ပြည်သူတွေကိုတောင်းပန်ရမယ်

ပို့စ်တင်ချိန် - 1/18/2014 02:41:00 PM


ဗိုလ်ချုပ်ကြီး ခင်ညွှန့်လက်ထက် စစ်ထောက်လှန်းရေးများ တန်ခိုးထွားစဉ်က နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး၊  နှိပ်စက်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာနဲ့ပတ်သက်လို့
ဟံသာဝတီ  ဦးဝင်းတင်၊  လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်နှင်းနှင်းမွှေးတို့နဲ့  ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ပိုင်း အယ်ဒီတာကျော်စွာမိုးတို့က ဆွေးနွေးထားပါတယ်။

ကျော်စွာမိုး ။  ။ ဒီတပတ်ကျနော်တို့ဆွေးနွေးမယ် အကြောင်းအရာကတော့ ၁၉၈၈ ခုနှစ် စစ်တပ်က  အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီတွေ၊  နိုင်ငံရေးသမားတွေ၊  နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေကို ဘယ်လိုမျိုး အဲဒီအချိန်တုန်းက
နာမည်ဆိုးနဲ့ နာမည်ကြီးခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ကနေပြီးတော့ ဘယ်လိုဖမ်းဆီးခဲ့သလဲ၊
နိုင်ငံရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ကြိုးစားခဲ့သလဲဆိုတာ ကို ကျနော်တို့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ ကျနော်ဖိတ်ကြားထားတဲ့  ဧည့်သည်တွေကတော့ ၁၉၈၈ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီကို တည်ထောင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာလည်း
NLD ပါတီရဲ့သဘာပတိအဖွဲ့ဝင်တဦးဖြစ် တဲ့ ဆရာကြီးဦးဝင်းတင် သူကလည်းပဲ စာနယ်ဇင်းလောကမှာပဲ တောက်လျှောက်ရေးသားခဲ့တဲ့ သတင်းထောက်၊
သတင်းစာဆရာတဦးလို့လည်းပြောလို့ရပါ တယ်။ နောက်တဦး ကျနော်တို့ ဖိတ်ကြားထားတာကတော့ ထောင်ထဲမှာနှစ်ကြိမ် စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို
ခံရပြီးတော့ လက်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ မနှင်းနှင်းမွှေးတို့က ဒီဆွေးနွေးပွဲမှာ ဝင်ရောက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
ကျနော်ကတော့ ဧရာဝတီမဂ္ဂဇင်းရဲ့ အင်္ဂလိပ်ပိုင်းအယ်ဒီတာကျော်စွာမိုးဖြစ်ပါတယ်။

ကျော်စွာမိုး ။   ။  အရင်တုန်းက စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးခင်ညွန့်ကပြောခဲ့တာတခုရှိတယ်၊
အဲဒါဘာလဲဆိုတော့ သူ့အနေနဲ့ထောင်ထဲမှာထောင်ချခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ၊
နိုင်ငံရေးလှုပ်ရှားခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ Activist တွေပေါ့၊  အဲဒီလိုထောင်ချခဲ့တာနဲ့ ပတ်သက်ပြီး သူ့မှာ တာဝန်မရှိပါဘူး၊
ဒါဟာ အထက်က အမိန့်နဲ့ လုပ်ရတာပါလို့ပြောပါတယ်။  အဲဒီတော့ ဘယ်သူ့ကို သူကတောင်းပန်ရမှာလဲဆိုပြီး အဲ့လိုစကားမျိုး ပြောပါတယ်။
အဘ ဦးဝင်းတင်အနေနဲ့ အဘက ၁၉၈၉ ခုနှစ်မှာထောက်လှမ်းရေးကနေ ဖမ်းဆီးခံခဲ့ရတယ်၊  အဲဒီထောက်လှမ်းရေးရဲ့ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရတယ်၊
သွားတွေတောင် ကျိုးတယ်။ ထောင်ထဲမှာလည်း ၁၉ နှစ်ကျော် ချုပ်နှောင်ခံထားရတယ် အဘ အရွယ်ကို။ အဘအနေနဲ့ သူပြောတဲ့ဟာကို ဘယ်လို တုံ့ပြန်ချင်လဲ။

