ဒေါ်လာ သန်း၁၇၀တန်ဓာတ်အားပေးစက်ရုံစီမံကိန်း စင်ကာပူနှင့်မြန်မာ လက်မှတ်ထိုး

ပို့စ်တင်ချိန် - 2/25/2014 01:04:00 PM


ဝင်းကိုကိုလတ်၊ မြတ်သူရ|ဖေဖော်ဝါရီ ၂၅၊ အင်္ဂါနေ့၊ ၂၀၁၄ ခုနှစ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တည်ဆောက်နေသည့် ကန်ဒေါ်လာ သန်း ၁၇၀ ကုန်ကျမည့် မဂ္ဂါဝပ် ၂၃၀ ထွက် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို စင်ကာပူနိုင်ငံအခြေစိုက် United Overseas Bank (UOB)၊ စင်ကာပူအခြေစိုက် Asiatech Energy နှင့် Myanmar Lighting IPP Co.,Ltd(MLC)တို့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဖေဖော်ဝါရီ ၂၄ ရက်က သဘောတူ လက်မှတ် ရေးထိုးလိုက်သည်။

အဆိုပါစီမံကိန်းကို ပြီးခဲ့သည့် ၁၄ လခန့်မှစတင်၍ တည်ဆောက်မှုများစတင်ခဲ့ရာ လာမည့်ဧပြီလတွင် ၄၃ မဂ္ဂါဝပ် စတင်ထွက်ရှိမည်ဖြစ်ပြီး ၂၀၁၅ နှစ်ကုန်ပိုင်းတွင်အပြီး တည်ဆောက်သွားကာ အမျိုးသား ဓာတ်အားစနစ်(National Grid)သို့ ပို့လွှတ်၍ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များသို့ လျှပ်စစ်ဓာတ်အား ရရှိစေမည်ဟု ဆိုသည်။

UOB မှ Senior Vice President ဖြစ်သူ Jonathan Lim က “တည်ဆောက်တာ၊ ၀န်ထမ်းတွေလေ့ကျင့် ပေးတာ၊ ထိန်းသိမ်းတာ စတာတွေကို Asiatech Energy ကလုပ်ဆောင်ပေးနေပါတယ်။၂၀၁၈ မှာတော့ မြန်မာဝန်ထမ်းတွေအားလုံး စီမံခန့်ခွဲနိုင်အောင် လေ့ကျင့်ပြီးဖြစ်သွားပါမယ်”ဟု လက်မှတ်ရေးထိုးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လက်ရှိတွင် လူတစ်ဦးလျှင် တစ်နှစ် လျှပ်စစ်ဓာတ်အား ၁၀၄ ကီလိုဝပ်နှုန်းဖြင့် တစ်နိုင်ငံလုံးဧရိယာ၏၂၃ ရာခိုင်နှုန်းကသာ အစိုးရထံမှ လျှပ်စစ်ဓာတ်အားရရှိနေပြီး ယခုစီမံကိန်းပြီးစီးပါက လူဦးရေငါးသန်းအထိ လုံလောက်သည့် လျှပ်စစ်ဓာတ်အား ထွက်ရှိမည်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းထုတ်ပြန်ထားသည်။

Asiatech ကုမ္ပဏီ၏ဥက္ကဋ္ဌ Mr. Tang Weng Fei က “တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် စဉ်ဆက်မပြတ် လျှပ် စစ်ဓာတ်အားရရှိရန် လိုအပ်နေတဲ့ မြန်မာနိုင်ငံအတွက် အခုလို ဆောင်ရွက်ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူ ပါတယ်”ဟု ပြောသည်။

အဆိုပါဓာတ်အားပေးစက်ရုံကို Asiatech Energy ကုမ္ပဏီက ငွေကြေးစိုက်ထုတ်ခြင်း၊ တည်ဆောက် ခြင်း၊ လုပ်ငန်းဆိုင်ရာ အကြံပေးခြင်းနှင့် စက်ရုံကို ထိန်းသိမ်းခြင်း၊ UOB ဘဏ်က Asiatech Energy အ တွက် ငွေကြေးထောက်ပံ့ကူညီခြင်း၊ မြန်မာဘက်မှ Myanmar Lighting IPP Co., Ltd(MLC) က စက်ရုံ ကို ပိုင်ဆိုင်ခြင်းနှင့် လည်ပတ်ခြင်းနှင့် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ဓာတ်ငွေ့ဖြန့်ဖြူးသူအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။

တည်ဆောက်မည့် ဓာတ်အားပေးစက်ရုံအတွက် ပေါင်းစပ်သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံတွင် ဓာတ်ငွေ့တာဘိုင်မှ လျှပ်စစ်ထုတ်ပေးနိုင်သကဲ့သို့ ၎င်းမှထုတ်လွှတ်လိုက်သော အပူမှ ရေနွေးငွေ့ထုတ် လွှတ်ပေးကာ ရေနွေးငွေ့တာဘိုင်မှ ဓာတ်အား အပိုထုတ်ပေးနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

သာမန်သဘာဝဓာတ်ငွေ့သုံးစက်များတွင် ထုတ်လွှတ်လိုက်သော အပူကို ပြန်လည် အသုံးပြုနိုင်ခြင်းမရှိ သည့်အတွက် ဓာတ်အား ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိသာ ထွက်ရှိသော်လည်း ပေါင်းစပ် သဘာ ၀ဓာတ်ငွေ့သုံးစက်တွင် ၆၀ ရာခိုင်နှုန်းအထိ ထွက်ရှိသည်ဟု ဆိုသည်။

Mizzima Burmese