကြားသည်။
“စစ်ရေးအရ ဆက်ဆံရေးတွေ မြှင့်တင်တယ်လို့ တရားသေ ပြောလို့မရဘူး။ စစ်တပ်က ဘာတွေ ဆက်ပြီးလုပ်မယ် ဆိုတာကို စောင့်ကြည့်ရမယ့် အခြေအနေပဲ” ဟု UNFC ဒုတိယဥက္ကဋ္ဌ ဦးစောဒေးဗစ်သာကဘောက ဆိုလေသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချို့က မြန်မာ့တပ်မတော်ကို နိုင်ငံတကာ အသိုင်းအဝိုင်း ကူညီခြင်းကို စိုးရိမ်စိတ်ဖြင့် ကြည့်မြင်နေကြသော်လည်း မြန်မာ့တပ်မတော် လေ့ကျင့် သင်ကြားပေးရန် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ အိန္ဒိယ၊ ရုရှား၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စသည့် ဒေသတွင်းနှင့် ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံများက မြန်မာ့တပ်မတော်ကို ကူညီမည်ဟု ပြောဆိုထားသည်။
သမ္မတဦးသိန်းစိန် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ သွားစဉ်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ ဗြိတိန် ကာကွယ်ရေးဝန်ကြီး Philip Hammond တို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့က မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွင် အပြည့်အဝ တာဝန်ယူနိုင်သော တပ်မတော် ဖြစ်လာစေရန်အတွက် ဗြိတိန် တပ်မတော်က မြန်မာ့တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ၊ စစ်ရေး လေ့ကျင့်ပေးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ကမ်းလှမ်း ပြောကြားခဲ့သည်။
ထို့ပြင် ဥရောပသမဂ္ဂတွင် သြဇာကြီးသည့် ဗြိတိန် အစိုးရသည် ဥရောပသမဂ္ဂ (အီးယူ) က ပိတ်ပင်ထားသည့်ကြားမှ မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၅ သန်း (ယူရို ၃ ဒသမ ၃ သန်း) တန်ဖိုးရှိ စစ်ရေးနှင့် ကယ်ဆယ်ရေးကဏ္ဍသုံး လက်နက်များ တင်သွင်းခွင့် လိုင်စင်ကို ပေးအပ်ကြောင်း ဗြိတိန်က ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အလားတူပင် တစ်ဦးတည်းသော ကမ္ဘာ့ မဟာအင်အားကြီး နိုင်ငံနှင့် စစ်အင်အား အကြီးဆုံး ခေတ်အမီဆုံး တပ်မတော် ပိုင်ဆိုင်ထားသည့် အမေရိကန် ပြည်ထောင်စုက ယခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံ တပ်မတော်ကို ပဋိပက္ခ ကိုင်တွယ် ဖြေရှင်းရေးအတွက် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
မြန်မာ့တပ်မတော်ကို ခေတ်မီကျွမ်းကျင် တပ်မတော် ဖြစ်စေရေးအတွက် အမေရိကန် တပ်မတော်က လေ့ကျင့်သင်တန်းများ ပေးအပ်သွားမည် ဖြစ်ပြီး လက်နက်ခဲယမ်းများဖြင့် လေ့ကျင့်ပေးမည့် သင်တန်း မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ပြောကြားထားသည်။
မြန်မာနိုင်ငံကို စစ်ရေး၊ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှု ပြုလုပ်ခဲ့သော စစ်အင်အားကြီး နိုင်ငံများက မြန်မာနိုင်ငံ စစ်ရေးဆိုင်ရာ အကူအညီများ ပြန်လည် ပေးအပ်မည်ဟု ဆိုနေချိန်တွင် နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ပိုမိုပူးပေါင်းနိုင်ရေး သဘောတူညီချက် ရရှိရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ် အစရှိသည့် နိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည်။
ယခုလအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်တွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရန်နှင့် မြန်မာ-တရုတ် တပ်မတော်နှစ်ရပ် ပူးပေါင်းမှု မြှင့်တင်ရေး တရုတ်ပြည်သူ့တပ်မတော် စစ်ဦးစီးချုပ် General Fang Fenghui နှင့် လက်မှတ် ရေးထိုးခဲ့ကြသည်။
အဆိုပါ သဘောတူညီချက် များအရ နှစ်နိုင်ငံ တပ်မတော်များ ပူးတွဲလေ့ကျင့်ရေးနှင့် မြန်မာ့တပ်မတော် အရာရှိများကို တရုတ်နိုင်ငံသို့ စက်ဘက်ဆိုင်ရာ သင်တန်းများ စေလွှတ်တက်ရောက်ရန် စသည့် အချက်များ ပါဝင်ကြောင်း တရုတ်နိုင်ငံ People’s Daily သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းအချက်များတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် မြန်မာအစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့များ မထားရှိရန်လည်း သဘောတူခဲ့သည်ဟု ယင်းသတင်းစာ ဖော်ပြချက်အရ သိရှိရသည်။
လက်နက်ကိုင် တပ်ဖွဲ့များအနက် ကေအိုင်အေနှင့် ဝ လက်နက်ကိုင် တပ်ဖွဲ့တို့သည် တရုတ်နိုင်ငံနှင့် တိုက်ရိုက် ထိစပ်နေသည့်အတွက် တရုတ်၏ သဘောတူညီမှု မရှိလျှင် ရပ်တည်ရေး ခက်ခဲနိုင်ပြီး တရုတ်၏ မှောက်ထားသော ဖဲချပ်များ ဖြစ်လာနိုင်သည်ဟု တရုတ်ရေးရာ သုတေသီအချို့က သုံးသပ်ကြသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ကျယ်ပြန့်စွာ ထိစပ်လျက်ရှိသော အိန္ဒိယနိုင်ငံကလည်း မြန်မာနယ်စပ် တစ်လျှောက်ရှိ ၁၉၆၄ ခုနှစ်မှစတင်၍ ခြေကုပ်ယူထားသော အိန္ဒိယအစိုးရ ဆန့်ကျင် သောင်းကျန်းသူများကို မြန်မာနိုင်ငံတွင် လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေး တိုးမြှင့်ရန်အတွက် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာအေကေအန်တိုနီက ယခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာအစိုးရနှင့် ညှိနှိုင်းခဲ့သည်။
နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ရန်နှင့် သောင်းကျန်းသူများ၏ အကြမ်းဖက်မှုများကို တန်ပြန်ချေပမည့် ဗျူဟာများနှင့် ပတ်သက်သည့် အိန္ဒိယ-မြန်မာနယ်စပ် ဒေသနှစ်နိုင်ငံ ဆွေးနွေးပွဲကို ယခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ အိန္ဒိယနိုင်ငံ အင်ဖာမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် ယခုနှစ် ဇူလိုင်လကုန်ပိုင်းက အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မြန်မာရေတပ်မှ တပ်မတော် အရာရှိများကို အိန္ဒိယ တပ်မတော်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးရန်နှင့် ကမ်းလွန်ပင်လယ် ကင်းလှည့် သင်္ဘောများ ဆောက်လုပ်ရေးအတွက် အကူအညီပေးရန် အိန္ဒိယ တပ်မတော်က သဘောတူညီထားသည်။
ထိုအတူ မြန်မာနိုင်ငံနှင့် တပ်မတော် အစိုးရ လက်ထက်ကတည်းက စစ်ရေးအရ ဆက်ဆံမှုများ ရှိခဲ့သော ရုရှားနိုင်ငံသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် စက်တင်ဘာလအတွင်း သွားရောက်ခဲ့ပြီး ရုရှား ကာကွယ်ရေးဝန်ကြီး Sergry K Schoigu နှင့် တွေ့ဆုံကာ နှစ်နိုင်ငံတပ်မတော်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ရုရှားနိုင်ငံမှ စစ်ဘက်ဆိုင်ရာ နည်းပညာများ ရယူရန်နှင့် ရုရှားနိုင်ငံတွင် မြန်မာကျောင်းသားများ စစ်ပညာ သင်ကြားခွင့် ရရှိရေးအတွက် ပညာသင်ဆုများ ပေးရန် သဘောတူညီထားသည်။
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မကြာမီ လပိုင်းအတွင်း တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမည်ဟု ဆိုထားရာ မြန်မာတပ်မတော်၏ ကမ္ဘာဆန့် ခြေလှမ်းအပေါ် စိုးရိမ်သူများ ရှိသလို အကောင်းမြင်သူများလည်း ရှိသည်။
မြန်မာ့တပ်မတော် ဆက်ဆံရေး ခြေလှမ်းတိုးခြင်းမှာ ဖြစ်သင့်သည်ဟု မြင်သူမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အကျိုးဆောင် ပေးနေသူ ဦးလမိုင်ဂွန်ဂျာ ဖြစ်သည်။
“သူတို့လုပ်သင့်တာကို လုပ်တယ်လို့ ပဲထင်ပါတယ်။ နိုင်ငံတော်မှာ လိုအပ်နေတဲ့ စစ်ရေး မြှင့်တင်ရေးအတွက် လုပ်တယ်ပဲပြောပြော ဒါဟာ နိုင်ငံတော် အကြီးအကဲတွေ လုပ်တာပဲလေ၊ ဘာအတွက်ပဲလုပ်လုပ် ငြိမ်းချမ်းရေးကို မထိခိုက်နိုင်ပါဘူး” ဟု ၎င်းကဆိုသည်။
ယင်းသို့ နိုင်ငံတကာ တပ်မတော် အသိုင်းအဝိုင်းက မြန်မာ့တပ်မတော်ကို ခေတ်မီ တပ်မတော် ဖြစ်ရေးအတွက် အကူအညီ ပေးခြင်းသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မထိခိုက်နိုင်ကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၇) မှ ဗိုလ်မှူးဇော်ရှိုးက ပြောကြားသည်။
“သူတို့စစ်ရေး ပူးပေါင်းတာက ပြည်တွင်းစစ်ကို တိုးလာမယ်လို့ မယူဆပါဘူး” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံသည် စစ်ရေးအင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားတွင် တည်ရှိနေသည့်အတွက် တပ်မတော် အရည်အသွေးကို မြှင့်တင်ခြင်းနှင့် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ခေတ်မီတပ်မတော် ဖြစ်ရေး အတွက် အကူအညီများ ပေးခြင်းသည် လက်နက်ကိုင်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် အန္တရာယ်ဖြစ်မည် မဟုတ်ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ဒုတိယဥက္ကဋ္ဌ ဦးခူဦးရယ်က ထောက်ပြသည်။
မြန်မာ့တပ်မတော်ကို ခေတ်မီအောင် နိုင်ငံတကာက ထိတွေ့ဆက်ဆံ လာချိန်တွင် မြန်မာနိုင်ငံ တည်ရှိသည့် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံအချင်းချင်း တင်းမာမှုများ မြင့်မားကာ၊ စစ်အသုံးစရိတ် ကြောက်ခမန်းလိလိ မြင့်တက်လာပြီး ကမ္ဘာ့စစ်လက်နက် ကုန်သွယ်ရေးကို မီးထိုးပေးနေသည်ဟု ကမ္ဘာ့စစ် အသုံးစရိတ်များ သုတေသန၊ The Balance of Trade က ဖော်ပြထားသည်။
The Voice သတင်းအဖွဲ့
The Voice Weekly