ရေဒီယိုနားဆင်နေစဉ် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

ပို့စ်တင်ချိန် - 2/25/2014 06:56:00 PM



ရေဒီယို အင်တနာတိုင်ကို လက်တစ်ဖက်ဖြင့် ကိုင်လျက် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေ ဆုံးနေမှုတစ်ခု ဖေဖော်ဝါရီ ၂၃ ရက်က အရာတော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မြို့နယ်ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၃ နာရီကျော်က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ လယ်တီရပ်ကွက်၊ အမှတ်(၁)တွင် အသက် (၆)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ရေဒီယိုနားဆင်နေရင်း ဓာတ်လိုက်သေဆုံးနေသည့်အတွက် ရာအိမ်မှူးဦးသန်းထွန်းဆိုသူက အရာတော်မြို့မရဲစခန်းသို့ အကြောင်းကြားလာရာ ရဲစခန်းမှူး ဒု-ရဲမှူး မြင့်လွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ရဲဌာန၏စစ်ဆေးချက်များအရ သေဆုံးသူ မ၀ိုင်းဝိုင်းသည် ယင်းနေ့မွန်းလွဲပိုင်းတွင် မိခင်ဖြစ်သူ မီးဖိုဆောင် အနီး၌ရှိနေစဉ် နေအိမ်ရှေ့ခန်းရှိ ထန်းလက်ကုလားထိုင်ပေါ်တွင် တရုတ်နိုင်ငံလုပ် KEWAI အမျိုးအစား ရေဒီယို၏ အင်တနာတိုင်ကို ယာဘက်လက်ဖြင့် ဆုပ်ကိုင်လျက် သေဆုံးနေခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်း တွင် ပါရှိသည်။ သေဆုံးသူသည် ရေဒီယိုကို လျှပ်စစ်မီးဖြင့် ချိတ်ဆက်နားဆင်နေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်းလည်း ဒု-ရဲမှူး မြင့်လွင်နှင့်အဖွဲ့က စိစစ်တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ကလေးငယ်သေဆုံးမှုကို အရာတော်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၄ အရ အမှုရေးဖွင့်၍ မှုခင်းဆေးပညာများအရ ဆက်လက်ဆောင်ရွက်လျက်သည်။

ကိုတိုးကြီး
Mizzima - News in Burmese