ဦးဝင်းတင် ။     ။  ကျနော်တို့ကတော့ ဒီလိုပြောချင်တယ်ဗျ၊  ဒီအမှန်တရားကတော့ ဘယ်သူ့ကိုတောင်းပန်ရမလဲဆိုလို့ရှိရင် ဒီစကားက ကျနော်နဲ့ သူနဲ့ အကြောင်းအားလျော်စွာ
ဂါးဒီးယန်းဦးစိန်ဝင်းရဲ့ အသုဘမှာ ကျနော်သွားတွေ့တယ်။
တွေ့တဲ့အခါမှာ သူကပြောတာက အဘရယ် ပြီးခဲ့တာတွေထားလိုက် ပါတော့လို့ ဒီလိုပြောတယ်၊
အဲဒီအချိန်မှာ လူတွေရှေ့မှာ ကျနော်နဲ့သူနဲ့ ငြင်းခုန်တာတွေပြောစရာတွေ အကြောင်းမရှိတဲ့အတွက် ဘာအကြောင်းမှ မပြော ခဲ့ဘူး၊
သူက ကျနော့်အသက်တွေဘာတွေမေး၊  ပြီးတဲ့ အခါကျတော့ ကျနော့်ကိုချက်ချင်းမီဒီယာကတင်ကြ ပြီ၊  အင်တာနက်ပေါ်တွေလည်း ဒီပုံတွေက တက်ကုန်ပြီ၊
အဲဒီအခါကျတော့ ကျနော့်ကို မီဒီယာကမေးတဲ့ အခါ၊  ဘာလုပ်ရမလဲမေးတဲ့အခါ ကျနော်ပြောတဲ့ စကားသုံးခွန်းရှိပါတယ်၊
တစ်က ဘာပဲပြောပြော ဒီထောက်လှမ်းရေးတွေက တချို့ထောက်လှမ်းရေးတွေ ကတော့ တာဝန်အရှိဆုံးပေါ့။  ဒါတင်မကသေးပါဘူး သူရဲ့အထက်က ဆရာတွေရှိတယ်၊
အမိန့်ပေးလို့ဆို တဲ့  ဆရာတွေရှိတယ်၊   အမိန့်ပေးတဲ့လူတွေ  အပါ အဝင် ဗိုလ်မှူးကြီးသန်းဌေးတို့ ဘာတွေညာတွေပေါ့ဗျာ - ဒီလူတွေ  အားလုံးဟာလည်း  တာဝန်ရှိတယ်၊
တာဝန်ရှိတဲ့ လူတွေဟာလည်း နံပါတ်တစ် ကျနော် တို့ကိုတောင်းပန်ရမယ်၊  နိုင်ငံရေး အကျဉ်းသားတွေကို တောင်းပန်ရမယ်။  နောက်တော့ ပြည်သူကိုတောင်းပန်ရမယ်၊
ကျနော်ကကြည့်ပြီးတော့ တကယ်ပြောရမယ်ဆိုရင် သူတို့က သူ့ကိုယ်သူလည်းတောင်း ပန်ရမယ်၊  သူက အမှားတွေကို ကျူးလွန်ခဲ့တာကိုး။

နံပါတ်နှစ်က  ခင်ဗျားတို့တွေက ပြင်ဆင်ရမယ်၊  ပြင်ရမယ်။  အမှားတွေကို နောင်ကို ထပ်ပြီးတော့ မမှားအောင် နောင်လာနောင်သားတွေပေါ့။
နောင်လာနောက်သားဆိုတာ နောင်လာမယ့် ထောက်လှမ်းရေးတွေပေါ့၊  ဒါတွေအတွက်ကို ဗမာပြည်စရိုက်ထဲမှာကို၊  အုပ်ချုပ်ရေး ယန္တရားထဲမှာကို ထောက်လှမ်းရေးက ရှိရင်ရှိမှာပဲ။
  ရှိနေရင်လည်း ကိစ္စမရှိဘူး။  ဒီတော့ အဲဒီလူတွေကနောက်ကို ဒီလိုအမှားတွေ မကျူးလွန်အောင် တောင်းပန်ရမယ်၊  ပြုပြင်ရမယ်။

သုံးက ဘာလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီနေ့ ကျနော်တို့ ကူညီနေကြတယ်။  သူတို့ဗိုလ်ချုပ်ဟောင်းတွေလည်း သူတို့ရဲ့ဘဏ္ဍာသိုက်လို့ခေါ်ပါတော့ဗျာ၊
အကြောင်းအမျိုးမျိုးကြောင့် သူတို့ရထားတဲ့ တိုင်းပြည်နဲ့ ပတ်သက်ပြီး ရထားတဲ့ သို့မဟုတ် သူတို့ရဲ့အာဏာ၊  ရာထူး၊  ရာခံတွေကြောင့် ရထားတဲ့ ဘဏ္ဍာသိုက်က အကြီးကြီးဗျ၊   သုံးလို့ ကုန်မှာမဟုတ်ဘူး၊  ဒါတွေနဲ့ သူတို့ဘဏ္ဍာတိုက်ထဲက ထိုးလို့၊  နုတ်လို့ပဲဖြစ်ဖြစ်၊
သူတို့ အပေါင်းအသင်းတွေနဲ့ ညှိနှိုင်းလို့ပဲဖြစ်ဖြစ်၊  နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝတွေကို ပြန်လည် ထူထောင်တဲ့သူတွေကို သူတို့ ကူညီသင့်တယ်၊  ရန်ပုံငွေတွေ
ထူထောင်သင့်တယ်။  ဒါမျိုးတွေ ပြင်ဆင်ရေးတွေ လုပ်သင့်တယ်လို့  ကျနော်ပြောတယ်။
အဲဒါကို ကျနော်ပြောတာ၊  တောင်းပန်ရမယ်ဆိုတဲ့ စကားက ဒီဟာကိုပြောတာ၊ တောင်းပန်ရမယ်ဆိုတဲ့စကားကို တနေရာရောက်တော့ သူတို့ ဘယ်သူ့ကိုတောင်းပန် ရမလဲ
 ဆိုတဲ့စကားကို  ပြန်ပြောတယ်။
အဲဒီတော့  တောင်းပန်ရမှာက
 နံပါတ်(၁) နိုင်ငံရေးအကျဉ်းသား၊ ထောက်လှမ်းရေးအကျဉ်းသား၊ ထောင်နေတန်းကျ၊ တောထဲကိုထွက်ပြေးကြ၊  တိုင်းပြည်က ထွက်ပြေးရ၊  အသက်ဆုံးရှုံးခံရ၊  ဘဝအပျက်အစီးခံရတဲ့ ပြည်သူတွေကိုတောင်းပန်ရမယ်၊
(၂) က ပြည်သူတွေကိုတောင်းပန်ရမယ်၊
(၃)ကတော့ သူတို့ကိုယ်သူတို့တောင်းပန်ရမယ် အဲဒါပြောချင်ပါတယ်။

ကျော်စွာမိုး ။    ။  အဘထောင်ထဲမှာတုန်းကလည်း ထောင်လှမ်းရေးတွေက လာပြီးတော့ စစ်ကြောရေးတွေ လုပ်တာပေါ့၊
အဲ့မှာ အဘအနေနဲ့ တကယ်ကြုံတွေ့ခဲ့ရတဲ့ သူတို့ ဘယ်လိုနှိပ်စက်တာလဲဆိုတာ နည်းနည်းလေးတော့ပြောပြပေးပါ။

ဦးဝင်းတင်။  ။  နှိပ်စက်တာတော့ အများကြီးဗျ၊ ပြောမယ်ဆိုရင်တော့ မကုန်နိုင်ဘူး၊ ပြောမယ်ဆိုရင်တော့ ဒီစကားကကျနော့်လိုပဲ နှိပ်စက်ခံရတဲ့လူတွေ အများကြီးပဲဆိုတော့ ဘယ်သူ့ကိုပြောချင်လဲဆိုတာ တခုတော့ရှိတယ်။
 ထူးထူးခြားခြားကို နှိပ်စက်ခံရတဲ့ တခုတော့ပြောချင်ပါတယ်။  ဘာလို့လဲဆိုရင်ကျနော့်ထောင်ထဲကိုရောက်သွားတဲ့ ညကပဲ ကျနော့်ကိုစစ်ကြောရေးတွေလုပ်တယ်။
 စစ်ကြောရေးတွေလုပ်တော့ ကျနော်လည်း ထအော်တာတွေ ရှိတာပေါ့။ ခြောက်ညတိတိ ကျနော့်ကို စစ်ကြောရေးလုပ်တယ်၊  အဲဒီမှာ ထောင်းတာကြိတ်တာတွေ လုပ်တယ်၊
  မျက်နှာဖုံးစွပ်ထားတယ်၊  မျက်နှာဖုံးစွပ်ထားတော့ ဘယ်သူမှန်းမသိဘူးပေါ့။  အရာရှိပဲပြောပြော၊ နောက်လူကိုပဲပြောပြော ကျနော် ဒီလူတွေကိုပဲ ကန့်ကွက်တယ်။
အဲဒီလိုမဟုတ်ဘူး၊  မနှိပ်စက်ဖို့လည်းပြောတယ်၊  ကျနော်ဟာ နိုင်ငံရေးသမား၊  နိုင်ငံရေးပါတီ တစ်ခုရဲ့ခေါင်းဆောင်ဖြစ်တယ်။
အဲ့တော့ အဲဒီနှိပ်စက်တဲ့ ဒဏ်တွေကြောင့် သွားတွေဟာ တစ်နှစ်လောက် အတွင်းမှာ အကုန်ကျွတ်ကုန်တယ်။
အကုန်ကျွတ်ပြီးတော့ ၁၉၉၁ ကိုရောက်တဲ့အခါမှာတော့ သူတို့ ထောင်ကလူတွေကို စလွှတ်တယ်ဗျ၊  လွှတ်တဲ့အခါမှာ သွားတွေ စိုက်ပေးတယ်၊  ပြင်ပေးတယ်၊
အကုန်လုံးလုပ်ပေးတယ်။  ကျနော်က ကျနော့်မှာလည်း သွားတွေ မရှိဘူး၊ ထောင်ထဲမှာက ဆန်လုံးကြီးနဲ့ ထမင်းစားတဲ့ အခါ သွားမရှိဘဲသွားဖုံးနဲ့စားရတော့။

ကျော်စွာမိုး ။  ။  ထမင်းက မာတာပေါ့။

ဦးဝင်းတင် ။  ။  မာတော့ ထိကိုမထိနိုင်ဘူး၊  ဝါးကို မဝါးနိုင်ဘူးဗျာ။  ဆိုတဲ့အခါကျတော့ အဲဒါ ဘယ်လောက်ကြာလဲဆိုရင် အားလုံးပေါင်း ၇ နှစ် ကြာတယ်၊
၁၉၉၈ ကျမှ ကျနော့်ကို သွားစိုက်ပေးတယ်။  အဲဒါ ကျနော်ကတော့ တခြားသူနဲ့မတူတဲ့ ခံစားချက်တစ်မျိုး ကျနော့်မှာရှိတယ်၊  နှိပ်စက်ပုံချင်းကတော့ အတူတူပါပဲ။
ကျနော့်ထက်ဆိုးတဲ့ လူတွေလည်း ရှိရင်ရှိမှာပေါ့။  ကျနော့်လိုပဲ တန်းတူခံရတဲ့ လူတွေလည်းရှိတယ်။
ဒါကတော့ ကိုယ့်ခန္ဓာအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်းကို ဘယ်သူ့မှ ခံနိုင်မှာမဟုတ်ဘူး၊  ခံလည်းမခံချင်ဘူး။

ကျော်စွာမိုး ။  ။  အဘ အဲဒီဟာတွေဟာ အဘ ရဲ့ လူငရဲဆိုတဲ့ စာအုပ်ထဲမှာ အကုန်ရေးထားတာပါပဲ၊  မနှင်းနှင်းမွှေးကလည်း ၁၉၈၉ မှာ အဖမ်းခံ ရတယ်၊
 ပထမ သုံးနှစ်၊ နောက်ထပ်လည်း ဖမ်းဆီး ခံရတယ်၊  ဘယ်လိုမျိုး အဖမ်းခံရတာလဲ၊  ဘာတွေ စစ်ထောက်လှမ်းရေးတွေ လုပ်ခဲ့တာလဲ ဆိုတာကိုပြောပြပေးပါ။

ဒေါ်နှင်းနှင်းမွှေး ။  ။  ၁၉၈၂ ခုနှစ် အဖမ်းခံရတဲ့ အချိန်မှာ ကျမဟာ သာကေတမြို့နယ် လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဒုဥက္ကဋ္ဌပေါ့။  ကျမဆီမှာက နိုင်ငံရေးပါတီကနေ ထုတ်ဝေတဲ့ စာရွက်စာတမ်းတွေ အများကြီးရှိတာပေါ့။  ရှိတဲ့အခါကျတော့ စစ်ထောက်လှမ်းရေးက ကျမအိမ်ကိုဝင်ပြီးတော့ ရှာဖွေ တဲ့အချိန်မှာ အဲဒီစာရွက်စာတမ်းတွေကို သိမ်းဆည်း ပြီးတော့ တရားလိုပြပစ္စည်းပေါ့၊  အဲ့ဒီလိုနဲ့ တရားရုံး မှာ တင်ပါတယ်။  အဲဒီအချိန်မှာ ကျမတို့ကိုထောင် ချတာက စစ်ခုံးရုံးမှုနဲ့ထောင်ချတာပါ။  အဲဒီအချိန် မှာ စစ်ခုံရုံးမှုနဲ့ထောင်ချခံတာ သိတဲ့လူတွေကတော့ ဘာလဲဆိုတော့ စစ်ခုံရုံးမှုနဲ့ထောင်ချရင်တော့ လွတ် လမ်း မရှိတော့ဘူးပေါ့။  ဒါဟာ သူတို့က ချရမယ် ဆိုတဲ့အမိန့်နဲ့ လာတာဖြစ်တယ်။  ကျမကို အမိန့်ချတဲ့ လူကလည်း  ဒီမင်္ဂလာဒုံ ဆက်သွယ်ရေးဘက်က ဗိုလ်မှူးပေါ့နော်။  သူကိုယ်တိုင်က ကျမကို သမီးရယ်၊  အပြစ်မရှိဘူးလို့ သမီးဘက်ကနေပြောပြော၊  အဘ တို့ကတော့ ဒီကိစ္စကို ချရမယ့်အမိန့်နဲ့လာတာဖြစ်တဲ့ အတွက်ကြောင့် ချမယ်လို့ပြောပါတယ်။  ဆိုတဲ့အခါ ကျတော့ အဲဒီအချိန်မှာ ကျမတို့နိုင်ငံရေးပါတီတွေ က စာရွက်စာတမ်းတွေ ထုတ်ဝေတဲ့အခါမှာ အဘ ဦးဝင်းတင်တို့ဆို သိပါတယ်။  အဲဒါနဲ့ နိုင်ငံရေး ကင်း လွတ်ခွင့်ပေါ့ တင်ပြီးတော့မှ ထုတ်ကြတာပါ။  အဲဒီ စာတမ်းတွေ  ကျမလက်ဝယ်မှာ  ထားရှိပြီးတော့ အပြစ်ရှိတယ် ပြောတဲ့အခါမှာ ဗိုလ်ချုပ်ခင်ညွန့်က သူတို့ပြောတဲ့အခါမှာ ဥပဒေကို ချိုးဖောက်တယ်ဆိုတာ ကျမတို့ ဘယ်ဥပဒေကို ချိုးဖောက်မိတာလဲ။  အဲဒီစာရွက်စာတမ်းတွေကို ကျမတို့ သိမ်းဆည်းခွင့် မရှိဘူးလား။
အဲဒါ ဥပဒေတရပ်လို့ သူတို့က ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်၊  ဘာညာဆိုပြီးတော့ သူတို့ အမြဲတမ်းပြောတာရှိတယ်လေ။
အဲဒါ အမိန့် တရပ်လို ထုတ်ထားတာလည်း မရှိဘူး၊  ဥပဒေထဲမှာလည်း သူတို့က ဒါကိုတင်ရမယ်ဆိုတော့ ကျမတို့ တင်ပြီးမှ ထုတ်တာပါ၊
အဲဒီစာရွက်တွေကို သိမ်းဆည်းထားလို့ အပြစ်ရှိတယ်ဆိုရင် သူတို့ ဥပဒေဆိုတာ ကျမ ကိုယ်တိုင် နားမလည်ဘူး၊  အဲလိုဖြစ်တာပေါ့။

