ဒီရေတော ဆုံးရှုံးမှု နိုင်ငံအဆင့် ထိန်းသိမ်းရန်လို

ပို့စ်တင်ချိန် - 2/25/2014 02:51:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ကမ်းရိုးတန်း ဒေသများတွင် ကျရောက်လာမည့် သဘာဝ ဘေးအန္တရာယ်ကို လျော့နည်း စေနိုင်သည့် ဒီရေတောပင်များ ပျက်စီး ဆုံးရှုံးနေခြင်းကို နိုင်ငံအဆင့် စီမံခန့်ခွဲမှု ကော်မတီဖွဲ့၍ ထိန်းသိမ်းရန် လိုအပ်လာပြီ ဖြစ်ကြောင်း မြိတ်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းမြဟန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် ဝင်ရောက်ခဲ့သည့် မုန်တိုင်းများ (ဥပမာ- နာဂစ် မုန်တိုင်း) ကြောင့် ဒီရေတောပင် အများအပြား ပျက်စီး ဆုံးရှုံးရသည့် အပြင် ထင်းလောင်စာ အဖြစ် ခုတ်ယူမှု များပြားလာပြီး သစ်တောများ ပြုန်းတီး လာခြင်းတို့ကြောင့်လည်း စီမံခန့်ခွဲမှု ကော်မတီ ဖွဲ့၍ မူဝါဒများ ရေးဆွဲ ချမှတ်ကာ တိုးမြှင့် စိုက်ပျိုးမှုများ လုပ်ဆောင်ရန် လိုကြောင်း ၎င်းက ပြောဆိုသည်။

“ဒီရေတောတွေကို ဟိုင်းကြီးကျွန်းဘက်မှာ လေ့လာ ဖြစ်တဲ့အခါ Human impact ကြောင့် ပျက်စီး ဆုံးရှုံးမှုက များတယ်။ အခု သုတေသန လုပ်ငန်းအပြင် ဧက ၅၀ ကျော်လောက်ကို လမုတော ဥယျာဉ် အဖြစ် ထူထောင် ထားတာ ရှိတယ်။ ထပ်ပြီးတော့လည်း မြေနေရာ တောင်းထားတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် တက္ကသိုလ် အဏ္ဏဝါ သိပ္ပံဌာနမှ ပါမောက္ခ ဒေါက်တာ ခင်မောင်ချိုက ဆိုသည်။

လက်ရှိ အချိန်တွင် ကမ်းရိုးတန်း ဒေသ ကျေးရွာများတွင် ဒီရေတောများ အလွန်အကျွံ ခုတ်ယူခြင်း မပြုရန် အသိပညာ ပေးခြင်းနှင့် ပျက်စီး ပြုန်းတီးနေသည့် နေရာများတွင် အစားထိုး စိုက်ပျိုးခြင်း စသည့် လုပ်ငန်းများ အပြင် သုတေသနပြု လေ့လာခြင်း စသည်တို့ကို လုပ်ဆောင်နေကြောင်း ဒေါ်နန်းမြဟန်က ရှင်းပြသည်။

ဒီရေတောများသည် မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း ဒေသကြီး၌ ၃၇ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၄၆ ရာခိုင်နှုန်းနှင့် ရခိုင် ပြည်နယ်တွင် ၁၇ ရာခိုင်နှုန်း ပေါက်ရောက်လေ့ ရှိပြီး ဟက်တာပေါင်း ငါးသိန်းကျော် ရှိကြောင်း မြိတ်တက္ကသိုလ်၏ သုတေသနပြု လေ့လာ ထားချက်များအရ သိရသည်။

The Voice Weekly