ဒဂုံဆိပ်ကမ်းက ပရဟိတဆေးခန်း ကျူးကျော်ဆောက်လုပ်ခဲ့၍ စည်ပင်က တရားစွဲဒဏ်တပ်

ပို့စ်တင်ချိန် - 3/17/2014 10:51:00 AM


ရွှေသန်လျင် နာရေးကူညီမှုက ဖွင့်လှစ်ထားတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက အခမဲ့ဆေးခန်းဟာ ကျူးကျော် ဆောက်လုပ်ထားတာဖြစ်လို့ မြို့နယ်စည်ပင်ကနေ နှစ်ကြိမ်တိုင်တိုင် တရားစွဲပြီး ဒဏ်ရိုက်ခဲ့ပါတယ်။ အများပြည်သူကို ကူညီနေတာကြောင့် စည်ပင်က တားမြစ်ခွင့်မရှိဘူးလို့ ဘာ့ကြောင့် ပြောတာလဲ။

ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားတာကြောင့် တားမြစ်နယ်မြေအဖြစ် မြို့နယ်စည်ပင်က သတ်မှတ်ထားတဲ့ မြေကွက်ပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ရက်နေ့က ရွှေသန်လျင်နာရေးကူညီမှု ပရဟိတအသင်းက ဖွင့်လှစ်ခဲ့ပြီး နောက်တစ်ရက်မှာပဲ တရားစွဲခံခဲ့ရပါတယ်။

တရားနှစ်ခါစွဲခံရပြီး ဒဏ်ငွေ နှစ်ခါဆောင်ပြီးတဲ့နောက်မှာတော့ ရွှေသန်လျင် နာရေးပရဟိတ အသင်း ဥက္ကဌက ဆင်းရဲသားပြည်သူတွေကို ကျန်းမာရေးနဲ့ ငွေကြေး ကူညီထောက်ပံ့နေတဲ့အတွက် သူတို့ဖွင့်ထားတဲ့ဆေးခန်းကို တားမြစ်ခွင့်မရှိဘူးလို့ဆိုပြန်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ရပ်ကွက်မှာ နေထိုင်သူ မဇာနည်ကတော့ ပရဟိတဆေးခန်းကို ဖျက်တာ လုံးဝလက်မခံနိုင်ဘဲ စည်ပင်ရဲ့တားမြစ်မှုကို တားဆီးဟန့်တားသွားမယ်လို့ ဆိုပါတယ်။

၈၈ရပ်ကွက်ထဲမှာ ကျူးကျော်ဈေးဆိုင်တွေနဲ့ ကျူးကျော်နေထိုင်သူတွေ အများကြီးရှိပြီး နေ့စဉ် လူနာ ၅ဝလောက်ကို အခမဲ့ဆေးကုခန်းကနေ ကုသပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။

Kamayut Media