အိမ်ကွင်းမှာ ပေးလိုက်ရတဲ့ ပယ်နယ်တီသုံးလုံးကြောင့် လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ပို့စ်တင်ချိန် - 3/17/2014 01:26:00 PM


လီဗာပူးလ်အသင်းဟာ ဒီနှစ်မှာ ချန်ပီယံဆုကို ပြန်လည်ရရှိဖို့ အကြီးမားဆုံးစိန်ခေါ်မှုပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းကို အိုးထရက်ဖို့ ဒ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲအနိုင်ရရှိခဲ့တဲ့အတွက် လီဗာပူးလ်အသင်းဟာ ဇယားထိပ်ဆုံးက ချယ်လ်ဆီးအသင်းနဲ တစ်ပွဲလျော့ လေးမှတ်သာ ကွာဟတော့ပြီး ချန်ပီယံဆုကို အကောင်းဆုံး ခြိမ်းခြောက် နိုင်တဲ့ အနေအထားကို ရောက်ရှိခဲ့ပါတယ်။

ဘရန်ဒန်ရော်ဂျာရဲ့ လီဗာပူးလ်အသင်းဟာ ဒီပွဲစဉ်မှာ ပယ်နယ်တီသုံးလုံးရရှိခဲ့ပြီး အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ပယ်နယ်တီသုံးလုံးစလုံး ကန်သွင်းခဲ့ရာမှာ နှစ်လုံးသာဝင်ခဲ့လို့ ပွဲစဉ်တစ်ပွဲထဲ ပယ်နယ်တီ သုံးလုံးနဲ့ ဂိုးသွင်းနိုင်တဲ့ကစားသမားအဖြစ် စံချိန်တင်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဗီဒစ်ဟာ ပွဲချိန် ၇၆ မိနစ်မှာ ၂ ၀ါ ၁ နီနဲ့ ထွက်လိုက်ရသလို နောက်ခံလူ ရာဖေးလ်လည်း အ၀ါကတ်ပြ သတိပေးခြင်းခံခဲ့ရပါတယ်။ ၃၃ မိနစ်မှာ ရာဖေးလ်ရဲ့ လက်ထိဘော ကြောင့်ပေးလိုက်ရတဲ့ ပယ်နယ်တီကို စတီဗင်ဂျရတ်က ညာဘက်အပေါ်ထောင့်ကို ကန်သွင်းကာ ၀-၁ ဂိုးနဲ့  ကြိုးကြာနီတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာပဲ ဖီးလ်ဂျုံးစ်ကြောင့် ပေးလိုက်ရတဲ့ ပယ်နယ်တီကို စတီဗင်ဂျရတ်ကပဲ ကန်သွင်းကာ ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နှစ်ဂိုး ပေးလိုက်ရတဲ့ သရဲနီတို့ ဟာ ပြန်လည်တိုက်စစ်ဆင်ကစားဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘရန်ဒန်ရော်ဂျာရဲ့ ကစားကွက် အောက်က မရုန်းထွက်နိုင်ခဲ့ပါဘူး။ ပွဲချိန် ၇၆ မိနစ်မှာ မန်ယူအသင်းခေါင်းဆောင် ဗီဒစ်ကြောင့် တတိယမြောက် ပယ်နယ်တီကို လီဗာပူးလ်အသင်း ရရှိခဲ့ပြီး စတီဗင်ဂျရတ်ကပဲ ကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်သွားခဲ့တဲ့ အတွက် ပယ်နယ်တီသုံးလုံးဂိုးသွင်းယူနိုင်တဲ့ကစားသမား မှတ်တမ်းကို မရရှိခဲ့ပါဘူး။ ၈၃ မိနစ်မှာတော့ ဒန်နီယယ်စတာရစ် ပေးပို့ တဲ့ဘောလုံးကို လူးဝစ်ဆွာရက်ဇ်က သွင်းယူခဲ့တဲ့အတွက် ၀ - ၃ နဲ့ လီဗာပူးလ် အသင်းက အနိုင်ရရှိသွားခဲ့တာပါ။ လူးဝစ်ဆွာရက်ဇ်ဟာ ဒီပွဲမှာ တစ်ဂိုးသွင်းယူခဲ့တဲ့အတွက် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာ ၂၆ ဂိုးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူးလ်အသင်းတို့ ပွဲစဉ်မှာ လီဗာပူးလ်ပရိတ်သတ်တွေဟာ "ဒေးဗစ်မိုရက်စ်က ဘောလုံးဆရာကြီး" ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ကာ လှောင်ပြောင်သရော်ခဲ့ကြတာကို တွေ့ မြင်ရပါတယ်။

Ref: bbc.com
Trend Myanmar