အလုပ်ရပ်စဲနိုင်တဲ့ အစိုးရညွှန်ကြားချက် အလုပ်သမားအဖွဲ့ချုပ် ပယ်ချ

ပို့စ်တင်ချိန် - 1/18/2014 11:30:00 PM


မြန်မာအလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားတွေကို အလုပ်ကရပ်စဲနိုင်တဲ့ အချက် ၆ချက်ဟာ အလုပ်သမားတွေကို စာနာမှုမဲ့တဲ့လုပ်ရပ်ဖြစ်တဲ့အပြင် အလုပ်သမားတွေအပေါ် ကာကွယ်စောင့်ရှောက်မှု ကင်းမဲ့နေတယ်လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဇန်နဝါရီ ၁၅ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ငွေကြေးနဲ့ ကုန်ကြမ်းအခက်အခဲကြုံတဲ့အခါ၊ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ခြင်းမရှိတဲ့အခါ၊ အလုပ်သမား ငှားရမ်းထားတဲ့ စာချုပ်သက်တမ်းပြည့်တဲ့အခါ၊ စက်ပစ္စည်းတွေအစားထိုးခြင်းကြောင့် လူအင်အား လျှော့ချတဲ့အခါ၊ သဘာဝဘေးအန္တရာယ်ကြောင့်နဲ့ လုပ်ငန်းနေရာပြောင်းရွှေ့မှုတွေကြောင့် အလုပ်ရှင်တွေက အလုပ်သမားတွေကို အလုပ်က ရပ်စဲနိုင်တယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

သူတို့အနေနဲ့ အနိမ့်ဆုံး လုပ်ခလစာ ရေးဆွဲရေးကော်မရှင်နဲ့လည်း တွေ့ဆုံဖို့ရှိပြီး မြန်မာနိုင်ငံမှာ လုပ်ခလစာကို ခေါင်းပုံဖြတ်ပြီး အခြေခံအခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ လုပ်ငန်းရှင်တွေ ရှိနေတာကြောင့် ပြဿနာတွေ ရှိနေရဆဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့ အလုပ်ရပ်စဲမှုဆိုင်ရာ ညွှန်ကြားချက်ဟာ အလုပ်သမားဆိုင်ရာ အခွင့်အရေးတွေကို မျက်ကွယ်ပြုထားသလို ၂ဝဝ၈ ဖွဲ့စည်းပုံပါ အလုပ်သမားအခွင့်အရေးကိုလည်း ချိုးဖောက်ထားတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
Kamayut Media