ကချင်တွင် အလုပ်အကိုင် အဆင်မပြေသည့် ရခိုင်လူမျိုး ၂၅၀ကျော် နေရပ်ပြန်

ပို့စ်တင်ချိန် - 2/25/2014 09:29:00 AM


Written by အောင်ကိုဦး

မန္တလေး၊ မဇ္ဈိမ။ ။ကချင်ပြည်နယ်ရှိ ကုမ္ပဏီများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ရာမှ စား၊ဝတ်၊ နေ၊ရေး မပြေလည်၍ နေရပ်ပြန်လိုသူ ရခိုင်လူမျိုး ၂၅၀ခန့်ကို ရခိုင်ဆရာတော် အရှင်မဟိန္ဒက ဦးဆောင်ကာ ရခိုင် တိုင်းရင်းသား လူမှုရေးအသင်းများ၏ အကူအညီဖြင့် ဖေဖော်ဝါရီလ ၂၄ရက်က ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့သည်။

ဆရာတော် အရှင်မဟိန္ဒက ဦးဆောင်ကာ ရခိုင်တိုင်းရင်းသား လူမှုရေးအသင်း(မန္တလေး)၊ ရခိုင်တိုင်းရင်းသား လူမှုရေး အသင်း(မြစ်ကြီးနား)နှင့် ဖားကန့်အသင်းတို့၏ အကူအညီဖြင့် ဖေဖော်ဝါရီလ ၂၃ရက်တွင် မြစ်ကြီးနားမှ ရထားဖြင့် ခေါ်ဆောင်လာပြီး ၂၄ရက် နံနက်တွင် မန္တလေးတွင် ခေတ္တနားခိုခဲ့သည်။ ထိုမှတစ်ဆင့် နံနက် ၈နာရီတွင် မန္တလေးမှ ရခိုင်သို့ ကားလေးစီးဖြင့် ထွက်ခွာသွားကြသည်။

"ဘုန်းကြီးက ဝိုင်းမော်ကို တရားဟော သွားရင်းနဲ့တွေ့တာ။ တွေ့တော့ မေးကြည့်တယ်။ အဆင်မပြေဘူးဆိုပြီး ဝိုင်းပြော ကြတယ်။ နေရပ်ပြန်ချင်တယ်။ ပြန်ဖို့စရိတ်ကလည်း မရှိဘူး။ အလုပ်လုပ်တာလည်း ပိုက်ဆံမရဘူးလို့ ပြောကြတယ်။ အဲလိုတွေပြောနေတော့ ဘုန်းကြီးရင်ထဲ မကောင်းဘူး။ သူတို့မျက်နှာလေးတွေ ကြည့်တော့ညှိုးငယ်နေတယ် ။ဒါကြောင့် ဘုန်းကြီးရခိုင်ပြန်ပြီး လူမှုရေးအသင်းတွေနဲ့ ချိတ်တယ်။ ကွန်ရက်အဖွဲ့တွေနဲ့ဆက်သွယ်ပြီး သူတို့အကူအညီနဲ့ ခေါ်ခဲ့တာပါ" ဟု မင်းပြားမြို့နယ် ဥတ္တရာ ဆရာတော် အရှင်မဟိန္ဒက မဇ္ဈိမ ကိုမိန့်သည်။

၎င်းတို့သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလက တိုက်ခဲ့သော မုန်တိုင်းကြောင့် စိုက်ပျိုးမြေများအတွင်း ဆားငံရေဝင်သဖြင့် စိုက်ပျိုးမြေများပျက်စီးပြီး အလုပ်လက်မဲ့ဖြစ်ကာ မိသားစု စားဝတ်နေရေးအဆင် မပြေမှုများကြောင့် နေရပ်စွန့်ခွာ၍ ကချင်ပြည်နယ်သို့ သွားရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

အလုပ်လက်မဲ့ ဖြစ်နေသူများအား ယုဇနကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီက စရိတ်ငြိမ်း လာရောက်ခေါ်ယူခဲ့ကြသော်လည်း စားစရိတ်များနှိမ်၍ ရှင်းသောကြောင့် လစာမရရှိတော့ဘဲ လုပ်ကိုင်နေကြရပြီး အခက်အခဲပေါင်းစုံ ကြုံတွေ့နေကြသည်ဟု ရွှေ့ပြောင်း လုပ်သား ရွှေသန်းမောင်က ပြောသည်။

"ကျွန်တော်တို့ ယုဇနမှာ တစ်နှစ်လုပ်ခဲ့တယ်။ ခြောက်လစာပဲရတယ်။ ကျန်တဲ့လစာက စားစရိတ်ဖြတ်တယ်။ ခေါ်တုန်းက စရိတ်ငြိမ်းခေါ်တာပါ။ ခုလိုလုပ်လိုက်တော့ ဘာမှ အဆင်မပြေ တော့ဘူး။ လစာက တစ်ဦးကို ရှစ်သောင်းပေးမယ်ပြောပြီး ခေါ်ခိုင်းတာပါ။ တကယ်ပေးတော့ ခြောက်ဦး တစ်ဖွဲ့ကို ရှစ်သောင်းပဲရတယ်။ ဒါတွေကို နားမလည်ဘူး"ဟု လုပ်သား တစ်ဦးဖြစ်သူ အောင်ရွှေသိန်းက ပြောသည်။

ရွှေ့ပြောင်းလုပ်သားများသည် ကြံစိုက်ပျိုးခြင်းနှင့် ကြံကြိတ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ရပြီး လစာငွေအပြည့်မရ၍ အကြွေး မကျေသောကြောင့် လိုက်ခွင့်မရသော မိသားစုများလည်း ကျန်ခဲ့ကြောင်း၊ လုပ်ငန်းခွင်၌ ထိခိုက် မိမှုများ ရှိသော်လည်း စောင့်ရှောက်မှုများ မပေးသည့်အပြင် လုပ်ငန်းရပ်စဲခံရသူများလည်း ရှိကြောင်း သိရသည်။

နေရပ်ပြန်သူများကို မင်းပြားမြို့နယ် ဥတ္တရာ ဆရာတော် အရှင်မဟိန္ဒက လုပ်ကိုင်စားသောက်ရန် မြေနေရာနှင့် နေထိုင်ရန်အိမ်များ စီစဉ်ပေးသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရကိုလည်း တင်ပြအကူအညီ တောင်းသွားမည်ဟု ဆရာတော် အရှင် မဟိန္ဒက မိန့်ကြားသည်။

Mizzima Burmese