အဓမ္မ ပြုကျင့်ပြီး ဆိုင်ကယ် မောင်းပြေးဟု ယူဆရသူ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ရပ်ကွက် ဥက္ကဋ္ဌကို ဖမ်းမိ

ပို့စ်တင်ချိန် - 2/25/2014 02:07:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ထန်းတပင် မြို့နယ် ရန်ကုန်- ပုသိမ် ကားလမ်းဘေးရှိ မငေးစု ကျေးရွာထိပ်တွင် ဖေဖော်ဝါရီလ ၂၃ ရက် ည ၉ နာရီခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကို အဓမ္မ ပြုကျင့်ပြီး ဆိုင်ကယ် မောင်းနှင် ထွက်ပြေးသည်ဟု ယူဆရသည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ရပ်ကွက် ဥက္ကဋ္ဌ ဆိုသူကို ဆိုင်ကယ် ကယ်ရီသမားများက ဝိုင်းဝန်း ဖမ်းဆီးမိခဲ့ကြောင်း တက်သစ် နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီးငယ်ကို အလိုမတူ သားမယားအဖြစ် ပြုကျင့်ပြီး ဆိုင်ကယ်မောင်း ထွက်ပြေးသည်ဟု တိုင်ကြားခံရသူ အမျိုးသားမှာ လှိုင်သာယာ မြို့နယ်၊ အမှတ် (၇) ရပ်ကွက်တွင် နေသူ ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ရပ်ကွက် ဥက္ကဋ္ဌ အသက် (၃၀) ခန့်ရှိသူ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင် ဖြစ်ပြီး တွံတေးမြို့နယ်၊ ပန်းလှိုင်တံတား အောက်ရှိ ကျူးကျော်တဲများ ဖယ်ရှားခဲ့စဉ်က အကွက်ချ ပုံစံများ ပြုလုပ် ရောင်းချပြီး ကျူးကျော် တဲများတွင် နေထိုင်နိုင်ရန် အတွက် အိမ်ထောင်စုစာရင်း စာရွက် အတုများကို ၎င်းအမျိုးသား အပါအဝင် လေးဦးက လက်မှတ်များ ရေးထိုးပြီး ထုတ်ပေး ခဲ့သောကြောင့် ဖေဖော်ဝါရီလ ပထမပတ်က ခလောက်ချိုက် နယ်မြေ ရဲစခန်းမှ အမှုဖွင့် ခံထားရသူ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရုံးထံမှ သိရှိရသည်။

လှိုင်သာယာ မြို့နယ်၊ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သူ အထည်ချုပ် စက်ရုံတွင် အလုပ် လုပ်ကိုင်သူ အမျိုးသမီးငယ်သည် ယင်းနေ့ည ၈ နာရီခန့်က မိဘများ နေထိုင်ရာ ထန်းတစ်ပင် မြို့နယ်သို့ သွားရန် ဘတ်စ်ကား စောင့်နေစဉ် အသက် ၃၀ နှစ် အရွယ်ရှိ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင်က မော်တော် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး မိတ်ဆက် စကားပြော ကာလမ်း ကြုံသဖြင့် ဆိုင်ကယ်နောက်မှ လိုက်ပါ စီးနင်းနိုင်ကြောင်း ခေါ်ဆိုခဲ့၍ အမျိုးသမီးငယ်က လိုက်ပါ သွားခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက် ပြောကြားသည်။

ယင်းသို့ လိုက်ပါသွားစဉ် ထန်းတပင် မြို့နယ်၊ သီတာအေး လမ်းဆုံအရောက် ဆိုင်ကယ်မောင်းသူ အမျိုးသားက လှိုင်သာယာ မြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ တည်းခိုခန်းတွင် ပိုက်ဆံအိတ် မေ့ကျန်ခဲ့သဖြင့် ဆိုင်ကယ် ပြန်လှည့်ကာ ယူဆောင်ခဲ့စဉ် တည်းခိုခန်း အတွင်း၌ ပစ္စည်းတစ်ခု ပြစရာ တစ်ခုရှိကြောင်း ပြောဆို၍ အခန်းတွင်းသို့ ခေါ်ဆောင်ကာ အလိုမတူ အဓမ္မ ပြုကျင့်ခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

အဆိုပါ အမျိုးသမီးငယ်မှာ မငေးစု ကျေးရွာတွင် ဆိုင်ကယ်ကို ရပ်ပေးရန် ပြောဆိုသော်လည်း ဆိုင်ကယ်မောင်းသူ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင်မှ ဆိုင်ကယ် မရပ်ဘဲ ဆိုင်ကယ်ပေါ်မှ ခုန်ချကာ အော်ဟစ် အကူအညီ တောင်းသောကြောင့် မောင်းထွက်ပြေးသော ဆိုင်ကယ်နောက်သို့ ရွာထိပ်ရှိ ဆိုင်ကယ် ကယ်ရီ ဆယ်စီးခန့်က နောက်မှ လိုက်ကာ ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ဖမ်းဆီးခင်က ပါဝင်သူ အသက် ၂၅ နှစ် အရွယ် ဆိုင်ကယ် ကယ်ရီ မောင်းသူ အမျိုးသား တစ်ဦးက ပြောကြားသည်။

“သူ့ကို ဆိုင်ကယ်တွေနဲ့ ပိတ်ပြီး ဝိုင်းဖမ်းခဲ့ပြီး မေးမြန်းနေတုန်း ကောင်မလေးက ဖြစ်ကြောင်း ကုန်စင် ပြန်ပြောပြမှ မုဒိမ်းကျင့်ပြီး ထွက်ပြေးတဲ့ သူမှန်း သိခဲ့တာ။ အဲဒါကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ရဲလက် အပ်ခဲ့တာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“တရားခံကို ညတွင်းချင်းဘဲ တက်သစ် စခန်းကနေ လှိုင်သာယာ စခန်းကို လွှဲပေးခဲ့တယ်။ အလိုမတူ သားမယား အဖြစ် ပြုကျင်ခဲ့သူက ကျူးကျော် နေသူတွေကို အိမ်ထောင်စုစာရင်း စာရွက်တွေ အတုလုပ်ပြီး ထုတ်ပေးခဲ့မှုနဲ့ တွံတေးမြို့နယ်မှာ အမှုဖွင့်ထားသူ ဖြစ်ပြီး အခု လှိုင်သာယာမှာ ထပ်မံ အပြစ် ကျူးလွန်ခဲ့တာကြောင့် ပြစ်မှု အားလုံးကို ဥပဒေနဲ့အညီ ဆက်လက် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်” လှိုင်သာယာ မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ အဓမ္မ ပြုကျင့်ပြီး ထွက်ပြေးသည်ဟု ဆိုကာ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင်ကို လှိုင်သာယာ မြို့မ ရဲစခန်းမှ (ပ) ၂၂၇/ ၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိပြီး တွံတေး မြို့နယ်၊ ခလောက်ချိုက် နယ်မြေ ရဲစခန်းမှ အိမ်ထောင်စုစာရင်း စာရွက်များ အတုပြုလုပ် လက်မှတ် ရေးထိုးမှုဖြင့် (ပ) ၂၈/ ၁၄၊ ပုဒ်မ ၄၂၀/ ၄၆၈ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly