စားသောက်ဆိုင်များသို့ အခွန်ဘုတ်အဖွဲ့ ကွင်းဆင်း စစ်ဆေးခြင်းကို ကန့်ကွက်

ပို့စ်တင်ချိန် - 2/25/2014 02:45:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က ကေတီဗီနှင့် စင်တင် တေးဂီတ စားသောက်ဆိုင်များ၏ နေ့စဉ် ရောင်းချရသည့် အမြတ်ငွေများနှင့် သတ်မှတ်ထားသည့် အခွန်ဥပဒေများ အတိုင်း အတိအကျ ပေးဆောင်ခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းက ကန့်ကွက်ကြောင်း ယင်းအသင်း၏ အတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောကြားသည်။

ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင် စစ်ဆေးခြင်း ဖြစ်ပြီး ယင်းသို့ စစ်ဆေးမှုများသည် နည်းလမ်း မကျသည့်အတွက် အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စားသောက်ဆိုင်များထက် အခွန် ပမာဏ ပိုမို ရရှိနိုင်သည့် လုပ်ငန်းကြီးများ၊ ကုမ္ပဏီကြီးများကို ပိုမို စိစစ် ကြီးကြပ်သင့်ကြောင်း ၎င်းကဆိုသည်။

“အခွန် မဆောင်လို့ စစ်တာ မဟုတ်ပါဘူး။ အတိအကျ ပေး မပေးဘဲ စစ်တာပါ” ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ရှင်းပြသည်။

အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလတွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး နာမည်ကျော် ကုမ္ပဏီကြီးများ၏ အခွန် ပေးဆောင်မှုများကိုမူ အသေးစိတ် စစ်ဆေးမှု မပြုလုပ်ရသေးကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly