ချင်းတွင်းမြစ်ကြောင်း ပြုပြင်ရန် ကျပ်သန်းလေးရာခန့် တောင်းခံ

ပို့စ်တင်ချိန် - 2/25/2014 11:23:00 PM


မုံရွာ၊ ဖေဖော်ဝါရီ ၂၄

နွေရာသီ ရေနည်းချိန်ကာလ များတွင် ရေကြောင်းကျပ်တည်းသည့် ချင်းတွင်းမြစ်အတွင်း ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၃၈၆ ဒသမ ၆၄သန်း ထည့်သွင်း တောင်းခံရေးဆွဲထားကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးက ပြောကြားသည်။

"ရေနည်းချိန် ကာလမှာ ချင်းတွင်းမြစ် ရေကြောင်းကျပ်တည်း ၃၇ နေရာ ရှိပါတယ်။ အဲဒီထဲမှာ ရေကြောင်း အကျပ်တည်းဆုံး နေရာ ရှစ်နေရာလောက် ရှိပါတယ်။ ဒီနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ မုံရွာဆိပ်ကမ်း ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်း၊ ချင်းတွင်း တံတားအနီး အလုံရေလမ်း ကောင်းမွန်ရေးလုပ်ငန်းနဲ့ မင်းကင်းဆိပ်ကမ်း ရေလမ်း ကောင်းမွန်ရေး သောင်တူးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်" ဟု၎င်းက ဆက်လက်ပြောဆိုသည်။

၅၀၇ မိုင်ခန့်ရှည်သော ချင်းတွင်းမြစ်ရိုး တစ်လျှောက် ရေနည်းချိန်တွင် အမြန်ယာဉ်နှင့် မော်တော်များ သွားလာရန် ခက်ခဲသည့် အကျပ်တည်းဆုံး နေရာများမှာ ဟုမ္မလင်းမြို့ အောက်ဘက်၊ ဖောင်းပြင်မြို့ အောက်ဘက်၊ မော်လိုက်မြို့ အောက်ဘက်၊ ကလေးဝမြို့အထက်၊ မင်းကင်းမြို့ အောက်ဘက်နှင့် ကနီမြို့အောက်ဘက် များမှာ အဆိုးရွားဆုံး နေရာများဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာန စာရင်းဇယားများ အရ သိရသည်။

"ရေနည်းချိန်မှာ သောင်တင်တယ် ဆိုတာ မော်တော်တွေက သတ်မှတ်ကုန် တန်ချိန်ထက် ပိုတင်လို့ သောင်တင်တာ။ ပန်ကာတွေနဲ့ အင်ဂျင်အား ရုန်းရတော့ ရေလမ်းကြောင်းတွေ မကြာခဏ ပျက်ပါ တယ်။ နှစ်တိုင်းလည်း ရေနည်းချိန်မှာ ရေစူးမှတ်တွေ သတ်မှတ်ပေးပေမယ့် လိုက်နာမှု အားနည်းတယ်" ဟုတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ချင်းတွင်းမြစ် ရေနည်းချိန်သည် နိုဝင်ဘာလ ၁၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိဖြစ်ပြီး မုံရွာမြို့အနီးတွင် သတ်မှတ်ထားသည့် ရေနည်းမှတ်မှာ ၁၁၀ စင်တီမီတာ (လေးပေနီးပါး)ဖြစ်ပြီး၊ ၂၀၁၀ ပြည့်နှစ်က အဆိုးရွားဆုံးအဖြစ် ၁၈ စင်တီမီတာ (ပေဝက်ကျော်) အထိ ကျဆင်းခဲ့ကြောင်း၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ နှင့် လက်ရှိ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ များတွင်လည်း မုံရွာမြို့အနီး ချင်းတွင်းမြစ်ရေသည် ရေနည်းမှတ်အောက်တွင်သာ ရှိခဲ့ကြောင်း ယင်းဌာန၏ မှတ်တမ်းများအရ သိရသည်။

The Voice Weekly