ဒီမိုကရေစီနှင့် လူ့အခွင့်ရေးအတွက် တံတားနီနေ့ကို မမေ့ရန် ဒေါ်စုတိုက်တွန်း

ပို့စ်တင်ချိန် - 3/17/2014 03:07:00 PM


မြန်မာနိုင်ငံရေးတွင် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးတာဝန်များကို ဆုံးခန်းတိုင် ဆက်လက် တာဝန်ယူကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၆ ရက် အင်းလျားကန်ပေါင် တွင်ကျင်းပသည့် တံတားနီအရေးအခင်း ၂၆ နှစ်ပြည့် အခမ်းအနားသို့ သ၀ဏ်လွှာပေးပို့ တိုက်တွန်း လိုက်သည်။

တံတားနီနေ့အပါအ၀င် အထိမ်းအမှတ်နေ့များသည် သမိုင်းရေးရာတန်ဖိုးနှင့် အချက်အလက်များကို မမေ့လျော့စေရေးနှင့် ယနေ့ခေတ်သမိုင်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရန်၊ ကျေပွန်ရန်ဆိုသည့် ရည်ရွယ်ချက်များလည်း ရှိကြမည်ဟု ယုံကြည်ရန် အဆိုပါသ၀ဏ်လွှာကို ပေးပို့လိုက်ခြင်းဖြစ်သည်ဟု သ၀ဏ်လွှာတွင် ပါရှိသည်။

“လွန်ခဲ့တဲ့ ၂၆ နှစ်က အင်းလျားကန်ပေါင်ဘေးမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်က တိုင်းပြည်တစ်ခုလုံးရဲ့ လူမှုရေး၊ စီးပွားရေး နိုင်ငံရေးနဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေတွေကို ဖော်ထုတ်လှစ်ဟလိုက်တာပါ။ အဲဒီနေ့ အဲဒီအချိန်က ပါဝင်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေဟာ အခုဆိုရင် အသက် ၄၀ ကျော် လူကြီး တွေဖြစ်လာပါပြီ။ ကျွန်မတို့ရဲ့ နောင်လာနောက်သား ကျောင်းသားလူငယ်တွေကို ဘယ်လိုအမွေပေးချင် လဲဆိုတာကို ဒီခေတ်လူကြီးတွေ ဆုံးဖြတ်ရမယ့် တာဝန်ဖြစ်လာပါပြီ”ဟု သ၀ဏ်လွှာတွင် ဆိုထားသည်။

ကျောင်းသားလှုပ်ရှားမှုများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် ကျောင်းသားများ သွေးမြေကျခဲ့ ရသည့် ဖြစ်စဉ် ၂၆ နှစ်ပြည့်ကို အမှတ်ရစေရန်အတွက် တက်ရောက်လာသော ကျောင်းသားလူငယ် ၁၆ ဖွဲ့အား ခွပ်ဒေါင်းအလံ (သမဂ္ဂအလံ)များကို လက်ဆောင်ပေးအပ်ခဲ့သည်ဟု 141 plus အဖွဲ့မှ နိုင်ငံရေး လှုပ်ရှားမှုကော်မတီ ကိုယ်စားလှယ်ဦးစိုင်းထင်ကျော်က ပြောသည်။

“သမိုင်းအထောက်အထား အဖြစ်အပျက်တွေကို မျိုးဆက်တွေကို လွှဲပြောင်းပေးအပ်တဲ့အနေနဲ့ သမဂ္ဂ အလံတွေ လက်ဆောင်ပေးတာပါ”ဟု ၎င်းက ဆိုသည်။

တံတားနီနေ့ အခမ်းအနား ကျင်းပနိုင်ရန် လှိုင်မြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ မတ်လ ၇ ရက်တွင် ခွင့်ပြုချက် တောင်းခံခဲ့ကာ မတ်လ ၁၃ ရက်တွင် ငြင်းဆန်ခဲ့သည်။ တိုင်းရဲတပ်ဖွဲ့သို့ ထပ်မံအယူခံဝင်ခဲ့သော်လည်း အကြောင်းပြန်ချက် မရရှိခဲ့ပေ။ ခွင့်ပြုချက်ရရှိခြင်းမရှိဘဲ တံတားနီနေ့အခမ်းအနား အစီအစဉ်များ ကြေ ညာနေသည့်အချိန်တွင် လှိုင်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူက ခွင့်ပြုမိန့်ကို လာရောက်ပေးခဲ့ခြင်းဖြစ် သည်။

အဆိုပါအခမ်းအနားကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ဦးမြအေးအပါအ၀င် နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူ ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

တံတားနီအရေးအခင်းသည် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံး ပြီးနောက် မတ်လအတွင်း ဒုတိယအကြိမ် ကျောင်းသား၊ ကျောင်းသူများ သွေးမြေကျခဲ့ရသည့် အမှတ်တ ရနေ့ ဖြစ်သည်။

Mizzima Burmese