ပျက်ရယ်ပြုခံနေရသည့် ဆေးလိပ်မသောက်ရ စာတန်းများ

ပို့စ်တင်ချိန် - 3/17/2014 05:34:00 PM


မောင်ဒိုး (ကံပေါက်)

ဗေဒါနှင့်ရွှေကြာ ဆွေးနွေးခန်း

ရွှေကြာ ။ ။ ဒီနေ့ထုတ်တဲ့ အစိုးရသတင်းစာတွေမှာ ဆေးလိပ်သောက်တဲ့သူတွေနဲ့ပတ်သက်တဲ့ ကြော် ငြာစာ ထုတ်ပြန်ထားတာ ဖတ်လိုက်ရတယ်။
ဗေဒါ ။ ။ ဆိုစမ်းပါဦး...။ ဘာတွေများ ပြောထားလို့လဲ။

ရွှေကြာ ။ ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန်ကြော်ငြာစာပါ။ ကြေညာချက်အရဆိုရင်တော့ လူအများ မြင်သာတဲ့နေရာတွေမှာ ဆေးလိပ်သောက်ခွင့်ရှိတဲ့ သီးသန့်နေရာတွေကို ဖော်ညွှန်းတဲ့ “ဆေးလိပ် သောက်ခွင့်ရှိသောနေရာ” ၊ “ဤနေရာမှကျော်လွန်၍ ဆေးလိပ်မသောက်ရ”၊ “ဆေးလိပ်သောက်လျှင် ဥပဒေအရ အပြစ်ပေးခြင်းခံရမည်”၊ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါ သည်” ဆိုတဲ့ စာတန်းအမှတ်အသားနဲ့ ဆိုင်းဘုတ်တွေကို ထင်ထင်ရှားရှား ရေးရမယ်ဆိုပြီး ပြောထား တာဗျ။
ဗေဒါ ။ ။ ဟ ...ဟ ... ဒီလိုဆိုရင်တော့ လူရှေ့မရှောင်၊ သူရှေ့မရှောင် စည်းမဲ့ကမ်းမဲ့ မီးခိုးမွှန်အောင် သောက်နေကြတဲ့သူတွေအတွက် ဘေးကျပ်နံကျပ် ဖြစ်ကြတော့မှာပေါ့။

ရွှေကြာ ။ ။ အင်း ...ကျွန်တော်တို့နိုင်ငံမှာ ဒီလိုကြော်ငြာစာတွေ၊ အမိန့်ညွှန်ကြားချက်တွေ၊ ဆိုင်းဘုတ် စာတန်းတွေ ထုတ်ဖန်များလွန်းလို့ ရိုးအီနေပါပြီ။ “မလိုက်နာပါက ပြင်းထန်စွာ အရေးယူမည်။ ထိထိ ရောက်ရောက် ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်” ဆိုတာတွေ တစ်ချိန်လုံးပြောနေတာပဲ။ ဒါပေမဲ့ ကြုံးဝါးထား တဲ့အတိုင်း အရေးယူတာမျိုး ဘယ်တော့မှမလုပ်ဘူးဆိုတော့ စည်းကမ်းမဲ့သူတွေက လွယ်လွယ်ကူကူနဲ့ တားမြစ်ချက်တွေကို ဖောက်ဖျက်နေကြတာပေါ့ဗျာ။ အခုလို ကြေညာချက်မျိုးကတော့ ပျင်းတောင်ပျင်း သေးတယ်လို့ ပြောနေကြမှာ မြင်ယောင်ပါသေးတယ် ...ဟ ...ဟ။
ဗေဒါ ။ ။ ဟုတ်တယ်ဗျ။ အများပြည်သူတွေ နေ့တိုင်းစီးနေရတဲ့ ဘတ်စ်ကားတွေပေါ်မှာ ဆေးလိပ် မသောက်ရ၊ ကွမ်းတံတွေးမထွေးရ၊ ကားလမ်းမပေါ် အမှိုက်မပစ်ရဆိုတဲ့ စာတန်းကြီးတွေကပ်ထားတာ ဟိန်းထနေတာပဲ။ ဒါပေမဲ့ ယာဉ်မောင်းက ဆေးလိပ်လက်ကြားကမချတာ၊ စပယ်ယာက ကားပေါ်က အမှိုက်တွေ လမ်းမပေါ်ပစ်ချတာ၊ ယာဉ်မောင်းကော စပယ်ယာပါ နှစ်ယောက်စလုံး ကွမ်းတံတွေး တဗျစ် ဗျစ်နဲ့ ခရီးသည်တွေကို အားနာမှုမရှိဘဲ ထွေးနေတာတွေက နေ့တိုင်းကြုံနေရတဲ့ကိစ္စဗျ။

ရွှေကြာ ။ ။ ဆေးလိပ်သောက်တဲ့သူက ကိုယ့်ဘာသာကိုယ် ရောဂါရှာပြီး အဆုတ်ရောဂါတွေရသွားတာ က ကိစ္စမရှိပေမယ့် တစ်ဆင့်ခံဆေးလိပ်အငွေ့တွေကို ရှူရှိုက်မိလို့ ရောဂါရသွားတဲ့လူအဖို့က ပိုပြီး ရင်နာ စရာကောင်းတယ်။ ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း ဆေးလိပ်ငွေ့ မကြာခဏရှူရှိုက်နေရတာများလာ ရင် မွေးလာတဲ့သန္ဓေသားက ပေါင်မပြည့်တာတွေဖြစ်နိုင်တယ်။ ကလေးငယ်တွေဆိုရင်လည်း အဆုတ်နဲ့ ပတ်သက်တဲ့ရောဂါတွေ ရနိုင်တယ်။ ကင်ဆာကြောင့် သေတဲ့လူတွေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ဟာ ဆေး လိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲသူတွေ ဖြစ်တယ်ဆိုတာ ကျန်းမာရေးဌာနကလည်း ခဏခဏ ပညာပေးနေ တာပဲ။ ဆေးလိပ်သောက်တဲ့သူတွေကိုယ်နှိုက်က စည်းကမ်းမဲ့ကြတာပါဗျာ။ ကိုယ်သောက်တတ်ရင် လည်း လူတွေနဲ့ လွတ်လွတ်ကင်းကင်းနေရာမှာ သွားသောက်ကြပေါ့ဗျာ။
ဗေဒါ ။ ။ တကယ်တမ်းကျတော့ “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ” ဆိုတာကို အရင်အစိုးရလက်ထက်၂၀၀၆ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားပြီးသားဗျ။ ဒါပေမဲ့ အာ ဏာပိုင်အဆင့်ဆင့်က ထိထိရောက်ရောက် မကိုင်တွယ်လို့ ဒီလို ဖြစ်နေကြတာပါ။ ဒီကိစ္စကို ပြီးခဲ့တဲ့နှစ် က အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ကြသေးတယ်။ ဒါပေမဲ့ ဒီဥပဒေနဲ့ပတ်သက်ပြီး ဆက်လက် အကောင်အထည်ဖော်မယ့် နည်းဥပဒေ မရေးဆွဲနိုင်သေးတော့လည်း စည်းကမ်းမဲ့ဆေးလိပ်သောက်တဲ့ သူတွေက ပန်းပန်လျက်ပေါ့ဗျာ။
ဗေဒါ ။ ။ နိုင်ငံတကာမှာလည်း ဆေးလိပ်နဲ့ဆေးရွက်ကြီးကြောင့် ကျန်းမာရေအရ ထိခိုက်မှုတွေအများ ကြီး ကြုံနေရတယ်ဆိုတာ သတင်းတွေလည်း ရေးသားနေကြတာပဲ။

ရွှေကြာ ။ ။ ဟုတ်တယ်လေ။ မှတ်တမ်းတွေအရဆိုရင် ဆေးလိပ်နဲ့ဆေးရွက်ကြီးက ထွက်တဲ့ပစ္စည်းတွေ သုံးစွဲလို့သေဆုံးတဲ့လူဦးရေဟာ ဒီကနေ့အထိဆိုရင် သန်း ၁၀၀ လောက်ရှိပြီလို့ ဖော်ပြထားတယ်။ WHO ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဒီပြဿနာကြောင့် တစ်နှစ်ကို လူခြောက်သန်းနီးပါး သေဆုံးနေတယ်။ ခြောက်စက္ကန့်ကို တစ်ယောက်နှုန်းလောက် သေနေတယ်။ ဒီအရေအတွက်ဟာ အရက်သောက်လို့သေ တဲ့လူတွေထက် ထက်ဝက်ကျော် များတယ်။ ဆေးလိပ်နဲ့ဆေးရွက်ကြီးကထွက်တဲ့ အခိုးအငွေ့၊ ဘေး ထွက်ဆိုးကျိုးတွေကြောင့် အသားလွတ် သေဆုံးတဲ့ရတဲ့ဦးရေက ခြောက်သိန်းကျော် ရှိတယ်ဗျ။ ဆေး လိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်းတွေရဲ့ အန္တရာယ်ကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ဘူးဆိုရင် ၂၁ ရာစုအတွင်းမှာ လူဦးရေ သန်းတစ်ထောင်နဲ့အထက် သေဆုံးနိုင်တယ်လို့ WHO ရဲ့ ပညာရှင်တွေက သတိပေးထား ကြေညာထားသေးတယ်။ ကဲ ဒီလောက် လန့်ဖြန့်စရာကောင်းတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင် ဆေးလိပ်ကပေးတဲ့ဆိုးကျိုးက ရင်တုန်စရာကောင်းမနေဘူးလား။
ဗေဒါ ။ ။ ဒီလိုဆိုရင်ဗျာ အများပြည်သူတွေအတွက် ဒီလောက်တောင် အန္တရာယ်များနေတာ။ အခုပြ ဋ္ဌာန်းထားတဲ့ဥပဒေတွေက ဘာဖြစ်လို့ အကျိုးသက်ရောက်မှု မရှိတာလဲ။

ရွှေကြာ ။ ။ အသက် ၁၈ နှစ်အောက် လူငယ်တွေကို ဆေးလိပ်နဲ့အရက် ရောင်းချတာ မလုပ်ရဘူး။ လူ ငယ်တွေနဲ့ ဆေးလိပ်၊ အရက်ကြော်ငြာတာတွေ မလုပ်ရဘူးလို့ တားမြစ်ထားပြီးသားပါ။ ဒါပေမဲ့ လက် တွေ့ကျတော့ အကုန်လုံး ပြောင်းပြန်တွေချည်းပဲဗျ။ မနက်ကျောင်းမတက်ခင် ကျောင်းအနားပတ်ဝန်း ကျင်က လက်ဖက်ရည်ဆိုင်တွေ၊ အနီးအနားတွေမှာ ဖြူစိမ်းဝတ်လူငယ်တွေ စီးကရက်လက်ကြားညှပ်ပြီး စတိုင်ထုတ်နေတာ၊ ကွမ်းယာဆိုင်ကအစ ... စတိုးဆိုင်တွေအထိ နေရာတကာမှာ လူငယ်လေးတွေကို ဆေးလိပ်ရောင်းနေတာ နေ့တိုင်း တွေ့နေရတာပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင်တော့ လူငယ်တွေ အတွက် ရင်လေးစရာကောင်းနေဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နောက်တစ်ဆင့်တက်သွားရင် မူးယစ် ဆေးဝါးပဲလေ။ ဒီတော့ အစိုးရအနေနဲ့ ကုမ္ပဏီတွေကို ပြည်တွင်းမှာ စီးကရက်စက်ရုံတွေကို ထပ်ပြီးတိုး ချဲ့၊ ရင်းနှီးမြှုပ်နှံတာတွေကို ခွင့်မပြုသင့်ဘူး။ တည်ဆဲဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေပါ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရင် ကျုးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လို တယ်။ ဒီလိုမှမဟုတ်ရင်တော့ ဆေးလိပ်မသောက်ရစာတန်းတွေက လူတွေကို ပျက်ရယ်ပြုနေကြလိမ့် မယ်လို့ ပြောချင်ပါတယ်ဗျာ။ ။

Mizzima Burmese