ကျော်စွာမိုး။  ။  ဒါဆို တရားစွဲတာ အဲဒီအမှုနဲ့ ချတာပေါ့။   ဒီနေရာမှာ အဘကရောပေါ့။  ဒီစစ်ခုံရုံးမှုနဲ့ ချတာလည်း ရှိတယ်၊
တချို့ဆို အရပ်ရုံးအနေနဲ့လည်း  ချတာလည်း  ရှိတယ်ပေါ့နော်။   ဒါပေမယ့် ကျနော်သိသလောက်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကိုထောင်ချပြီဆိုရင်
တကယ့်ထောင်ပြစ်ဒဏ် တကယ်ချတဲ့သူက ခုံရုံးမှာ တရားသူကြီးတွေ ဘာတွေ မဟုတ်ဘူး၊
နောက်ကနေပြီးတော့ ထောက်လှမ်းရေးတွေက ဒီလူကိုတော့ ၁ဝ နှစ် ချလိုက်၊   ဟုတ်တယ် မလား။
မနှင်းမွှေးတို့ ပြစ်ဒဏ်ကအစ ထောက်လှမ်းရေးကနေပြီးတော့ အမိန့်ပေးတဲ့သဘော တရားရုံး ကနေပြီးတော့ အမိန့်ပေးတာမှ မဟုတ်တာ။

ဒေါ်နှင်းနှင်းမွှေး ။  ။  ဟုတ်တယ်၊  ဘာကြောင့်လဲ ဆိုတော့ သူတို့က သူတို့နောက်ကွယ်ကနေ အမိန့် ချရမယ်ဆိုပြီးတော့ အမိန့်တရပ်ကို အမိန့်ချမယ့်သူ ကိုယ်တိုင်က ယူဆောင်လာပြီး အမိန့်ချတာပါ။
ကျမတို့နဲ့ သူတို့နဲ့က တကြိမ်တခါမှတွေ့ဖူးတာလည်း မရှိဘူး။  ဒီစစ်ခုံရုံးကို တစ်ခါတည်းတင်လိုက်တယ်။  ဒီ စာရွက်စာတမ်းတွေကို မိတယ်၊  ဒါကြောင့် အပြစ်ရှိတယ်၊
အမိန့်ချရမယ်ဆိုပြီး သူတို့ အမိန့်ချလိုက်တာ ဖြစ်တယ်။

ကျော်စွာမိုး ။   ။  အထဲမှာ နှိပ်စက်တာတွေရော  ဒီထောက်လှမ်းရေးကာလမှာ နှိပ်စက်တာတွေပေါ့။

