အီဂျစ်အစိုးရ နုတ်ထွက်ကြောင်း ရုတ်တရက်ကြေညာ

ပို့စ်တင်ချိန် - 2/25/2014 06:01:00 PM


ဝန်ကြီးချုပ် ဘယ်ဘလာဝီ

အီဂျစ်အစိုးရ နုတ်ထွက်ကြောင်း အီဂျစ်ဝန်ကြီးချုပ် ဟဲဇန်မေလ် ဘယ်ဘလာဝီက ဒီနေ့ ရုတ်တရက်ကြေညာခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖာတာ အယ်စီစီကို သမ္မတလောင်းအဖြစ် ရွေးကောက်ခံဖို့ နေရာပေးလိုက်ပါတယ်

ဝန်ကြီးချုပ် ဘယ်ဘလာဝီက အီဂျစ်နိုင်ငံရဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေက လွတ်မြောက်ဖို့ အီဂျစ်အစိုးရက အစွမ်းကုန်ကြိုးစားခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ နုတ်ထွက်ရခြင်း အကြောင်းရင်း အသေးစိတ်ကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။
ဝန်ကြီးချုပ် ဘယ်ဘလာဝီကို ရွေးကောက်ပွဲကျင်းပချိန်အထိ တာဝန်ထမ်းဆောင်ဖို့ အီဂျစ် ယာယီသမ္မတ အက်ဒလီ မင်ဆာက ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံရေး လမ်းပြမြေပုံကို ထုတ်ပြန်ထားတဲ့ အီဂျစ်ကာကွယ်ရေးဦးစီချုပ် စီစီဟာ သမ္မတရွေးကောက်ပွဲ ၀င်ပြိုင်မယ်ဆိုရင် လက်ရှိ ကာကွယ်ရေးဝန်ကြီးအဖြစ်ကနေ အရင် နုတ်ထွက်ရမှာ ဖြစ်ပါတယ်။
သမ္မတရွေးကောက်ပွဲကို လာမယ့် ဧပြီလလယ်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အီဂျစ်နိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့ ငြိမ်းချမ်းရေး ချုပ်ဆိုထားတဲ့နိုင်ငံ ဖြစ်ပြီး အာရှနဲ့ ဥရောပကို ဆက်သွယ်ပေးတဲ့ စူးအက်တူးမြောင်းကို ထိန်းချုပ်တဲ့နိုင်ငံ ဖြစ်တာကြောင့် ပထ၀ီ အနေအထားအရ အလွန်အရေးကြီးတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့တဲ့ သမ္မတဟောင်း မိုဟာမက်မော်စီကို ပြီးခဲ့တဲ့ ဇူလိုင်လက ဖယ်ရှားစဉ်က အီဂျစ်နိုင်ငံ ခေတ်သစ်သမိုင်းမှာ သွေးအစွန်းဆုံး အချိန်တွေ ဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ အတိုက်အခံတွေဟာ ထောင်ချခံထားရပါတယ်။

DVB Burmese