ဒေါ်နှင်းနှင်းမွှေး။  ။ သူတို့ကကျမတို့ကိုဘယ်လို မျိုးလုပ်လဲဆိုတော့ မရပ်မနားပေါ့နော်၊ မအိပ်ဘဲနဲ့ သူတို့ဘက်က လူလဲပြီး စစ်တာမျိုးပေါ့ရှိတယ်၊
သူတို့ ကသူတို့လိုချင်တဲ့ အဖြေမျိုးကို ကျမတို့မှာ အပြစ်မှ မရှိတာ၊  ဒါကြောင့် သူတို့လိုချင်တဲ့အဖြေမျိုးကို ကျမတို့မှ မပေးနိုင်တာ။
ဒါကိုပဲ သူတို့က ထပ်ကာတလဲလဲနဲ့ Torture ပေးသလိုမျိုးပေါ့၊ နင်မပေးချင်လည်း ရတယ်၊ ငါတို့ဘက်မှာလူတွေ အများကြီးရှိတယ် ဆိုပြီးတော့ သူတို့ဘက်က လူလဲပြီးတော့ ကျမတယောက်တည်း ဒိုင်ခံပြီးတော့ မအိပ်မနေဘဲ အဲဒါတွေကိုဖြေနေရတာ။
 အဲဒါမျိုးပေါ့နော်။  အစားအသောက်တွေကရောပေါ့။  အချိန်တန်ရင် မကျွေးတာမျိုးလည်းရှိတယ်။

ကျော်စွာမိုး ။  ။   အဘလည်း ခုနက ပထမဆုံးပြောခဲ့ဖူးတယ်၊  တာဝန်ရှိတဲ့သူတွေဆိုရင် ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့၊  ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ပေါ့။  ဒါပေမယ့်
၁၉၈၈ အာဏာသိမ်းမယ့်  အချိန်မှာ ကတည်းက အာဏာသိမ်းဖို့ကို စပြီးတော့စီစဉ်တာက ဗိုလ်ချုပ်မှူးကြီး စောမောင်လား၊   ဗိုလ်ချုပ်ကြီး ခင်ညွန့်လား။
ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဗိုလ်ချုပ်နေဝင်းရဲ့  အဓိကလက်ရုံးဆိုတော့  အဘအနေနဲ့  သမိုင်းနဲ့ပတ်သက်ပြီး  ဘာများသိပါသလဲ။

ဦးဝင်းတင် ။  ။  အမှန်အတိုင်းပြောရရင်တော့ ထုံးစံအတိုင်း စစ်တပ်မှာ လုပ်ကိုင်နေတာတွေကို မသိရပါဘူး၊  သို့သော် ကျနော်သုံးတဲ့စကားတစ်ခွန်း ရှိပါတယ်၊
ဘာလဲဆိုတော့ ဘယ်လုပ်ငန်းဖြစ်ဖြစ်  တနေ့သောအခါမှာ အရိုးတွန်တဲ့စကား ကျနော် ထပ်တလဲလဲပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့မရဘူး၊  တနေ့ပေါ်မှာပဲ။  စစ်ထောက်လှမ်းရေးတွေက ဘယ်လိုလုပ် ကိုင်လဲဆိုတာ ကျနော်သိတော့ မသိဘူး။
 သို့သော် အခုပိုင်းမှာ ရုပ်လုံးပြန်ပေါ်တယ်ဗျ၊  အခုနောက်ပိုင်းပြောတဲ့စကားတွေမှာပေါ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ စကားတွေမှာလည်းပေါ်တယ်၊
နောက်တစ်ခါ မကြာခင်ကမှ လွတ်လာတဲ့ ဦးနေဝင်းမြေးတွေရဲ့ စကားတွေမှာလည်း ပေါ်လာတယ်။ နောက် မီဒီယာတွေမှာ လူကြီးတွေရဲ့  စကားတွေမှာပေါ်တယ်။
 ပေါ်တဲ့ အချိန်မှာ ဘာတင်ပြလဲဆိုတော့ ဒီအာဏာသိမ်းတဲ့ အချိန်မှာ ၁၇ ရက်နေ့ပေါ့။ ဗိုလ်ချုပ်ခင်ညွန့်ကနေ တာဝန်ခံပြီးတော့ ဦးကျော့မောင်ပါတယ်၊  ဗိုလ်မှူးကြီးတင်လှိုင်လား
 မသိဘူး အဲ့လူတယောက်ပါတယ်၊ နောက်တယောက်နဲ့လေးယောက်ပေါ့။  သူတို့သွား ပြီးတော့ ဗိုလ်ချုပ်ကြီးနေဝင်းဆီသွား အကြောင်း ကြားတယ်။
ဒီလိုဒီလိုတော့ဖြစ်နေပြီ၊  တိုင်းပြည်မှာ အာဏာသိမ်းမှဖြစ်မယ် ဆိုပြီးတော့ ဦးခင်ညွန့်ကပြောတယ်၊
ဦးနေဝင်းကဘာပြောလဲဆိုတော့ မင်းတို့ ဒီလိုလုပ်လို့မရဘူး  တပ်မှာထုံးစံရှိတယ်၊
အကြီးအကဲတွေကို အသိပေး၊  မင်းတို့ အကြီးအကဲတွေပြောပြီး ပြီလားဆိုတော့၊  မပြောရသေးဘူး၊  အဲဒီအချိန်မှာ အကြီးအကဲတွေက ဘယ်သူတွေရှိလဲဆိုတော့
ဗိုလ်မှူးကြီးအေးကိုရှိတယ်ဗျာ၊  သမ္မတဖြစ်ဖူးတယ်၊ ။ နောက်တခါ ဦးသန်းဦးလို ပုဂ္ဂိုလ်မျိုးတွေ ရှိတယ်၊  နောက်ဗိုလ်မှူးကြီးကျော်စိုးတို့ရှိတယ်ပေါ့ဗျာ၊
သွား အဲဒီလူတွေကို အသိပေးခဲ့ဆိုတယ်၊ နောက်တနေ့ ပြန်လာတယ်။  အသိပေးပြီးသွားပြီး ပြန်လာတယ်ပေါ့။  မင်းတို့ လုပ်စရာရှိတာလုပ်၊  ဖမ်းစရာရှိတာ ဖမ်း၊
ငါ့ကို ဖမ်းစရာရှိရင်လည်းဖမ်း၊  အကုန်ဖမ်းပေါ့၊  ငါ့တောင်ဖမ်းပါ ဆိုကတည်းက ကမ်းကုန်နေပြီပေါ့၊  အကုန်ဖမ်းပေါ့၊  လူတိုင်းကို ဖမ်းလို့ရတယ်ဆိုတဲ့ သဘောပြောလိုက်တာပေါ့၊
အဲ့လိုသဘောမျိုးပြော ခြင်းအားဖြင့် ဦးနေဝင်းကနေပြီးတော့ နှစ်ခု အမိန့်ပေးတယ်။  တစ်ခုက အာဏာသိမ်း၊ နောက်တခုက လူတွေကိုဖမ်း။
သူတို့က ဘာလုပ်လဲ အာဏာလည်း သိမ်းတယ်၊  လူတွေလည်း ဖမ်းတယ်။  အဲဒီနေရာမှာ စေ့ဆော်သူဟာ ဗိုလ်ချုပ်ခင်ညွန့်ပဲလို့ ကျနော်တို့ နားလည်ပါတယ်၊
 အမိန့်ပေးတာကတော့ ဗိုလ်ချုပ်နေဝင်းပေါ့၊  အဲဒီလိုမျိုး နားလည်ပါတယ်။

ကျော်စွာမိုး ။   ။  ကျနော်တို့ နားလည်တာက စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း ဖမ်းဆီးတာတို့ ဘာတို့ ၊ ထောင်ထဲပို့တာတို့၊
ဒီလူကိုထောင်ဘယ်လောက်ချမယ်ဆိုတာက အစပေါ့၊  ဒီထောက်လှမ်းရေးအဖွဲ့ကပဲ အားလုံးကို လုပ် တာပေါ့နော်၊
 ဒီတော့အဘရယ် ဒီတလျှောက်လုံးမှာရော အဘက သမိုင်းတွေလည်း မီခဲ့တယ်ဆိုတော့ ကင်ပေတိုင်ခေတ်တို့လည်းရှိခဲ့တယ်၊  ဂျပန်ခေတ်မှာပေါ့နော်၊
  ဒီခေတ်က ၁၉၈၈နောက်ပိုင်း ဗိုလ်ချုပ် ခင်ညွန့်တို့ စစ်ထောက်လှမ်းရေးခေတ်က အကြောက်ရဆုံးခေတ်လို့ ခေါ်လို့ရမလား၊   အဘ အနေနဲ့ ဘယ်လိုထင်လဲ။

ဦးဝင်းတင် ။  ။ အကြောက်ရဆုံးခေတ်လို့လည်း ခေါ်လို့ရတယ်၊  အဆိုးရွားဆုံးခေတ်လို့လည်း ခေါ်လို့ရတယ်။  အရက်စက်ဆုံးလို့လည်းပြောလို့ရတယ်၊
 ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်က ကင်ပေတိုင်တို့  ခေတ်တုန်းက   ငယ်သေးတဲ့အတွက်ကြောင့် မသိဘူးပေါ့၊  သိပ်များများမသိဘူး၊
 ကင်ပေတန်တို့ လက်ထက်မှာပေါ့ ကင်ပေတိုင်ရက်စက်တယ် ဆိုတာ အားလုံးက သိပါပြီ၊  များများတော့မပြောတတ်ဘူး၊  ကျနော်လည်းအသက်ငယ်သေးတဲ့အတွက်ကြောင့်ပေါ့၊
 ဒါပေမယ့် ကျနော်ပြောနိုင်တာကတော့ ကျနော်ကိုယ်တိုင်လည်း ဒီခေတ်ကို ကြုံခဲ့ပြီ၊  ဖဆပလခေတ်ကိုလည်းကြုံခဲ့ပြီ၊
ကျနော်ပြောချင်တာကတော့ ဒီခေတ်သုံးခေတ်၊ လေးခေတ်မှာပေါ့ အရက်စက်ဆုံး အဆိုးရွားဆုံး၊  အကြမ်းတမ်းဆုံးနဲ့နောက် ဥပဒေမဲ့ လုပ်ဆုံးကတော့  ဒီထောက်လှမ်းရေးခေတ်ပဲလို့ ကျနော်ထင်တယ်၊  ဒုတိယတချက်ပြောချင်တာကတော့ အမိန့်ပေးတယ် ဆိုတာလေးပေါ့။  တိုတိုလေးပြောချင်တယ်၊
ကျနော့်လို စစ်ခုံရုံးတင်တယ်ပေါ့၊  စစ်ခုံးရုံးတင်တဲ့အခါမှာ ကျနော် ထကန့်ကွက်တာ မျိုး ရှိတယ်၊  သက်သေတွေခေါ်လာတယ်၊
  သက်သေတွေက ဘယ်သူတွေမှန်းလည်း သူတို့က ကျနော့်ကို မသိဘူး၊  ကျနော်ကလည်း သူတို့ကိုမသိဘူး၊  ဒီလိုမျိုးတွေ လုပ်တာတွေရှိတယ်၊
 နောက် ကျနော့်ကို လက်ထိပ်ခတ်ထားပြီး လက်ထိပ်က တစ်ခါတည်း ယှက်ပြီးတော့ ခတ်ထားတော့ ကျနော်ကအော်တာပေါ့ဗျာ၊
အော်တော့ ကျနော့်ကိုထောင်ချတာ ၁ဝ နှစ်ဆိုပြီး ချတာ၊ အော်ပြီးတဲ့အခါကျတော့ ကျနော် ဆူပူလည်း လုပ်ပြီးရောထောက်လှမ်းရေးကနေ ပြီးတော့ ကျနော်ထင်တယ်  တရားသူကြီးကိုခေါ်လိုက်တယ် ရုံးတော်အပြင်ကို ထွက်သွားတယ်။
 ပြန်လည်း ထွက်လာရော ကျနော့်ကို တနှစ်တိုးပြီးတော့ ၁၁ နှစ်ဆိုပြီးတော့ ထောင်ချတယ်။
အမှန်တကယ် ကျနော်ကျတာက ၂၁ နှစ်ဗျ၊  နှစ် ၂ဝ မဟုတ်ဘူး၊   ၇ နှစ်ရယ်၊  ၃ နှစ်ရယ်၊  ၁၁ နှစ်ရယ် ၊  ၁ နှစ်ကထောင်ထဲမှာလျှော့လိုက်တာ ၁ဝ နှစ်ဆို တနှစ်တက် ဆိုပြီးလျှော့လိုက်တာ၊  ဒါ သူနောက်ကွယ်ကရှိတာ၊  ဆိုတာက နောက်ကွယ်က စစ်ခုံးရုံးကို မှီပြီးလျှင် ထောက်လှမ်းရေးက အမိန့်ပေးနေတာ၊  တနှစ်တိုး လိုက်ပေါ့၊
ကျနော်ဆူလို့ ဆိုပြီးတော့ အမိန့်ပေးတာ တနှစ်တိုးလိုက်တာပါ။

ကျော်စွာမိုး ။  ။  အဘဦးဝင်းတင်၊  မနှင်းနှင်းမွှေး  အခုလို ဝင်ရောက်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။
အခု ကျနော်တို့ အဘဦး ဝင်းတင်နဲ့ မနှင်းနှင်းမွှေးတို့ဆွေးနွေးခဲ့တာကတော့ ၁၉၈၈နောက်ပိုင်းမှာ စစ်ထောက်လှမ်းရေးကနေပြီးတော့ နိုင်ငံရေး လှုပ်ရှားသူတွေ၊
 ကျောင်းသား လှုပ်ရှားသူတွေ၊  ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဘယ်လိုမျိုး ဖမ်းဆီးခဲ့သလဲ၊  ဘယ်လိုမျိုး ထောင်တွေချခဲ့သလဲ ဆိုတာမျိုးကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်၊
ရှေ့တပတ်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့  ဆက်လက်ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်ဗျာ၊  အားလုံးပဲ ကျေးဇူးတင်ပါတယ်။
The Irrawaddy